.

AlinShin

Tuesday, November 11, 2014

မစ္ဇျိမကိုကျော်လွန်ခြင်း


မွတ်စလင်ဆန့်ကျင်ရေး ဦးဆောင်သံဃာတဦးဖြစ်တဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ (အရှင်ဝိစိတ္တာ ဘိဝံသ) က ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ သီရိလင်္ကာနိုင်ငံ အခြေစိုက် အစွန်းရောက် ဘာသာရေး အုပ်စု လို့ သတ်မှတ်ခံနေရတဲ့ Bodu Bala Sena (ခေါ်) ဗုဒ္ဓဘာသာ အင်အားစု အဖွဲ့နဲ့   ၉၆၉ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက် မယ်လို့ ပြောဆိုလိုက်တာမို့ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ အဓိက ရုဏ်း တွေ ထပ်ဖြစ် မလား ဆိုပြီး နိုင်ငံရေးလေ့လာစောင့်ကြည်သူတွေက စိုးရိမ်နေကြပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ကျင်းပတဲ့ Bodu Bala Sena အဖွဲ့ရဲ့ညီလာခံမှာ ဦးဝီရသူက မြန်မာနိုင်ငံက ၉၆၉ လှုပ်ရှားမှုနဲ့   Bodu Bala Sena(BBS)  အဖွဲ့ တို့ ပူးပေါင်းမယ်လို့ ပြောဆိုလိုက်ပါတယ်။  ဦးဝီရသူက ၉၆၉ လှုပ်ရှားမှုကို ရည်ညွှန်း ပြောဆို တဲ့အခါမှာ “My 969 Movement” ဆိုပြီး ရည်ညွှန်းပြောဆိုပါတယ်။ ဦးဝီရသူဟာ BBS အဖွဲ့ရဲ့ အထူး ဧည့်သည်တော် အဖြစ် ညီလာခံကို တက်ရောက်ခဲ့တာဖြစ်ပြီး ဦးဝီရသူကို ပြည်ဝင်ခွင့် မပေးဖို့ သီရိလင်္ကာ ခရစ်ယာန်၊ အစ္စလမ် ဘာသာဆိုင်ရာ အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဦးဝီရသူကြောင့် သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ထပ်ဖြစ်လာမလားဆိုပြီး သီရိလင်္ကာနိုင်ငံ သားတွေ စိုးရိမ်ကြသလို မြန်မာ့နိုင်ငံရေးလေ့လာသူတွေကလည်း ဦးဝီရသူအနေ နဲ့ သီရိလင်္ကာ အစွန်းရောက် ဘာသာရေး အဖွဲ့အစည်းဖြစ်တဲ့ BBS အဖွဲ့နဲ့ ချိတ်ဆက်လာမှုကြောင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အဓိကရုဏ်းတွေ ထပ်ဖြစ်မှာကို စိုးရိမ် နေကြ ပါ တယ်။ ဒီလို စိုးရိမ်ရတဲ့ အကြောင်းအရင်းကလည်း BBS ရဲ့ ဖွဲ့စည်းလာပုံနဲ့ နိုင်ငံရေးမှာ သက်ရောက်မှု ကြီးမားပုံတို့ကြောင့် ပါပဲ။
ထေရ၀ါဒ ဗုဒ္ဒ္ဓဘာသာ ထွန်းကားတဲ့ သီရိလင်္ကာနိုင်ငံမှာ ဘာသာရေးနဲ့ နိုင်ငံရေး က ရောယှက်လွန်းလှပြီး ဘုန်းကြီးတွေက နိုင်ငံရေး မှာ တိုက်ရိုက်ပါဝင်ပတ်သက်နေပါတယ်။ အစွန်းရောက် ဘုန်းတော်ကြီး ၂ ပါးက ၂၀၁၂ ခုနှစ်မှာ BBS အဖွဲ့ကို ထူထောင်ခဲ့ပြီး မွတ်စလင် ဆန့်ကျင်ရေး ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ BBS အဖွဲ့ရဲ့ လှုံ့ဆော်မှုတွေကြောင့် ၂၀၁၄ ခုနှစ် ၊ ဇွန်လမှာ ဗုဒ္ဓဘာသာ ၀င် တွေနဲ့ အစ္စလမ်ဘာသာဝင်တွေကြားမှာ အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံး ကာ ၈၀ ကျော်ဒဏ်ရာ ရရှိ ခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးနဲ့လူမျိုးရေး အဓိကရုဏ်းတွေမှာ ၉၆၉ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ခဲ့ပြီး ၉၆၉ တံဆိပ် တွင်ကျယ်ရေး လုပ်ဆောင်တဲ့ ဘုန်းတော်ကြီးတွေကိုယ်တိုင်က မွတ်စလင် ဆန့်ကျင်ရေး တရားတော်တွေ ဟော ပြောခဲ့ကြ ပါတယ်။
၉၆၉ လှုပ်ရှားမှုနဲ့ နာမည်ကျော်ကြားလာတဲ့ အရှင်ဝီရသူက “ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့” တရား ဟော ပြော မှုမှာ မွတ်စလင် ဆန့်ကျင်ရေးကို ဦးတည်ပြောဆိုတဲ့အပြင် မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံခေါင်းဆောင် တွေ အဖြစ် ဒေါ်အောင်ဆန်းစုကြည် နဲ့ မင်းကိုနိုင်ကို မွတ်စလင် နောက်လိုက်တွေ ဆိုပြီး စွပ်စွဲပြောဆိုခဲ့ပါတယ်။ ၉၆၉ လှုပ်ရှားမှုတွေ အရှိန်မြှင့်လာပြီးနောက် ၂၀၁၂ ခုနှစ် ရခိုင်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း၊ မိတ္ထီလာအဓိကရုဏ်း အပါအ၀င် အဓိကရုဏ်း များစွာ ဆက်တိုက် ဆိုသလို ဖြစ်ပွား ခဲ့ပါ တယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ အမုန်းစကား ဖြန့်ချိနေတဲ့ ဟောပြောချက်အခွေတွေနဲ့  ဦးဆောင် လှုပ်ရှားသူ တွေ ကို အရေးမယူတဲ့အပြင် လွှတ်တော်မှာ မျိုးစောင့် ဥပဒေ တွေ ရေးဆွဲတင်သွင်းဖို့အထိ လုပ်ဆောင် လာ ပါတယ်။
အဲဒီနောက် အစိုးရရဲ့ အရေးမယူမှုကြောင့် ၉၆၉ လှုပ်ရှားမှုနဲ့ မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး လှုပ်ရှားမှုတွေက တဖြည်းဖြည်း ကြီးထွားလာပြီး နိုင်ငံရေး ဆန်လာပါတယ်။ နိုင်ငံခြားသား သားသမီး၊ ဆွေမျိုးရှိရင် သမ္မတဖြစ်ခွင့်မရှိဆိုတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး၊ အခြေခံဥပဒေ ပုဒ်မ ၄၃၆ မပြင်ဆင်ရေး ဆိုတဲ့ ဦးတည် ချက်တွေအဖြစ် သိသိသာသာ အသွင် ပြောင်းသွားပါတယ်။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြွေးကြော်နေတဲ့ သမ္မတ ဦးသိန်းစိန် ကလည်း အမျိုးသားရေးဝါဒီ တဦး အဖြစ် ပုံစံပြောင်းလဲသွားခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ ပြုပြင် ပြောင်း လဲရေး လို့ ဘယ်လိုပဲ ပြောပေမယ့် ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားစေမယ့် အမုန်းစကား ဖြန့်ဖြူး နေမှု တွေကို အရေးယူဖို့ ပျက်ကွက် နေတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို အခုအချိန်အထိ မချေဖျက်နိုင် သေးပါဘူး။
ဦးဝီရသူအနေနဲ့ သီရိလင်္ကာ အခြေစိုက် BBS အဖွဲ့နဲ့ ၉၆၉ လှုပ်ရှားမှု ချိတ်ဆက်မယ်လို့ ဆိုလာတာကြောင့် ၂၀၁၅ ရွေး ကောက်ပွဲ မတိုင်မီ အဓိကရုဏ်းတွေ ထပ်ဖန်တီးပြီး ရွေးကောက်ပွဲမှာ ရှုပ်ထွေးအောင်၊ နိုင်ငံရေး အမြတ်ထွက်အောင် လုပ်လာမှာတွေကို စိုးရိမ်စရာရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဖိနှိပ် အုပ်ချုပ်တဲ့ စစ်အစိုးရလက်အောက်မှာ ဒီမိုကရေစီအရေးလှုပ်ရှားခဲ့တဲ့ NLD ကို လူထုက ထောက်ခံခဲ့ပေမယ့် ဘာသာ ရေး နဲ့လူမျိုးရေး ပဋိပက္ခတွေဖြစ်ပွားလာ ချိန်မှာ လူများစုဘက်ကို မလိုက်ဘဲ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုပဲ NLD က အလေးပေး ပြောဆိုခဲ့ပါတယ်။
ဒီအတွက်ကြောင့်ပဲ NLD ကိုထောက်ခံတဲ့ ဆန္ဒမဲ လျော့ကျသွား နိုင်တယ်လို့ သုံးသပ်မှု တွေလည်းရှိပါတယ်။ BBS ညီလာခံ တက်ရောက်ခဲ့တဲ့ ဦးဝီရသူအနေနဲ့ ၉၆၉ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့နေရာမှာ နည်း စနစ် အသစ်၊ ပုံစံ သစ် တွေအပြင် ထောက်ပံ့မှုအသစ်တွေလည်း ရကောင်းရနိုင်တာမို့ ပိုပြီး စိုးရိမ်စရာရှိတယ်လို့ ဆိုသူတွေ လည်းရှိပါတယ်။
မြန်မာနိုင်ငံနဲ့ မဟာမိတ်ဖြစ်ဖို့ ကြိုးစားနေတဲ့ အမေရိကန်နိုင်ငံအတွက် မြန်မာအစိုးရရဲ့ အမုန်းစကားပင်မ ဖြန့်ဖြူးသူတွေကို အရေးမယူမှုနဲ့  အဓိကရုဏ်းတွေအပေါ်မှာ ကိုင်တွယ်ပုံညံ့ဖျင်းတာတွေက  မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထူထောင်ဖို့ ကြီးမားတဲ့ အဟန့်အတားကြီးတွေဖြစ်နေပါတယ်။
မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ စတင် ပြီး သိပ်မကြာခင် ၂၀၁၂ ခုနှစ်အတွင်းမှာ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတဦး မုဒိမ်းကျင့်ခံရာ ကစလို့ နိုင်ငံတ၀န်း ဘာသာရေး အဓိကရုဏ်းတွေ စတင်ခဲ့ပါတယ်။ ဒီအဓိကရုဏ်းတွေမှာ အစိုးရရဲ့ ကိုင်တွယ်မှု က မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အနေနဲ့ အဓိကရုဏ်းတွေ အချိန်မီ မတားဆီးနိုင်ခဲ့ပါဘူး။
အထူးသဖြင့် ၂၀၁၃ ခုနှစ် မိတ္ထီလာ အဓိကရုဏ်းအစပျိုးချိန် ဦးဝီရသူ  မိတ္ထီလာသွားရောက် ပြီးကာမှ အဓိကရုဏ်းတွေ အရှိန်မြှင့် လာခဲ့ပါတယ်။ အစိုးရအနေနဲ့ မွတ်စလင် ဆန့်ကျင်ရေး ဟောပြော လှုံ့ဆော်နေတဲ့ ဦးဝီရသူကို အရေးမယူ တဲ့အပြင် မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေး လှုပ်ရှားမှုတွေ၊ သာသနာ ဆိုင်ရာ အစည်းအဝေးတွေမှာ လွတ်လပ်စွာ လှုပ်ရှားခွင့် ပေးထားပါတယ်။
အခုနောက်ဆုံး သီရိလင်္ကာ နိုင်ငံကို သွားရောက်ပြီး အစွန်းရောက် BBS အဖွဲ့နဲ့ ဆက်သွယ် ဆောင်ရွက် ခွင့်ပြုလာတဲ့ အထိပါပဲ။ မွတ်စလင် ဆန့်ကျင်ရေး အမုန်းစကားတွေ ဖြန့်ဖြူး နေတဲ့ ဦးဝီရသူ ကို အရေး မယူဘူး ဆိုရင် အမေရိကန်-မြန်မာ ဆက်ဆံရေး ထိခိုက်နိုင်တဲ့အပြင် ဘာသာရေးနဲ့ လူမျိုးရေး အပေါ် အခြေပြုတဲ့ မဲဆွယ်လှုပ်ရှားမှုတွေ  ၂၀၁၅ ရွေးကောက်ပွဲမှာဖြစ်ပေါ်လာနိုင်တာမို့ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို လည်း ပျောက်ဆုံး စေမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ၂၀၁၅ ရွေးကောက်ပွဲက မြန်မာနိုင်ငံအနေနဲ့ ဘယ်လမ်းကြောင်းကို သွားမလဲဆိုတဲ့ စံသတ်မှတ်ချက် တခုဖြစ်လိမ့်မယ်လို့ ပြောဆိုထားတာမို့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အဓိကရုဏ်း တွေမဖြစ်ပွားဖို့က ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာ ထင်ရှားစေပါတယ်။ နိုဝင်ဘာလ နေပြည်တော်မှာ ကျင်းပမယ့် အာရှထိပ်သီး အစည်း အဝေးကို အမေရိကန် သမ္မတ အိုဘားမား တက်မယ့် ကိစ္စ၊ အမေရိကန်တပ်မတော်နဲ့ မြန်မာတပ်မတော် ဆက်ဆံရေး၊ ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားနေရတဲ့ ၂ နိုင်ငံဆက်ဆံရေး အတွက် ဘာသာရေးနဲ့ လူမျိုးရေး အဓိကရုဏ်းတွေ ထပ်မဖြစ်ဖို့ အရေး ကြီးပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဗုဒ္ဓဘာသာနဲ့ မွတ်စလင် ဘာသာဝင်တွေကြား ပဋိပက္ခ တွေ နဲ့ပတ်သက်လို့ အထူးစိုးရိမ်တယ်လို့ စက်တင်ဘာလဆန်းပိုင်း နယူးယောက်၊ ကုလသမဂ္ဂမှာ ကျင်းပတဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံများ အစည်းအဝေးမှာထုတ်ဖော်ပြောဆိုထားပါတယ်။ မြန်မာ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအရင်း ခံတွေကို သေချာစွာ မဖြေရှင်း၊ အရေးမယူဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ထိခိုက်မယ်လို့ ဘန်ကီးမွန်းက သတိပေးပါတယ်။
သီရိလင်္ကာ BBSအဖွဲ့ နဲ့ ၉၆၉ လှုပ်ရှားမှုတို့ ဆက်ဆံရေး ထူထောင်ပြီးမှ အဓိကရုဏ်းတွေဖြစ်လာမယ်ဆိုရင် အဓိကရုဏ်း တွေရဲ့ ပင်မ အမုန်းစကား ဖြန့်ဖြူးသူ မှန်သမျှကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဖို့လိုတဲ့အပြင် အဓိကရုဏ်း တွေ ထပ်မဖြစ်ပွားဖို့ အခုအချိန်ကစလို့ မျက်ခြေမပြတ် သတိထားစောင့်ကြည့်ဖို့ လိုနေပြီဖြစ်ပါတယ်။
http://burma.irrawaddy.org/news/2014/09/30/65339.html

အချစ်ရေးကို ဦးစားမပေးပါဘူးဆိုတဲ့ ကချင်မော်ဒယ်အလှလေး


ka chin
Awng Seng
“အချစ်ရေးက အမှန်အတိုင်းပြောရင် အေးအေးဆေးဆေးဖြစ်တာ အတော်ကြာပြီ။ အချစ်ရေးက အခုချိန်ထိ အောန်ဆိုင်းအတွက် နံပါတ်တစ် ဦးစားပေးနေရာမှာ မရောက်သေးဘူး။ ကိုယ်ရဲ့ မိသားစုနဲ့ ကိုယ်အလုပ်ကိုဘဲ ဦးစားပေးဖြစ်တယ်။”
ကိုးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် 2014th Asia Model Festival Award ပွဲတွင် မြန်မာပြည်ကိုယ်စားပြုကာ Myanmar Star Model Award ဆုကို ရရှိခဲ့သည့် ကချင်တိုင်းရင်းသူ သရုပ်ဆောင် မော်ဒယ်လ် အောန်ဆိုင်းအား Kachin Waves မှ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
Kachin Waves : အောန်ဆိုင်းရခဲ့တဲ့ ဆုအမျိုးအစားကို ပြောပြပေးပါဦး။ ဒါအောန်ဆိုင်းအတွက် ဘယ်နှစ်ကြိမ်မြောက်ရတာလဲ။
A S : ဒါပထမဆုံးရတာပါ။ အောန်ဆိုင်းရခဲ့တဲ့ဆုက Myanmar Star Model Award ဆုပါ။ ဆုချီးမြင့်တဲ့ပွဲက 2014 Asia Model Festival Award ပွဲပါ။ သီးသန့်ဆုချီးမြင့်တဲ့ပွဲပေါ့။ ဘယ်လိုတွေကြောင့် ရွေးတယ်ဆိုတာတော့ ကျွန်မမသိဘူး။ ဒါပေမယ့် သူတို့က နှစ်တစ်နှစ်ရဲ့ ကိုးရီးယားမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေကို ဆုပေးတယ်။ ပြီးရင် အာရှနိုင်ငံတွေအကုန်ပါတယ်။ ဂျပန်ကစပြီး မွန်ဂိုလီးယားအထိအကုန်ပါတယ်။ အဲဒီက အောင်မြင်တဲ့အနုပညာရှင်တွေကို ဆုချီးမြင့်တယ်။ ဥပမာ မလေးရှားကဆိုရင် Miss World ( မယ်ကမ္ဘာ) ကဆုတက်ယူတယ်။ အောန်ဆိုင်းကိုလည်း သူတို့က ဒီပွဲကို ပါဝင်ပေးပါ။ ဆုတက်ယူပေးပါဆိုပြီးဖိတ်တယ်။ သူတို့ ဘယ်လိုရွေးလိုက်တယ်ဆိုတာကို သေချာလည်း မရှင်းပြဘူး၊ ဘာကြောင့်ပါသွားလည်းဆိုတာ ကျွန်မ မသိဘူး။
KachinWaves : အောန်ဆိုင်းက မြန်မာနိုင်ငံ ကိုယ်စားပြုရခဲ့တာလား။
A S : ဟုတ်ကဲ့။ အဲဒီလိုဘဲ ဖြစ်မယ်။
KachinWaves : အခုလို ကိုရီးယားနိုင်ငံက ချီးမြင့်တဲ့ဆုကို မြန်မာပြည်ကိုယ်စားပြုရခဲ့တဲ့အတွက် ဘယ်လိုခံစားရလဲ။
A S : အောန်ဆိုင်းရဲ့ စိတ်ခံစားမှုကတော့ ရွေးခံရတုန်းက ပျော်တယ်။ ဒါပေမယ့် ဆုချီးမြင့် ပွဲကိုရောက်တဲ့အချိန်မှာ ကျွန်မတကယ်ရှော့ခ်ဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ထင်မထားဘူး။ ပွဲက တကယ့်ကို ကြီးကျယ်ခမ်းနားတယ်။ ပြီးတော့ အောန်ဆိုင်းတို့တွေက ကော်ဇောနီပေါ် လျောက်ရတယ်။ အဲဒီမှာ ကိုးရီးယား မီဒီယာတွေလည်း အပြည့်ဘဲ။ ထင်ထားတာထက် အများကြီးကွာတော့ ကျွန်မတော်တော်လေးကို ရှော့ခ်ဖြစ်သွားတယ်။ ပြီးရင် အောန်ဆိုင်းအတွက်တော့ ဒီပွဲက ကြီးမားတဲ့အတွေ့အကြုံပါဘဲ။ နိုင်ငံပေါင်းဆုံက Celebrities တွေ၊ မော်ဒယ်လ်တွေနဲ့သိခွင့် ခင်မင်ခွင့်ရတယ်။ သူတို့အကြောင်းကိုသိခွင့်ရတယ်။ အောန်ဆိုင်း အရမ်းဝမ်းသာတယ်။ ဒီဆုကလည်း အောန်ဆိုင်းကို အားပေးနေတဲ့ ပရိတ်သတ်၊ ဥပမာ ကချင်ဘက်မှာဆိုရင် အောန်ဆိုင်းစိတ်ဓါတ်ကျတဲ့အချိန်မှာ၊ အားငယ်တဲ့အချိန်တွေမှာ သူတို့တွေက အောန်ဆိုင်းကို ခွန်အား ပေးတယ်။ ဆုတောင်းပေးတယ်။ ဒါတွေကြောင့်ဘဲ ဒီအလုပ်ကို ဆက်လုပ်ဖြစ်တယ်။ ခွန်အားတွေဖြစ်တယ်။ ဒီအခြေအနေထိရပ်တည်ဖြစ်တယ်။ အဲဒါကြောင့် ပရိတ်သတ်တွေကိုလည်း အများကြီးကျေးဇူးတင်တယ်။
KachinWaves : အောန်ဆိုင်း လတ်တလော အနုပညာလှုပ်မှု အဖြစ် ဘာတွေလုပ်ထားလဲ။
A S : လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲကတော့ အောန်ဆိုင်း အားဆေး တီဗီကြေငြာ တစ်ခု ရိုက်ထားတယ်။ ရတနာဆိုင်ကြေငြာ ဘီလ်ဘုတ်ရိုက်ထားတယ်။ ပြီးရင် အင်္ကျီကြေငြာ ရိုက်ထားတယ်။
KachinWaves : အောန်ဆိုင်း ရထားတဲ့ လက်ရှိအောင်မြင်မှုကို ကျေနပ်လား။ အနုပညာနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ ရည်မှန်းထားလဲ။
A S : လက်ရှိအောင်မြင်မှုကို ကျေနပ်လားဆိုတော့ အောန်ဆိုင်းက ရည်ရှည်ရည်မှန်းချက်တော့ ရှိတယ်။ ဒါပေမယ့်လည်း နေ့တစ်နေ့အတွက် အလုပ်လုပ်တဲ့အချိန်မှာ အဲဒီနေ့အတွက် ကျွန်မအကောင်းဆုံး လုပ်နိုင်တယ်ဆိုရင် ကျွန်မ ကျေနပ်တယ်။
as_1
KachinWaves : အောန်ဆိုင်းဗီဒီယိုဇာတ်ကား ဘယ်နှစ်ကားလောက် ပါဝင်သရုပ်ဆောင်ထားပြီးပြီလဲ။ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ဘို့ အစီအစဉ်ရှိလား။
A S : ဗီဒီယိုဇာတ်ကား ၃ ကားရိုက်ထားတယ်။ ရုပ်ရှင်ရိုက်ဘို့ အစီအစဉ်မရှိဘူး။ အစီအစဉ်မရှိဘူးဆိုတာက တစ်ယောက်နဲ့တစ်ယောက် ခံယူချက်မတူဘူးပေါ့နော်။ ဒါရိုက်တာတွေ တော်တော်များများက ရိုက်စေချင်တယ်။ မင်းသားတွေကလည်း ရိုက်စေချင်တယ်။ သေချာလုပ်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီခေတ်မှာ အခုနောက်ပိုင်းဆိုရင် မင်းသမီးက များတယ်လို့သာ ပြောတာ။ တစ်ကယ်တမ်းတော့ သိပ်မရှိဘူးပေါ့နော်။ ဒါကြောင့် ရိုက်စေချင်တယ်။ ဒါပေမယ့် အောန်ဆိုင်းရဲ့ Main Job (အဓိကအလုပ်) က မော်ဒယ်လ်ဖြစ်တဲ့အတွက် မော်ဒယ်လ်ကို ပိုဦးစားပေးတယ်။ မော်ဒယ်လ်နဲ့ ပတ်သတ်တဲ့ဟာတွေကိုဘဲ အောန်ဆိုင်းပိုလုပ်ဖြစ်တယ်။ ဒီသရုပ်ဆောင်ပိုင်းကိုကျတော့ သိပ်ဦးစားမပေးဖြစ်ဘူး။ မလုပ်ဖြစ်ဘူး။
KachinWaves : အခုနောက်ပိုင်း အနုပညာရှင်တွေက သရုပ်ဆောင်လုပ်သလို သီးချင်လဲဆိုကြတော့ အောန်ဆိုင်းအနေနဲ့ရော သီချင်းဆိုဘို့ ခွေထုတ်ဘို့ အစီအစဉ်တွေမရှိဘူးလာ။
A S : အောန်ဆိုင်း သီချင်းဆိုဘို့ အစီအစဉ်လုံးဝမရှိပါဘူး။
KachinWaves : ကချင်တိုင်းရင်းသား အနုပညာလောကကိုရော ဘယ်လိုသုံးသပ်ချင်လဲ။
A S : အောန်ဆိုင်းအများကြီးတော့ မသုံးသပ်တတ်ဘူး။ သူတို့ရိုက်တဲ့ ဇာတ်ကားတွေ အောန်ဆိုင်း လက်လှမ်းမှီသလောက် ကြည့်မိတဲ့ အချိန်မှာ တကယ်ဘဲ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတယ်။ ကိုယ့်ဒေသကို ချစ်မြတ်နိုးတယ်။ ကိုယ်လူမျိုးကို ချစ်မြတ်နိုးတဲ့ စိတ်ခံစားမှုမျိုးတွေကို ပေးနိုင်တဲ့ ဇာတ်လမ်းတွေကို ရိုက်ကူးနိုင်တာ တွေ့ရတယ်။
KachinWaves : လောလောဆယ် ကချင်ပြည်နယ်ရောက်တုန်း ပရဟိတ အလုပ်တွေလုပ်ဘို့ရော အစီအစဉ်ရှိလား။ စစ်ရှောင်စခန်းတွေဆီကို သွားဖြစ်ဦးမလား။ ဇာတိမြေဖြစ်တဲ့ တနိုင်းကိုရော ပြန်ဘို့အစီအစဉ်ရှိလား။
A S : တနိုင်းကိုတော့ လောလောဆယ် ပြန်ဘို့ အစီအစဉ်မရှိသေးဘူး။ မြစ်ကြီးနားရောက်တုန်း မျက်မမြင်ကျောင်းသွားဘို့ အစီအစဉ်ရှိတယ်။ ဒီတစ်ခေါက်က Short Time ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေဆီရောက်ဘို့ အစီအစဉ်မရှိဘူး။ အရင်ကတော့ အောန်ဆိုင်းနဲ့ စိတ်တူတဲ့ သူငယ်ချင်း နှစ်ယောက် သုံးယောက်လောက်ခေါ်ပြီးတော့ ဝေးလံခေါင်ဖျားတဲ့ ဒုက္ခသည်စခန်းတွေထိ ၂ ခေါက်ရောက်ဖြစ်တယ်။
KachinWaves : အောန်ဆိုင်းရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး အခြေအနေကို ပြောပြနိုင်ရင် ပြောပြပေးပါလား။
A S : အချစ်ရေးက အမှန်အတိုင်းပြောရင် အေးအေးဆေးဆေးဖြစ်တာ အတော်ကြာပြီ။ အချစ်ရေးက အခုချိန်ထိ အောန်ဆိုင်းအတွက် နံပါတ်တစ် ဦးစားပေးနေရာမှာ မရောက်သေးဘူး။ ကိုယ်ရဲ့ မိသားစုနဲ့ ကိုယ်အလုပ်ကိုဘဲ ဦးစားပေးဖြစ်တယ်။
as_2
KachinWaves : အောန်ဆိုင်းကို အားပေးနေတဲ့ ပရိတ်သတ်ကို နောက်ထပ်ပြောချင်တာများ ရှိသေးလား။
A S : အားလုံးကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်။ အောန်ဆိုင်းလည်း အလုပ်ကို စေတနာနဲ့ သေချာကြိုးစားနေတယ်။ ဆက်လက်ပြီးအားပေးပါဦးလို့။
KachinWaves : ကျေးဇူးတင်ပါတယ်။
Credit to : KachinWaves

ဟောင်ကောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် MISTER ASIA 2014 မောင်ပြိုင်ပွဲတွင်


ဟောင်ကောင်တွင် ကျင်းပပြုလုပ်ခဲ့သည့် MISTER ASIA 2014 မောင်ပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးရရှိခဲ့သည့် မြန်မာနိုင်ငံမှက ဝင်ရောက်ယှဉ်ပြိုင်သူ Khar Ra (ခေါ်) မျိုးထွဋ်နိုင် သည် အောက်တိုဘာလ(၂၁)နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆုတံဆိပ်များနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၄င်းရရှိခဲ့သည့် ဆုတံမှာ စုစုပေါင်း(၅)ခုရှိခဲ့ပြီး Mr. Asia – Second Runner Up ၊ Viewers’ Choice Winner (Mr. Popularity) ၊ Mr. Charismatic Award ၊ Mr. Gorgeous Award နဲ့ Missosology ‘s Top Favourite တို့ဖြစ်သည်။
khar_1
khar_2
khar_3
khar_4
khar_5
khar_6
khar_7

credit to ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ
  • Shopping
  • Winners
  • Magazines
  • Missosology
  • Aung
  • Love Horoscope
  • Ebooks
  • Shopping Cart
  • Horoscope

၂၀၁၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလမောင်နှင့်မယ်ပြိုင်ပွဲ


၂၀၁၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလမောင်နှင့် အမျိုးသမီးကာယကြံ့ခိုင်မှု ပြိုင်ပွဲတို့ကို ရန်ကုန်မြို့ MCC မှာ ဇွန်လ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ကာယဗလမောင်ပြိုင်ပွဲတွင် သက်ကြီးတန်း ကာယဗလ မောင် (အသက်၅၀နှင့်အထက်) ပြိုင်ပွဲဝင်၁၄ ဦး၊ အငယ်တန်း ၂၆ ဦးနဲ့ အလွတ်တန်း ၁၀ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အမျိုးသမီး ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ၅ ပေ ၃လက်မအထက် ၁၀ ဦးနဲ့ ၅ ပေ ၃ လက်မအောက် ၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဓာတ်ပုံ – ယမင်းဦး၊ မြတ်သူအောင်

မေဘရဏီသော်နှင့်International Beauty Pageant 2014


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော် ၀င်ရောက်ယှဉ်ပြိုင်နေပါတယ်။
သက်တမ်း ၅၄ နှစ်ရှိဖြစ်တဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲကို နိုင်ငံပေါင်း ၆၅ နိုင်ငံက အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ဆုပေးပွဲကို Shinagawa Prince Hotel Hall မှာ ကျင်းပနေပါတယ်။
Miss Myanmar International 2014 အဖြစ် အလှမယ် ခင်ဝေဖြိုးဟန်မှ ရွေးချယ်ခြင်း ခံခဲ့ရ ပေမယ့် အသက် ၁၈ နှစ်ပြည့်ဖို့ လိုအပ်နေတာကြောင့် Miss International Organization က 1st Runner Up အလှမယ် မေဘရဏီသော် ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မိမိအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို အခြေခံပြီး အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင် သွားမှာဖြစ်သလို မြန်မာပြည်သူတွေရဲ့ အားပေးမှုကို မျှော်လင့်နေတယ်လို့ အလှမယ် မေဘရဏီသော် က တိုကျိုမြို့မှာ ဒီဗွီဘီကို ပြောပါတယ်။
Miss International Beauty Pageant ကိုအိုကီနာဝါကျွန်းမှာ ၂၀၁၂ ခုနှစ်က ကျင်းပခဲ့တဲ့ ပွဲကစလို့ အလှမယ် နန်းခင်ဇေယျာ က မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၂၀၁၃ မှာ အလှမယ် ဂုဏ်ရည်အေးကျော်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဓမ္မစေတီခေါင်းလောင်းကိုယ်ဆယ်ယူသည့် စံလင်းအား ဖိုးတွမ်တီးဖြင့်အရေးယူတော့မည်


ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှုဟာ နိုင်ငံတော်လိမ်လည်မှုတခု ဖြစ်တာကြောင့် အစိုးရ အနေနဲ့ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ရန်ကုန်မြစ် အတွင်း နစ်မြုပ်နေတယ် ဆိုတဲ့ ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လကနေ စက်တင်ဘာလထိ ကြိုးစားခဲ့ရာမှာ နဂါး အစောင့်အရှောက်တွေနဲ့ ခေါင်းလောင်းကို တွေ့ပြီလို့ ပြောဆိုခဲ့သလို သတင်းမီဒီယာ အချို့ကလည်း နေ့စဉ်ရက်ဆက် ရှုထောင့် အမျိုးမျိုးနဲ့ ရေးသားဖော်ပြခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ  ပြည်သူလူထု တရပ်လုံးကို လိမ်လည် လှည်ဖြားခဲ့တာ ဖြစ်တာကြောင့် ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
dvb5“နိုင်ငံတော်ပိုင် ပစ္စည်းအနေနဲ့ ဒီခေါင်းလောင်းကြီး တူးဖော်တဲ့နေရာမှာ ခွင့်ပြုပေးခဲ့တယ်။ ရဲကအစ လုံခြုံရေးတွေ ပေးလာခဲ့တယ်။ နောက်တခုက တူးဖော်တဲ့သူအနေနဲ့ တွေ့ပါပြီလို့ ပြောတယ်။ ပြည်သူလူထုကိုလည်း မျှော်လင့်ချက်တွေ အများကြီးပေးခဲ့တယ်။ ဒါပေမယ့် တကယ်တမ်း နောက်ဆုံးကျတော့ တွေ့ခဲ့တာလည်း မရှိဘူးဆိုတော့ ဒါဟာ လိမ်လည်မှုကြီးတရပ်အနေနဲ့ ပြည်သူတွေကြားမှာ ခံစားနေရတယ်၊ ပြောဆိုနေကြတယ်။ အဲဒီလို ခံစားနေရတဲ့အပေါ်မှာ နိုင်ငံတော်အစိုးရက ဒီနေ့ဒီအချိန်ထိ အရေးယူအပြစ်ပေးတာတွေ အခုချိန်ထိ မရှိဘူး။ ထိထိရောက်ရောက် ရှင်းလင်းတာမျိုးကို နိုင်ငံတော်အစိုးရကနေပြီး တာဝန်ယူပြီး လုပ်ပေးရမယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတော်နဲ့ချီပြီး ဆောင်ရွက်ခဲ့တဲ့ ကိစ္စဖြစ်တာကြောင့် ဒါဟာ ပြောရမယ်ဆိုရင် နိုင်ငံတော် လိမ်လည်မှုတရပ်လို့ ပြောလို့ရပါတယ်။”
ဦးစံလင်းရဲ့ လုပ်ရပ်တွေဟာ ပြည်သူလူထု တရပ်လုံးကို ရည်ရွယ်ချက် ရှိရှိ လိမ်လည်ခဲ့တာ ပေါ်လွင်လို့ ရာဇသတ်ကြီး ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက် အတွင်းရေးမှူး ဦးကြီးမြင့်က “လိမ်စဉ်တွေထည့်ပြီးတော့ မိမိပြောဆိုတဲ့ အရာရောက်အောင် အပိုတွေ ပြောတာမျိုးတွေ၊ ငွေကြေးတွေ ကိုင်တွယ် သုံးစွဲလာတာမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒါ လိမ်လည်မှုမြောက်တယ်၊ ပုဒ်မ ၄၁၅ မှာ လိမ်လည်မှုမြောက်တယ်။ နောက်တခါ သာမန်လိမ်လည်မှုဆိုရင် ၄၁၇ နဲ့ ထောင် ၁ နှစ်ချနိုင်တယ်။ ဒိထက်ပိုဆိုးဝါးတဲ့ လိမ်လည်မှုဆိုရင် ပုဒ်မ ၄၂၀ နဲ့ ထောင် ၇ နှစ် ချနိုင်တယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်။ နဂါးတွေကပဲ စောင့်ရှောက်နေတယ်ဆိုတဲ့ သဘောမျိုး အထိ ပါလာပြီး ချဲ့လာပြီး တွေ့လည်း မတွေ့ဘူးဆိုရင်တော့ အနိမ့်ဆုံး ၄၁၇ ကတော့ ငြိနေပြီဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။
လူတွေရဲ့ ယုံကြည်မှုကို အသုံးချပြီး လိမ်လည် လှည့်ဖြားခဲ့တဲ့ ဖြစ်ရပ်တွေ အပေါ်မှာ ပြည်ထဲရေးက စုံစမ်းဖော်ထုတ် အပြစ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပြီး ဓမ္မစေတီ ခေါင်းလောင်း ရှာပုံတော်ကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုတယ်လို့ သမိုင်းသုတေသီ ဦးဘုန်းတင့်ကျော်က ပြောပါတယ်။
“ဓမ္မစေတီခေါင်းလောင်းကြီးက သမိုင်းကြောင်းအရရော၊ ဘာသာရေးအရရော ၂ ခုလုံး ပတ်သက်တယ်။ ကျနော်တို့ တွေ့ခဲ့ဖူးတာက ဘာသာရေးအပိုင်း ခုတုံးလုပ်ပြီး ပြည်သူကို မမှန်မကန်ပြောတာတွေ၊ လုပ်ဆောင်တာတွေအတွက် အရေးယူခဲ့တာတွေ ရှိပါတယ်။ ပြည်သူရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားတဲ့ဟာမျိုးတွေ နောင်အရမ်းမလုပ်ရဲအောင်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် ကိုင်တွယ်အရေးယူသင့်ပါတယ်။”
နိုင်ငံတော်က ဘွဲ့တံဆိပ် ချီးမြှင့်တာ ခံထားရတဲ့ တပ်မတော်ရေ အငြိမ်းစား ဦးစံလင်းဟာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့  ဓမ္မစေတီ ခေါင်းလောင်းကြီးကို  သြဂုတ် ၉ ရက်နေ့က စတင်ရှာဖွေခဲ့တာဖြစ်ပြီးအချိန် ၁ လကျော် ကြာမြင့်ခဲ့ပါတယ်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငစင်ကာက လက်နက်လုပ်ဖို့အတွက် ယခင် ဒဂုံ (ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းက တဆင့် သယ်ယူစဉ် နစ်မြစ်ခဲ့တယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ ပါးစပ်ရာဇဝင်တွေက တဆင့် ဖြစ်ပေါ်ခဲ့တာကြောင့် အထောက်အထား ခိုင်လုံမှု မရှိဘူးလို့ သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ထောက်ပြ ပြောဆိုထားကြပါတယ်။
http://burmese.dvb.no/archives/70363

ကြံ့ဖွတ်စစ်ခွေးအရေခွံကျွတ်တွေ လွှတ်တော်ထဲမှာ အူနေကြပြီ


ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်နိုင်ငံက အမည်မည်းစာရင်းမှာ ထည့်သွင်းသတ်မှတ်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အဆိုကို ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာတင်သွင်းတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်အားလုံးက တညီတညွတ်တည်း သဘောတူ အတည်ပြုခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြပေးထားပါတယ်။
အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်းထဲသွင်းပြီး ပြစ်ဒဏ်ခတ် ပိတ်ဆို့လိုက်တဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်းအဆိုတရပ်ကို မင်္ဂလာဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။
ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ သဘောတူ အတည်ပြုလိုက်ကြပါတယ်။ အမေရိကန်အစိုးရရဲ့ လုပ်ရပ်ကို ဘာ့ကြောင့် ကန့်ကွက်ရသလဲဆိုတာ ပြည်ခိုင်ဖြိုးပါတီ၊ ဧရာဝတီတိုင်း၊ ကြံခင်းလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီက VOA ကို ရှင်းပြပါတယ်။
“လွှတ်တော်ကိုယ်စားလှယ်တယောက်ကို အမေရိကန်အစိုးရက ပိတ်ပင်တားဆီးတယ်ဆိုတာ လွှတ်တော်ရဲ့ဂုဏ်သိက္ခာထိတယ်။ နောက်တခုက ကိုယ်စားလှယ်ဂုဏ်သိက္ခာထိတယ်။ ဦးအောင်သောင်းက တို့နိုင်ငံ ပြည်သူလူထုရဲ့ကိုယ်စားလှယ်ဖြစ်နေတယ်။ လွှတ်တော်ရဲ့တာဝန်ပေးထားတဲ့ ရေးရာ ကော်မတီဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ဘက်ကတော့ ရှင်းရှင်းပြောရရင်တော့ ကိုယ့်လက်သည်းဆိတ်၊ ကိုယ့်လက်ထိပ် နာတာပဲ။ ကိုယ့်ဘက်က။ လွှတ်တော်ဂုဏ်သိက္ခာထိခိုက်တယ်၊ လွှတ်တော်ကိုယ်စားလှယ်ဂုဏ်သိက္ခာထိခိုက်တယ်လို့ ခံယူတယ်။ ဒါကြောင့်မို့လို့ အကိုတို့ ဘက်က အဆိုတင်သွင်းတယ်။ အဲဒါကို အထက်လွှတ်တော်ထဲမှာတင်ပြတယ်။ တင်ပြတဲ့အခါမှာ လွှတ်တော်တခုလုံးက ကန့်ကွက်ချက်မရှိ ---ဆုံးဖြတ်ချက်နဲ့  ဆုံးဖြတ်တယ်။ ဒါပဲ။”
ဦးအောင်သောင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီဖက်က တင်သွင်းတဲ့ ဒီအဆိုကို NLD ပါတီဖက်ကလည်း ကန့်ကွက်မှုမရှိဘဲ ဘဘောတူညီ ခဲ့တာပါ။ ဘာ့ကြောင့် မကန့်ကွက်ရသလဲ ဆိုတာကို NLD ပါတီ မန္တလေးတိုင်း အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက ကျနော်တို့ လွှတ်တော်ထဲဝင်တဲ့အချိန်မှာ ကျနော်တို့တွေ ဘာပြောလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကျနော်တို့လုပ်နေတယ်၊ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်။ လွှတ်တော်ထဲမှာ ကျနော်တို့ရဲ့ နောက်ထပ်မူဝါဒတခုက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး။ ဒီမူအပေါ်မှာ ရပ်တည်မယ်ဆိုပြီးတော့ လုပ်တာ လွှတ်တော်ထဲမှာ။ တိုင်းပြည်ကောင်းမယ့် အနေအထား၊ ဘယ်လိုပဲဖြစ်နေနေ၊ ဘယ်သူပဲတင်တင်၊ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးမူကို ရပ်တည်ပြီး ထောက်ခံခဲ့တာပဲ။ ဒီဟာကိုလည်း အသွင်ကူးပြောင်းရေးကာလမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ပြောင်းတာပဲဖြစ်ချင်တယ်။ ဒီမိုကရေစီလည်း ရချင်တယ်။ နောက်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေလုပ်နေတာမှာလည်း အားလုံးကို အဆင်ပြေချောမွေ့စေချင်တယ်။ အဲဒါကြောင့်မို့လို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူပေါ်မှာ ရပ်တည်ပြီးတော့ ကျနော်တို့ ထောက်ခံခဲ့တာပါ။”
၂၀၁၀ ရွေးကောက်ပွဲ ပြီးချိန်ကစလို့ အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေ ပျော့ပြောင်းလာပြီး အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာခဲ့တာပါ။ ဦးအောင်သောင်း ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ပြုမူချက်ကို အခုလို ကန့်ကွက်လိုက် တာဟာ နှစ်နိုင်ငံ အစိုးရကြား ဆက်ဆံရေးတွေ ထိခိုက်မှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ  လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ခုလို တုံ့ပြန်ပါတယ်။
“ကိုယ့်စိတ်ထဲမှာ အဲဒါပါတယ်လေ။ လက်ရှိအခြေအနေကောင်းနေတဲ့ အမေရိကန်-မြန်မာဆက်ဆံရေးထိခိုက်စေနိုင်တယ်။ ဒီလုပ်ရပ်က။ ထိခိုက်မှာစိုးလို့ကို ဒီကိစ္စကို ကိုယ်တို့က ကန့်ကွက်တာ။ အမေရိကန်အစိုးရက မြန်မာနဲ့ဆက်ဆံရေးကောင်းနေရင် ဒါ မလုပ်သင့်ဘူးလို့ ယူဆတာပေါ့။ ကျန်တဲ့လုပ်ငန်းရှင်နဲ့မဆိုင်ဘူး။ ဦးအောင်သောင်းက လွှတ်တော်ကိုယ်စားလှယ်လေ။ လွှတ်တော်ကိုယ်စားလှယ်ကိုထိရင် လွှတ်တော်ကိုထိတာနဲ့အတူတူပဲပေါ့။ ဒါပါပဲ။”
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တဦးကို အမေရိကန်ရဲ့ ပစ်မှတ်ထား စီးပွားပိတ်ဆို့တဲ့ စာရင်းထဲ အောက်တိုဘာ (၃၁) ရက်နေ့မှာ ထည့်သွင်း ဖေါ်ပြခဲ့ပါတယ်။

မက္ကစီကိုနိုင်ငံပြည်သူတွေက တရုတ်နိုင်ငံကိုဆန့်ကျင့်လိုက်ပြီ



 မက္ကစီကိုနိုင်ငံ မီရထားစီမံကိန်းမှာ တရုတ်ကုမ္မဏီက လေလံအောင်
ခဲ့ပါတယ်။ သို့သော်လည်း မက္ကစီကိုအစိုးရက တရုတ်ရဲ့လုပ်ပိုင်ခွင်ကို
ရုပ်သိမ်းလိုက်ပြီး (ဂျပန်၊ဂျာမနီ၊စတဲ့နိုင်ငံသားကုမ္မဏီများကို လေလံပေး
မယ်လို့) ထုတ်ပြန်ကြော်ငြာထားပြီး တရုတ်လေလံကို ပြန်လည်ရုပ်သိမ်း
ရခြင်းဟာ  . . ..
“မက္ကစီကိုပြည်သူတွေရဲ့ စိုးရိမ်မှုကြောင့်တရုတ်လုပ်ပိုင်ခွင့်လေလံကို
ပြန်လည်ရုတ်သိမ်းလိုက်ခြင်းဖြစ်ပါတယ်”
လို့ အကြောင်းပြခဲ့ပါတယ်။
တရုတ်ကတော့ ဥပဒေကြောင်းအရ တုန့်ပြန်သွားမယ်လို့ဆိုပါတယ်။
အထက်ပါ သတင်းကို ခြုံငုံသုံးသပ်မယ်ဆိုရင်  . ..
တရုတ်နိုင်ငံရဲ့ အတ္တအလိုဆိုးကြီးမားသော စီးပွားရှာမှုကို ကမ္ဘာက
သိနေတယ်ဆိုတာပါပဲ။
ဒီလို အတ္တလွန်ကိုယ်ကျိုးရှာသောတရုတ်ရဲ့မသမာမှုဟာ လက်ပတောင်း
တောင်ဒေသကမျက်မြင်သက်သေပါပဲ။
ဒါကို မြန်မာပြည်သူတွေသိစေချင်ပါတယ်။ ပရဟိတမဲ့ ကိုယ်ကျိုးရှာ
သောတရုတ်ကုမ္မဏီများရဲ့ ယုတ်မာမှုကို မြန်မာအစိုးရကသာ“ပုလင်း
တူဗူးစို့” မို့ ငြိမ်တုတ်ဝေမျှစားသောက်နေကြသော်လည်း ၊ ကမ္ဘာနိုင်ငံ
ခေါင်းဆောင်များကတော့ လက်မခံတဲ့အပြင် ၊ တရုတ်နိုင်ငံကုမ္မဏီရဲ့
လုပ်ပိုင်ခွင့်ကို အခုလို တရားဝင်ရုပ်သိမ်းနေပါတယ်။
Reference
DvB
ဓမ္မအလင်းကိုဝေမျှလိုက်ခြင်း
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)


Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget