.

AlinShin

Sunday, April 28, 2013

တရုတ်နှင့် ဆက်ဆံရေးတွင် သဘောထား တင်းမာသူ ဆာမူရိုင်းဝန်ကြီးချုပ် မြန်မာပြည်လာမည်

သူဝန်ကြီးချုပ် ပထမအကြိမ်မဖြစ်ခင်ကတည်းက သူမိန်းမက မန္တလေးထိလာပြီး ကျောင်းတွေဘာတွေ လာဆောက်လှူတန်းသွားဘူးတယ်။
တရုတ်နှင့် ဆက်ဆံရေးတွင် သဘောထား တင်းမာသူ ဆာမူရိုင်းဝန်ကြီးချုပ် မြန်မာပြည်လာမည်

 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို မြှင့်တင်ရန်အတွက် လာရောက်ခြင်း ဖြစ်သည်ဟု ဆို...

 Eleven  Created on Friday, 26 April 2013 16:43   
 
တရုတ်နှင့် ဆက်ဆံရေးတွင် တင်းမာသည်ဟု ယူဆရဖွယ်ရှိသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံသို့ လာမည့် မေလအတွင်း လာရောက်မည်ဟု ဂျပန်မီဒီယာများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်ထားပုံရသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် မေ ၂၅ နှင့် ၂၆ ရက်များတွင် ဖြစ်နိုင်ဖွယ်ရှိသည်။

 ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုကို မြှင့်တင်ရန်အတွက် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံ အဆောက်အအုံ ကဏ္ဍတွင် ဂျပန်နိုင်ငံ၏ ကူညီမှုများနှင့် ပတ်သက်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူနည်းစု ဒေသများတွင် ကျောင်းများ ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးခြင်း စသည့် အစီအစဉ်ကိုလည်း ခရီးစဉ်အတွင်း ကြေညာဖွယ်ရှိသည်ဟု သိရသည်။

ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှုသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်မည်ဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် ဂျပန်ဝန်ကြီးချုပ် တာကီယိုဖုကုဒသည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

ဂျပန်ဝန်ကြီးချုပ်သည် ပြီးခဲ့သည့် သီတင်းပတ်များက ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ထပ်မံတွေ့ဆုံ သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီး နောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်လာ၍ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် ကူညီထောက်ပံ့မှုများကို ပိုမိုပြုလုပ်လာခဲ့သည်။ မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုလည်း လျော်ပစ်ခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် စီးပွားရေး တိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အနာဂတ် တည်ဆောက်ရေးတွင် ကူညီမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်။

ရှင်ဇိုအာဘေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသည့် ပထမဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ရှင်ဇိုအာဘေးသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလမှ ၂၀၀၇ ခုနှစ် စက်တင်ဘာလအထိ ဂျပန်ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း အငယ်ဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ ဂျပန် စစ်ရာဇ၀တ်သားများကို မြှုပ်နှံထားသော ရာစုကုနိ ဂူဗိမာန်ကို ရှင်ဇိုအာဘေးက သွားရောက်လည်ပတ် ခဲ့သည်ဟု ဂျပန်မီဒီယာများက ၂၀၀၆ ခုနှစ် သြဂုတ်လတွင် ဖော်ပြခဲ့ရာ ဂျပန်နှင့် တောင်ကိုရီးယား အစိုးရတို့က အဆိုပါ သွားရောက်လည်ပတ်မှုအတွက် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့အတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နိုင်ငံခြားရေးဝန်ကြီး တာယိုအာဆိုတို့က ရာစုကုနိသို့ သွားရောက်လည်ပတ်မှု မှန်သမျသည် ပြည်တွင်းရေးသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

သို့ရာတွင် ရှင်ဇိုအာဘေးသည် ၀န်ကြီးချုပ်သက်တမ်း တစ်နှစ်အတွင်း အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့၏ ငွေကြေးအရှုပ်တော်ပုံနှင့် ကိုယ့်ကိုယ်ကို သတ်သေမှု၊ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် အာဘေး၏ ပါတီ အကြီးအကျယ် ရှုံးနိမ့်မှုတို့သည် ပြည်သူအကြား ရေပန်းမစားတော့ဘဲ ရှိလာရာ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် ရှင်ဇိုအာဘေးက ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာခဲ့သည်။

ရှင်ဇိုအာဘေးသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် ဂျပန်လွှတ်တော်က ရှင်ဇိုအာဘေးအား ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည့်အတွက် ၎င်းသည် ဂျပန်ဝန်ကြီးချုပ် တစ်ဖန် ပြန်ဖြစ်လာခဲ့သည်။

ရှင်ဇိုအာဘေးက ၎င်း၏ ပထမဦးဆုံး ဦးစားပေးမှာ အားနည်းနေသော ဂျပန်နိုင်ငံ၏ စီးပွားရေး တိုးတက်ကောင်းမွန် လာရေးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရေးကို အားပေးသည့် စီးပွားရေး မူဝါဒများကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ပြောသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထက်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာလည်း တိုးတက်ကောင်းမွန်လာခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလမှ စ၍ ဂျပန်နိုင်ငံ၏ စတော့ဈေးကွက်မှာ ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရသည်။

ရှင်ဇိုအာဘေးသည် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သူတစ်ဦး အဖြစ်လည်း ထင်ရှားသူ တစ်ဦးဖြစ်ပြီး ဂျပန်စစ်ရာဇ၀တ်သားများကို မြှုပ်နှံ ထားသည့် ရာစုကုနိ ဂူဗိမာန်ကို လာမည့် သြဂုတ်လတွင် ထပ်မံ၍ သွားရောက်လည်ပတ်ဖွယ် ရှိသည်ဟုလည်း အရိပ်အမြွက် ထုတ်ဖော် ပြောကြားထားသည်။

Like ·

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget