.

AlinShin

Wednesday, October 29, 2014

ကျန်စာထဲက စဏ္ဍလရွာ သို့မဟုတ် ဒဏ္ဍာရီထဲမှာကျန်ခဲ့ပြီ



မင်းသူအောင်

စဏ္ဍာလရွာတဲ့။ စဏ္ဍာလများ နေထိုင်ရာ ရွာပေါ့။ ဘေးရွာတွေက အဲဒီလို သမုတ်ခဲ့ကြတယ်။ ဒါပေမဲ့ အခု အဲဒါက သမိုင်း ဖြစ်သွားပြီ။ အခု အခြေအနေတွေနဲ့ ယှဉ်ကြည့် လိုက်ရင်တော့ စဏ္ဍာလရွာ ဖြစ်ခဲ့တယ် ဆိုတာဟာ ဒဏ္ဍာရီ တစ်ခုလိုပါပဲ။

ရွာဝင်ဝင်ချင်း တွေ့ရမှာက အပြာရောင် သွပ်မိုးနဲ့ ဘုန်းတော်ကြီးကျောင်း။ သူ့ဘေးကတော့ အစိမ်းရောင် သွပ်မိုးနဲ့ မူလတန်းကျောင်း။ ပြီးတော့ လုပ်လက်စ ရွာအ၀င် ဆိုင်းဘုတ်။ နောက်တော့ သွပ်မိုးနဲ့ နှစ်ထပ် အိမ်တချို့။ ထန်းရွက် မိုးအိမ်တချို့။

စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည် မြို့နယ်ထဲမှာ ရှိတဲ့ အဲဒီရွာရဲ့ နာမည် အဟောင်းက ဘန့်ဘွေး ကုန်းရွာ။ အခု ဆိုင်းဘုတ်မှာတော့ အောင်မင်္ဂလာရွာ ဖြစ်သွားပြီ။ ရွာထဲကို လျှောက်ဝင်လာပြီ ဆိုရင်တော့ အိမ်တချို့မှာ ဆိုလာပြားတွေ တပ်ဆင် ထားတာကို တွေ့ရပါတယ်။

““ဒီလို အခြေအနေ ဖြစ်လာအောင် ကျုပ်တို့ ကုန်းရုန်းပြီး လုပ်ခဲ့ရတယ်”” လို့ သက်လတ်ပိုင်း အရွယ် အောင်မင်္ဂလာ ရွာသား ဦးမြင့်က ဂုဏ်ယူတဲ့ လေသံနဲ့ ပြောပါတယ်။

သူတို့ရွာရဲ့ သမိုင်းကြောင်းကို ပြန်လှန် ရရင်တော့ သူတို့ရွာကို မြန်မာ သက္ကရာဇ် (၁၂၈၀) လောက်က မိသားစု သုံးစုနဲ့ စပြီး တည်ထောင် ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာက အဆက်အနွှယ်တွေလို့ ဆိုပါတယ်။ အဲဒီမိသားစု သုံးစုက လက်ရှိ သူတို့ နေနေတဲ့ ရွာရှိတဲ့ ရွှေကူ ဘုရားကြီး အနား ရောက်လာကြပါတယ်။ ဘုရားကြီးနားမှာ နေချင်ကြောင်း ရွှေကူ ကျောင်းဆရာတော်ကို လျှောက်ထားတော့ ဆရာတော်က ခွင့်ပြုလိုက်တဲ့ အတွက် ရွှေကူ ဘုရား ဘေးပတ်လည်က ၀ါးရုံတောမှာ အမိုးလေးတွေ မိုးပြီး နေကြတော့တယ်။

ပြီးတော့ ဘုရားကြီးမှာ ကပ်ထားတဲ့ ဆွမ်းဟင်း၊ ဆွမ်းထမင်းကို စားပြီး နေလာခဲ့ကြပြီးတဲ့ နောက်မှာ တောင်းရမ်း စားသောက်ခြင်း ကိုလည်း လုပ်ကိုင် လာကြတယ်လို့ ရွာခံတွေက ပြောပါတယ်။

““ရှေးလူကြီးတွေက ပျင်းလို့ အဲဒီလို လုပ်စား ခဲ့ကြတာပါ”” လို့ အသက် (၆၀) ကျော်အရွယ် ဒေါ်လှတုတ်က တောင်းရမ်း စားသောက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဘေးနားက ရွာတွေရဲ့ အဆိုအရ ဆိုရင်တော့ အောင်မင်္ဂလာလို့ နာမည် ပြောင်းထားတဲ့ သူတို့ ရွာက ရွာသားတွေဟာ ကျိန်စာ သင့်ပြီးတော့ တစ်နှစ်မှာ တစ်ကြိမ် လောက်တော့ မဖြစ်မနေ တောင်းရမ်း စားသောက် ရတယ်လို့ ဆိုပါတယ်။ အကယ်၍များ တစ်နှစ် တစ်ကြိမ် မတောင်းရမ်းခဲ့ဘူး ဆိုရင် အနာရောဂါ စွဲကပ်တာတွေ ဖြစ်နိုင်သလို၊ စီးပွား ပျက်တာတွေလည်း ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် မတောင်းရမ်းနိုင်တဲ့ လူတွေက တောင်းရမ်းတဲ့ လူဆီက ဆန်စတဲ့ ပစ္စည်းတစ်ခုခုနဲ့ ကိုယ့်ရဲ့စပါးကျည်ကို ပက်ကြဲ ရတယ်လို့ ဘေးနားက ရွာတွေက ဆိုကြပါတယ်။

ဒါပေမဲ့ ဒေါ်လှတုတ် ကတော့ ““အဖွားဆိုရင် အသက် (၆၀) ကျော်ပြီ။ ဖြစ်မယ်ဆိုရင် ဖြစ်ပြီပေါ့””လို့ ဒေါနဲ့မာန်နဲ့ ပြောပါတယ်။

သူဆိုရင် တောင်းရမ်း စားသောက်ခြင်း မလုပ်တော့တာ တစ်သက်နဲ့ တစ်ကိုယ် ရှိပြီလို့ ပြောပါတယ်။ တောင်းရမ်းတာကို စွန့်လွှတ် လိုက်တဲ့ အတွက် သူတို့ တစ်တွေမှာ ဘာမှ ဖြစ်မသွားခဲ့ပါဘူး။

သူတို့ တစ်တွေ တောင်းရမ်း စားသောက်တဲ့ အလုပ်ကို မလုပ်တော့တာ (၁၉၈၂) ခုနှစ် အောင်ရွှေဝါ စစ်ကြောင်းက စစ်ဆင်ရေး လုပ်ပြီး ကတည်း ကပါပဲ။ အဲဒီ စစ်ဆင်ရေးမှာ တောင်းရမ်း စားသောက်ရာမှာ အသုံးပြုတဲ့ တောင်းတွေ၊ ခွက်တွေ၊ ထမ်းပိုးတွေ အားလုံးကို မီးပုံရှို့ပြီး တောင်းရမ်း စားသောက်တဲ့ အလုပ်ကို စွန့်လွှတ်လိုက်ဖို့ တရား ဟောပါသတဲ့။ အဲဒီ စစ်ဆင်ရေးကပဲ သူတို့ရွာကို ဘန့်ဘွေးကုန်း ဆိုတဲ့ နာမည်ကနေ အောင်မင်္ဂလာလို့ ပြောင်းပေးခဲ့ပါတယ်။

အဲဒီ နောက်မှာတော့ သူတို့တွေဟာ ရွာပတ်ဝန်းကျင်မှာ ရှိတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲပြီးတော့ လယ်တွေ၊ ယာတွေ တည်ကြ၊ တိုးချဲ့ကြပြီး စိုက်ပျိုးရေးကို ကြိုးစား လုပ်ကိုင်လာသလို တခြား ၀င်ငွေရမယ့် ဘယ်အလုပ်ကို မဆို လုပ်ကိုင် လာကြပါတယ်။

““ကျွန်တော်တို့က ကတ်ရက်တယ်။ ပုတ်ရက်တယ်။ ကတ်ရက်တာ ဆိုရင် မိုးကုတ် အထိ သွားပြီး လုပ်ကြတယ်”” ဟု ဦးမြင့်က ပြောပါတယ်။

သူတို့ဟာ ပုတ်ရက် ပြီးတော့ အနီးအနားက ရွာတွေကို လှည့်လည်ပြီး ရောင်းကြပါတယ်။

ဒါပေမဲ့ အဲဒီ စစ်ဆင်ရေးရဲ့ နောက်ပိုင်းမှာလည်း တောင်းရမ်း စားသောက်မှုတွေ ရှိနေဆဲ ဖြစ်ပြီး တောင်းရမ်း စားသောက်တာတွေ ရပ်သွားတာက ဆယ်စုနှစ် တစ်ခု လောက်ပဲ ရှိသေးတယ်လို့ အနီးနား ရွာတွေဆီက သိရပါတယ်။

တောင်းရမ်း စားသောက်တဲ့ အလုပ်ကို စွန့်လွှတ် လိုက်ကြပေမယ့် တောင်းရမ်း စားသောက် ခဲ့တယ်ဆိုတဲ့ အရိပ် မည်းကြီးက နောက် မျိုးဆက်တွေ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။

အောင်မင်္ဂလာ တစ်ရွာလုံး ကတော့ ဗုဒ္ဓ ဘာသာဝင်တွေပါ။ ဒါပေမဲ့ သူတို့ရဲ့ အလှူ ပစ္စည်းတွေကို ယနေ့ အချိန်အထိ သူတို့နားက ရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေက အလှူခံခြင်း မရှိပါဘူး။ သူတို့ ကိုယ်တိုင် ချက်လှူတဲ့ ဆွမ်းကို အလှူမခံတဲ့ အတွက် ဆွမ်းပွဲစာ ငွေလှူရင်လည်း ကိုယ်တိုင် ဆက်ကပ်ခွင့် မရဘူးလို့ ဒေါ်လှတုတ်က ပြောပါတယ်။ သာရေး၊ နာရေး ရှိလို့လည်း ဘုန်းကြီးပင့်လို့ မရဘူးလို့ တခြား ရွာသားတွေ ကလည်း ပြောကြပါတယ်။

““ရှင်ပြုတဲ့ အခါမှာ သင်္ကန်း စီးတာကို ဘုန်းကြီးကျောင်းမှာ လုပ်ပေမယ့် ကိုရင်ဝတ်နဲ့ ဘုန်းကြီး ကျောင်းမှာ မနေရဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်နေရတယ်””လို့ အောင်မင်္ဂလာ ရွာသား လူလတ်ပိုင်း အရွယ် ကိုဆန်းထွန်းက ပြောပါတယ်။

အခု အချိန်မှာတော့ သူတို့ရွာမှာ ကိုယ်ပိုင် ဘုန်းတော်ကြီးနဲ့ ဘုန်းတော်ကြီး ကျောင်း ရှိနေပါပြီ။ ဒါပေမဲ့ သာရေး နာရေးတွေမှာ အောင်မင်္ဂလာ ရွာက ဘုန်းတော်ကြီးကို ဘေးရွာတွေက မပင့်ကြသလို အောင်မင်္ဂ လာရွာမှာ သာရေး နာရေး ရှိရင်လည်း ဘေးနားရွာက ဘုန်းတော် ကြီးတွေကို ပင့်ခွင့် မရဘူးလို့ ရွာသားတွေက ပြောကြပါတယ်။ ဒါကြောင့် ဘာသာ ပြောင်းဖို့တောင် စိတ်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ပင့်ခွင့် မရလို့ပဲ ရွာမှာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ပေါ်ပေါက် လာအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ လုပ်ခဲ့ ကြတယ်လို့ သူတို့က ဆိုပါတယ်။

““ပ၀ါရဏာ ပြုတဲ့အခါမှာ ဘုန်းကြီးက ဆယ့်နှစ်ပါးဂိုဏ်းက သံဃာတွေ ပ၀ါရဏာပြု ခွင့်မရပါဘူး”” လို့ အောင်မင်္ဂလာ ရွာကျောင်း ဆရာတော် ဦးအာဒိစ္စက မိန့်ပါတယ်။

အောင်မင်္ဂလာရွာ ဘုန်းတော်ကြီး ကျောင်းဟာ ဆယ့်နှစ်ပါး ဂိုဏ်းဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ပ၀ါရဏာပြုတဲ့ အခါမှာ ဆယ့်နှစ်ပါး ဂိုဏ်းမှာ မပြုရဘဲ နယ်ကျော်ပြီး ပ၀ါရဏာ ပြုရတယ်လို့ ဆရာတော်က ဆက်ပြီး မိန့်ပါတယ်။ ဒါ့အပြင် ပညာ သင်ကြား ရာမှာလည်း ဒီအတိုင်းပဲလို့ ဆိုကြပါတယ်။

““ဘကြီးတို့ ငယ်ငယ်က ကျောင်း သွားတက် ရင်တောင် ရေ တစ်အိုးတည်း အတူတူ မသောက်ခဲ့ရဘူး။ တို့ရွာသားတွေက သတ်သတ်၊ တခြား ရွာသားတွေက သတ်သတ် ခွဲထားတယ်”” လို့ အသက် (၆၀) အရွယ် ဦးတင်ညိုက နာကျည်းတဲ့ မျက်လုံးတွေနဲ့ ပြောပါတယ်။

သူတို့ ခေတ်တုန်းက စာသင်တဲ့ နေရာမှာလည်း အောင်မင်္ဂလာ ရွာသား ကလေးတွေဟာ တခြား ရွာသား ကလေးတွေ တက်တဲ့ ကျောင်းမှာ အတူတူ တက်ခွင့် ရခဲ့ပေမယ့် ကျောင်း တစ်ဆောင်တည်း အတူ တက်ခွင့်မရခဲ့ဘဲ သူတို့အတွက် သတ်သတ် ဆောက်ပေးထားတဲ့ ထန်းရွက် ကျောင်း ကလေးထဲမှာ တက်ခဲ့ ရတယ်လို့ ဦးတင်ညိုက ဆက်ပြောပါတယ်။

““ပြောရမှာ မရှက်ပါဘူး။ ဘကြီးဆိုရင် (၁၈) နှစ်သားကျမှ စာရေး စာဖတ် ကောင်းကောင်း သင်ခွင့်ရခဲ့တယ်။ သူဆိုရင်လည်း လေးတန်းပဲ အောင်တယ်။ ဒါတောင် မြို့က အမျိုးဆီမှာ သွားနေလို့”” လို့ ကျေးရွာ ဥက္ကဋ္ဌကို လက်ညှိုးထိုးပြီး သူက ထပ်ပြောပါတယ်။ ကျေးရွာ ဥက္ကဋ္ဌ ကလည်း ဟုတ်တယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြုံးပြီး ခေါင်းညိတ်ပြ နေပါတယ်။

သူတို့ ရွာသမိုင်းမှာ ဆယ်တန်း အောင်သူ တစ်ယောက်ပဲ ရှိပါသေးတယ်။ အခုအချိန် မှာတော့ အိမ်ခြေ ကိုးဆယ်ကျော်နဲ့ ကျောင်းသားပေါင်း (၁၀၅) ယောက်ရှိတဲ့ အောင်မင်္ဂလာ ရွာမှာ မူလတန်းကျောင်း ရနေပါပြီ။ အဲဒီ ကျောင်းမြေ နေရာကို သူတို့ ရွာသားတွေ ငွေစုပြီး ၀ယ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ အလယ်တန်း ကျောင်းရအောင် ကြိုးစား နေကြပါတယ်။

တစ်ချိန်တုန်းက တောင်းရမ်း စားသောက်ခဲ့တဲ့ အောင်မင်္ဂလာရွာဟာ အခုမှာတော့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ရှင်သန်ဖို့ ကြိုးစား နေပါတယ်။


Messenger 
http://newmyanmarpyi.blogspot.com/2014/10/blog-post_989.html

ထောင် ၁၅ နှစ်ကျလည်း ကျပါစေဟု ဆိုကာ ၁၆ နှစ်သမီးလေးကို ကြမ်းကြမ်းရမ်းရမ်း မုဒိန်းကျင့်သူ



ဗြိတိန် နိုင်ငံက လူငယ် တစ်ဦးသည် ၁၆ နှစ်ရွယ် မိန်းမပျိုလေး တစ်ဦးကို သားမယား အဖြစ် အကြိမ်ကြိမ် ပြုကျင့် နေခဲ့ရာ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် တိတ်တခိုး မှတ်တမ်းတင် ထားခဲ့ နိုင်ခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ဆယ့်နှစ်နှစ်ခွဲ ချမှတ် နိုင်ခဲ့သည်။ အဆိုပါ လူငယ်သည် အဓမ္မပြုကျင့်သည့် နောက်ဆုံး အကြိမ်တွင် “ထောင် ၁၅ နှစ် ကျရင်ကျပါစေ” ဟုပင် ပြော ဆိုခဲ့ပြီး မိန်းကလေးကို အကြမ်းပတမ်း ကျူးလွန်ခဲ့သေးသည်။

မုဒိမ်းသမား လူးဝစ်ကိုးလ် အနေဖြင့် တရားရုံး၌ သူ၏ပြစ်မှု အတွက် ကြားနာနေချိန် တွင်လည်း မိန်းကလေးအပေါ် အားတောင့်အားနာ ဖြစ်သည့် အမူအရာ တစ်ချက်မျှ ကိုပင် မမြင်ခဲ့ရပေ။

ဘာမင်ဂမ်တွင် အသက် ၂၀ရွယ် လူးဝစ်ကိုးလ် ဆိုသည့် လူငယ်က ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးကို ၂၀၁၃ ဇွန်မှ ၂၀၁၄ ဖေဖော်ဝါရီ အထိ ၉ လတာ ကာလအတွင်း အကြိမ်ကြိမ် သားမယား အဖြစ် ပြုကျင့်နေခြင်း ဖြစ်သည်။ မိန်းကလေးကို လယ်ကွင်း တစ်ခုသို့ သွေးဆောင် ခေါ်ယူ၍ ငါးကြိမ်မြောက် သားမယား ပြုကျင့် ချိန်တွင် မိန်းကလေးက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူး ခဲ့ခြင်း ဖြစ်သည်။

“ပြုကျင့် ခံရတဲ့ မိန်းကလေးက ကိုးလ်ခေါ်တဲ့ နေရာကို လာဖို့ လက်ခံ လိုက်တယ်။ အဲဒီမှာ သူ့ အမေရဲ့ ဖုန်းကိုပါ တစ်ပါတည်း ယူသွား ခဲ့ပြီး ခုလို လက်ပူး လက်ကြပ် ဝန်ခံနိုင်အောင် မှတ်တမ်း ယူလိုက်တာပဲ ဖြစ်တယ်”ဟု ရှေ့ နေ တွမ်စကိုဖီးကပြောသည်။

ယင်းဖုန်းမှတ်တမ်းဗီဒီယိုတွင် “ကြောက်မနေ စမ်းပါနဲ့ ။ ငါကြမ်းရ လိမ့်မယ်။ ဒါအတွက်နဲ့ ထောင် ၁၅ နှစ်တောင် ငါအကျ ခံနိုင်တယ်” စသည်ဖြင့် ကိုးလ်၏ ပြောဆိုမှု များကို တွေ့ ရှိရသည်။ ထိုသို့  မိန်းကလေးကို အနိုင်အထက် အတင်း ဗလက္ကာရ ပြုကျင့် နေခြင်းကြောင့် မိန်းကလေးက တော်ရန်၊ ဆက်မလုပ်ရန် တောင်းပန်သည်။ သို့ သော်လည်း ကိုးလ်က “ငါဘာလုပ်လို့ လဲ။ ငါက လူမသမာ ပဲလေ ဘာဖြစ်လဲ” ဟု ဆိုကာ မရပ်နားဘဲ ဆက်လက် မုဒိမ်း ပြုကျင့်သည် ကိုလည်း တွေ့ ရသည်။

ကနဦး စစ်ဆေး ကြားနာမှုတွင် ကိုးလ်က ပြစ်မှုနှင့် ပတ်သက်ပြီး ငြင်းချက် ထုတ်ခဲ့သည်။ ၎င်း သားမယား အဖြစ် ပြုကျင့်ခဲ့သူ မိန်းကလေး၏ ဖခင်ထံ ၎င်းပေးပို့ ထားသည့် “ဘယ်လို သနားစရာ မိန်းကလေး မျိုးက မုဒိမ်းကျင့် ခံရတာကို လိမ်ထားသလဲ” ဆိုသည့် မတ်ဆေ့ခ်ျ သက်သေ ခံချက် အပါအဝင် ပြစ်မှု လျှောက်လဲချက် များကို ငြင်းဆန် ခဲ့သေးသည်။

သို့ သော်လည်း ၎င်း၏ လူမဆန်သော ပြစ်မှုက သက်သေ ထင်ရှားသဖြင့် ၎င်းကို ဘာမင်ဂမ်တရားရုံးက ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ် လိုက် သည်။ “ဒါက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှု တစ်ရပ်ပါ။ နောက်ပြီး စိတ်ပိုင်း ဆိုင်ရာ နိုင်ထက်စီနင်း ပြုမှုလည်း ဖြစ်ပြီး လူမဆန်တဲ့ လုပ်ရပ် တစ်ခုလည်း ဖြစ်တယ်”ဟု ရှေ့ နေ စကိုဖီးက ပြောခဲ့သည်။

Ref: Mirror

ဝေဖန်မှု၊ ရူးသွပ်မှုများနှင့် မိန်းမလှများ၏ အရေပြားပေါ်မှ ဆေးမင်ကြောင်


“ဒီး...”
စက်၏ တုန်ခါမှုနှင့်အတူ ထွက်ပေါ်လာသော အသံကြောင့် သူမလက်ကို ဆုပ်ကိုင်ထားသော ချစ်သူ၏ လက်ကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ ယနေ့ သူမတို့ ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိမိတို့၏ နာမည်များကို Tattoo ဆင်တူ လာရောက်ရေးထိုးနေခြင်း ဖြစ်သည်။

နာကျင်ခြင်း ဝေဒနာနှင့်အတူ “ချစ်စု” တစ်ယောက် အတွေးများ ရှုပ်ထွေးနေသည်။ အလွယ်တကူ မမြင်နိုင်သောနေရာတွင် ထိုးသော်လည်း မိဘများ တွေ့သွားလျှင် မိုးမီးလောင်မည်မှန်း သူမ သိသည်။ အခုခေတ်တွင် မိန်းမပျိုများ Tattoo (ဆေးမင်ကြောင်) ထိုးသည့်ကိစ္စမှာ အဆန်းမဟုတ်သော်လည်း ရှေးရိုးဆန်သော မိဘဆွေမျိုးများအကြား ပြဿနာ ဖြစ်နိုင်သည်။ မတတ်နိုင်။ ကောက်ကြောင်းပင် ပြီးဆုံးလု ဖြစ်နေသည့် အချိန်မှတော့ သူမ အရင် Tattoo ရေးထိုးဖူးသော သူငယ်ချင်းမများ၏ လက်စွဲစကားအတိုင်း လွတ်လပ်ရေးကို ဖြည်းဖြည်း တိုက်ယူရပေတော့မည်။

သူမ၏ အတွေးထဲတွင် ရှုပ်ထွေးနေရုံသာမက ဖြူဝင်းသော သူမ၏ ကျောပြင်တွင်လည်း Tattoo ရေးဆွဲသူ၏ လက်ရာ ကောက်ကြောင်းများနှင့်အတူ ထွက်ပေါ်လာသော သွေးစက်များ၊ ဆေးစက်များ ရှုပ်ထွေးနေသည်။

နယ်ပယ်ပေါင်းစုံမှ လူငယ်များအပေါ် လွှမ်းမိုးသြဇာရှိသောသူများ ကမ္ဘာကျော် ဘောလုံးသမားများ၊ အဆိုတော်၊ သရုပ်ဆောင်များ၊ တက်တူးထိုးခြင်းကို ဖက်ရှင်တစ်ခုအဖြစ် ရေးထိုးလာသောကြောင့် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဘာသာရေးဆိုင်ရာ ရေးထိုးမှုများမှအပ ဖက်ရှင်အဖြစ် တက်တူး ရေးထိုးလာမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည်။ ယင်းသို့ ကမ္ဘာ့ရွာ ၂၁ ရာစုတွင် မြန်မာနိုင်ငံတွင်လည်း တက်တူးရေစီးကြောင်း ယခု ဆယ်စုနှစ်အတွင်း အရှိန်အဟုန် မြင့်လာသည်။

မြန်မာအမျိုးသမီးဟု ဆိုလိုက်လျှင် သနပ်ခါး ပါးကွက်ကြား လုံခြုံသော ဝတ်စားဆင်ယင်မှုဖြင့် အရှက်အကြောက်ကြီး သူများဟု နိုင်ငံတကာက ထင်မြင်ယူဆထားသော ခေတ်အဆက်ဆက် မိဘဆွေမျိုးများ စကားမပယ်ရှားဘဲ ဗိုင်းကောင်းကျောက်ဖိ နေလာသော မြန်မာအမျိုးသမီးများ ယခင် ခေတ်အဆက်ဆက်က အရွယ်ရောက်သော ယောက်ျားပျိုများသာ အထိုးများသော ဆေးမင်ကြောင်များကို ယခုခေတ်တွင် ရေးထိုးမှုများ တစ်နေ့ထက် တစ်နေ့ များပြားလာသည်။

 
ယခင်ခေတ်များတွင် အရွယ်ရောက်သော ယောက်ျားပျိုများကိုသာ စစ်မှုထမ်းနိုင်သော သူရသတ္တိ ရှိမရှိ စမ်းသပ်သော မင်ကြောင်များနှင့် အလားသဏ္ဌန်တူသော Tattoo ကို ယခုအချိန်တွင် မိမိကြိုက်နှစ်သက်သော နာမည်ကျော်များ၏ ပုံတူများ၊ မွေးနေ့များ၊ ရာသီခွင်များ၊ မိမိတို့၏ စိတ်ခံစားချက်များ စသည်ဖြင့် ဒီဇိုင်းမျိုးစုံတို့ကို နေရာမျိုးစုံတွင် ဖက်ရှင်တစ်ခု အဖြစ် ထိုးလာကြသည်။ “ညီမအမြင်ကတော့ တက်တူးက အနုပညာပါ။ အသားပေါ်မှာ ရေးတဲ့ ပန်းချီပေါ့” ဟု အင်္ဂလိပ်စာမေဂျာဖြင့် ဘွဲ့ရထားပြီး တက်တူးကို ရူးသွပ်သော လူငယ်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

သူမ ခန္ဓာကိုယ် နေရာများတွင် သူမ အနုပညာအဖြစ် ခံယူထားသော၊ အသားပေါ်တွင် ရေးဆွဲသော ပန်းချီကားများကို အသက် ၁၈ နှစ်အရွယ်မှ စတင်ပြီး ချိတ်ဆွဲခဲ့သည်။ လက်တွင် နှင်းဆီဖူး၊ ခြေဖမိုးတွင် အတိတ်သည် အကောင်းဆုံး သင်ခန်းစာဟု အဓိပ္ပာယ်ရသော စာတန်းနှင့် လက်ပြင်တွင် လွတ်လပ်မှုကို ဖော်ပြသော အတောင်ပံတစ်စုံ အပါအဝင် အဆိုပါပုံအောက်တွင် သူမ ရူးသွပ်စွာ အားပေးသော နိုင်ငံခြား Rock တေးဂီတ အဖွဲ့တစ်ခု ဖြစ်သော Linkin Park နှင့် ပြည်တွင်း Rock တေးဂီတ အဖွဲ့တစ်ခု ဖြစ်သော Wanted တေးဂီတ အဖွဲ့များ၏ အဖွဲ့တံဆိပ်များနှင့် လက်မောင်းတွင် သူမ၏ရာသီခွင် Libra Zodiac သင်္ကေတ၊ ခြေသလုံးတွင် အင်္ဂလိပ်စာတန်း တစ်ခုကို ရေးထိုးထားသေးသည်။

လူငယ်အများစုသည် ၎င်းတို့၏ ဘဝတွင် အမှတ်တရ ဖြစ်စေသော အကြောင်းအရာများကို တက်တူးအဖြစ် မှတ်တမ်းတင်တတ်ကြပြီး သူမသည်လည်း ထိုသို့ပင် ဖြစ်ကြောင်း တက်တူးတစ်ခု ထိုးပြီးတိုင်း ရေးဆွဲပြီးပုံများကို ပြန်လည်ကြည့်ရှုတိုင်း အားသစ်များ ရရှိကြောင်း Rock ဂီတကို ရူးသွပ်စွာ စွဲလမ်းသူ တစ်ဦးလည်းဖြစ်သူ သူမက ပြောဆိုသည်။

တက်တူးထိုးထားသော အမျိုးသမီးတစ်ဦး လူမြင်ကွင်းကို ထွက်ချိန်တွင် လူငယ်များ၏ အာရုံစိုက်ခြင်းကို ခံရသော်လည်း ရှေးရိုးစွဲ လူကြီးများ၏ နှာခေါင်းရှုံ့ခြင်းကို ခံတတ်ရကြောင်း၊ သူမတို့အား မကောင်းသော လုပ်ငန်းများ လုပ်ကိုင်နေသော အမျိုးသမီးများကဲ့သို့ ကြည့်ရှုခံတတ်ရကြောင်း တက်တူး ရေးဆွဲထားသော အမျိုးသမီး အများစုထံမှ သိရသည်။

“မြန်မာနိုင်ငံ ယဉ်ကျေးမှုအရရယ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကို မလုပ်ကိုင်နိုင်သေးတဲ့ အခြေအနေမှာ ညီမ အလွယ်တကူ မမြင်နိုင်ဘဲ မြန်မာဝတ်စားဆင်ယင်မှုနဲ့ သင့်တော့်မယ့် နေရာတွေမှာ တက်တူးရေးဆွဲပါတယ်” ဟု တက်တူးရေးထိုးရန် ဝါသနာပါသူတစ်ဦး ဖြစ်သည့် ရတနာနိုင်က ဆိုသည်။

လူကြီးမိဘများ အနေနှင့်လည်း ၎င်းတို့ဖြတ်သန်းလာသော ဘဝအစိတ်အပိုင်း တစ်လျှောက် အမျိုးသမီးများ တက်တူးထိုးခြင်းကို မကြုံတွေ့ခဲ့ရခြင်းနှင့် ယခင်အချိန်က မကောင်းသော လုပ်ငန်းများကို လုပ်ကိုင်သော အမျိုးသမီးများတွင် ဆေးမင်ကြောင်များ ရှိတတ်သောကြောင့် မိမိတို့၏ သားသမီးများကို ပတ်ဝန်းကျင်၏ အထင်သေးမည်ကို စိုးရိမ်သည့်အတွက် တက်တူးထိုးခြင်းကို လက်မခံနိုင်ခြင်း ဖြစ်ကြောင်း မိဘများထံမှ သိရသည်။

“အိမ်က သမီး နိုင်ငံခြား အဆိုတော်တွေလို တက်တူးထိုးချင်တယ် ပြောလာတယ်။ ထိုးတဲ့နေ့က အိမ်ပေါ်က ဆင်းရမယ်လို့ ဦး တင်းကျပ်ထားတယ်” ဟု အသက် ၄၀ အရွယ် ဖခင်တစ်ဦး ဖြစ်သူ ဦးထွန်းထွန်းလင်းက ဆိုသည်။ မိန်းကလေးတို့ သဘာဝအတိုင်း အလှအပ ကြိုက်နှစ်သက်ကြသည့်အတွက် တက်တူးရေးဆွဲထားသော အမျိုးသမီး အနုပညာရှင်များ အပါအဝင် မြန်မာအမျိုးသမီး အများစုသည် ကြယ်၊ ပန်းများ၊ လိပ်ပြာပုံများကို ရေးထိုးတတ်ကြပြီး အချို့သူများသာ ၎င်းတို့ချစ်သူ၏ အမည်နှင့် အခြားရုပ်ပုံများကို ရေးဆွဲတတ်ကြောင်း တက်တူးရေးဆွဲသည့် လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ယခုခေတ်တွင် တက်တူးကို ဖက်ရှင်တစ်ခုကဲ့သို့ ရေးထိုးသော သူများနှင့် အနုပညာတစ်ခုကဲ့သို့ ရူးသွပ်စွာ ရေးထိုးသူများဟူ၍ အုပ်စုနှစ်ခု ရှိပြီး နှစ်ဖွဲ့စလုံးတွင် တူညီသောအချက်မှာ သူမတို့၏ လူမှုပတ်ဝန်းကျင်တွင် ဝေဖန်မှုများကို အနည်းနှင့်အများ ရင်ဆိုင်ရကြောင်း တက်တူး ရေးဆွဲသည့်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်သူ တက်တူးမင်းသူက ပြောဆိုသည်။

လူငယ်တစ်ဦး အနေနှင့် တက်တူးကို စိတ်ဝင်စားသော်လည်း တစ်ချိန်တွင် မိခင်တစ်ဦး ဖြစ်လာနိုင်သည့် အမျိုးသမီးတစ်ဦး အနေနှင့် သားသမီးများ၏ အတုယူမှားခြင်း၊ ငယ်ရွယ်စဉ်အချိန်တွင် ခေတ်ဆန်ပြီး ဆွဲဆောင်မှု ရှိသော်လည်း အသက်ကြီးရင့်လာချိန်တွင် လူငယ်များ၏ အမြင်တွင် မသင့်တော်ခြင်းမျိုး ဖြစ်မည်ကို စိုးရိမ်ကြောင်း အသက် ၁၇ နှစ်အရွယ် ပထမနှစ် ကျောင်းသူတစ်ဦးက ပြောကြားသည်။ “အမေဆိုတာ သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြလေ။ မိန်းကလေးဆိုတာ တစ်နေ့မှာ မိခင်ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

ကမ္ဘာကျော် အနုပညာရှင်များ ဖြစ်သော JustinBiber၊ Miley Cyrus တို့ကဲ့သို့ အနုပညာရှင်များတွင် တက်တူးများ ရှိနေသည့် ယနေ့ခေတ်တွင် တက်တူးထိုးသည်မှာ အဆန်းမဟုတ်ကြောင်းနှင့် မိမိတွင်လည်း ချစ်သူ၏ အမည်ကို ထိုးထားကြောင်း အိမ်ကသိလျှင် ဆူပူမည် ဖြစ်သော်လည်း တစ်လခန့်သာ ကြာမည်ဖြစ်ကြောင်း Victoria University တွင် ပညာသင်ကြားနေသော အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ “ဘယ်မိဘကမှ သူ့တို့သမီး တက်တူးထိုးတာကို ခွင့်မပြုပါဘူး။ ပြောမနိုင်လို့ လွှတ်ထားတာပဲ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ရှေးမြန်မာမင်းများ လက်ထက်က ဆေးမင်ကြောင် ထိုးသော အမျိုးသမီးများ ရှိသော်လည်း လက်ပြင်၊ ကျောနှင့် အလွယ်တကူ မမြင်နိုင်သော နေရာများတွင် ရေးဆွဲတတ်ကြပြီး လူမှန်း မသိတတ်စဉ် အရွယ်က ရေးဆွဲပေးတတ်ကြောင်း ရန်ကုန်ဘဆွေ၏ မြန်မာပြည်သား စာအုပ်တွင် ဖော်ပြထားသည်။

ယနေ့ခေတ် မိဘအများစု ဖြတ်သန်းလာသော ၁၉၈၀ ပြည့်နှစ် ဝန်းကျင် အချိန်က ဆေးမင်ကြောင် ရှိသည့် အမျိုးသမီးများမှာ ထောင်ထွက်နှင့် မကောင်းသော လုပ်ငန်းများကို လုပ်ကိုင်သောသူ အများစုသာ ဖြစ်ခြင်းကြောင့် အထင်အမြင် သေးခဲ့ကြပြီး ယခုခေတ်တွင် တက်တူး ရေးဆွဲထားသော အမျိုးသမီး အများစုသည် အနုပညာ၊ ဖက်ရှင်အမြင်များဖြင့် ရေးဆွဲထားခြင်း ဖြစ်ကာ ဘွဲ့ရ၊ အလုပ်အကိုင်ရှိသူများ ဖြစ်သည့်အတွက် တက်တူးရေးဆွဲထားသော အမျိုးသမီးများအပေါ် အထင်အမြင်သေးသော အကြည့်များဖြင့် ဝေဖန်ရှုတ်ချနေခြင်းများ လျော့နည်းသွားရန် အချိန်ကာလ တစ်ခုအတွင်း အမြင်ပြောင်းလဲသွားမည်ဟု မျှော်မှန်းကြောင်း တက်တူးကို နှစ်သက်သူ အမျိုးသမီးများက ပြောဆိုသည်။

အောင်သော်ဖြိုး 


The Voice Weekly
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget