.

AlinShin

Sunday, February 17, 2013

သီရိလင်္ကာနိုင်ငံတွင် B.A M.A Ph.D တန်းများ တက်လိုသော ကျောင်းသား ရဟန်းတော်များအတွက် လမ်းညွှန်


သီရိလင်္ကာနိုင်ငံတွင် B.A M.A Ph.D တန်းများ တက်လိုသော
ကျောင်းသား ရဟန်းတော်များအတွက် လမ်းညွှန်

၁။ အရင်ဆုံး ပတ်စ်ပို့လုပ်ရပါမည်။
ပတ်စ်ပို့လုပ်ရန်အတွက် ဓါတ်ပုံ တစ်ပုံ၊ မိမိသီတင်းသုံးသောကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးထံမှ ထောက်ခံချက်ယူ၊
ထို့နောက် သာသနာရေးရုံး (ဘဲဥကန်စာကြည့်တိုက်၊ ဆဋ္ဌသံဃာယနာ လှိုဏ်ဂူထိပ်၊ ကမ္ဘာအေးကုန်းမြေ)သို့သွားရမည်။
ထိုဌာနမှ ပတ်စ်ပို့လုပ်ရန်အတွက် ထောက်ခံချက်ပေးပါမည်။ မည်သူ့ကိုမျှ ၀တ္ထုငွေပေးရန်မလိုပါ။
ထို့နောက် စက်မှု ၁ လမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ သွားပါ။ ထိုရုံးသို့ရောက်လျှင် ပတ်စ်ပို့လုပ်ရန်အတွက် ဓါတ်ပုံဖိုး ၅ ထောင်၊ စာရွက်စာတန်း ဖောင်ကြေး ၁ ထောင်၊ ဘဏ်ချာလန်သွင်းကြေး ၂ သောင်း(ခန့်မှန်း) ကုန်ကျပါသည်။ မိမိမလုပ်တတ်ပါက နီးစပ်ရာ ရဲဝန်ထမ်းများကို မေးမြန်းနိုင်ပါသည်။ ဖောင်ဖြည့် ပြန်တင်ထားပီးလျှင် ၂၁ ရက်စောင့်ရပါမည်။ ၂၁ ရက်ကြာသောအခါ ပတ်စ်ပို့ထုတ်နိုင်ပါသည်။

၂။ ပတ်စ်ပို့ရလျှင် သီရိလင်္ကာသံရုံးသို့သွားပါ။
မြန်မာရဟန်းတော်များအတွက် ဆိုက်ရောက်ဗီဇာပေးသည့် အကြောင်း ထုတ်ပြန်ထားသော ထောက်ခံချက် တောင်းပါ။ သံရုံးအစောင့်ကို မေးလျှင် ရပါသည်။ ထိုသံရုံးမှ မြန်မာ ဒကာမလေးက ကူညီတတ်ပါသည်။ ထောက်ခံစာရလျှင် မိတ္တူကူးထားပါ။

၃။ လေယာဉ်လက်မှတ်ဖြတ်ပါ။
TG က ၇၀၀ ဒေါ်လာကျော်၊ MAI နှင့်ဖြတ်လျှင် ဒေါ်လာ ၅ ရာကျော်၊ ဒေါ်လာ ၂ ရာလောက် သက်သာအောင် MAI လေကြောင်းလိုင်းနှင့်သာ ဖြတ်လျှင်ရသည်။ transit ကို ထိုင်းမှ သွားသော လေယာဉ်ကိုသာဖြတ်ပါ။ မလေးလိုင်းက ကုလားလိုင်းဖြစ်သောကြောင့် ထိုင်းက ဗုဒ္ဓဘာသာဖြစ်ပြီး ဘုန်းကြီးကို ဦးစားပေးပါသည်။ လေယာဉ်လက်မှတ်ဖြတ်ရာတွင် D Form ကိုပါ တခါတည်း ၀ယ်ပါ။ လေယာဉ်လက်မှတ်က အသွားအပြန်အတွက်ဖြစ်သည်။ Baggage ကီလို ၃၀ ရသည်၊ Hand carry အတွက် ဘီးပါသော အိပ်လေးတွေက ပိုကောင်းပါသည်။ ထိုင်းလေဆိပ်ရောက်သောအခါ သယ်ရ သက်သာသောကြောင့်ဖြစ်သည်။
Hand carry တွင် ရေတို့ ပေါင်မုန့်တို့ကဲ့သို့ စားစရာများ မထည့်လာနှင့်၊ baggage ထဲသာထည့်ခံပါ။ ကွန်ပြူတာကဲသို့သော ပစ္စည်းများကိုသာ Hand Carry တွင်ထည့်ပါ။ hand carry ကမိမိသယ်နိုင်သလောက်သယ်နိုင်ပါသည်။ သို့သော် အဆမတန်ကြီးလွန်းလျှင်ကား သယ်ရ မ ရတာ မသက်သာပါ။ စင်ပေါ်တင်ရမည်ဖြစ်သောကြောင့် ချင့်ချိန်ပြီး ၀ယ်ပါ။

၃။ ယူလာရန်အတွက် ကွန်ပြူတာ၊ ဖုန်းဟန်းဆက် (တတ်နိုင်လျှင် အိုင်ပတ်)
စာချတန်းအတွက် ဓမ္မာစရိယအောင်လက်မှတ်နှင့် နိုကြီပြန်ထားတာ၊ အကြီးတန်းအတွက် အောင်လက်မှတ်နှင့် နိုကြီပြန်ထားတာ(မှတ်ချက်... အကြီးတန်းအောင်လက်မှတ်သည် BA အတန်းနှင့်ညီမျှပါသည်ကို နိုကြီတွင် ထည့်ခိုင်းထားသင့်ပါသည်) သာသနာ့တက္ကသိုလ်ဆင်းများအတွက်တော့ အောင်လက်မှတ် နှင့်အမှတ်စာရင်း။
ပတ်စ်ပို့ဓါတ်ပုံများများယူလာပါ။ အောင်လက်မှတ်များကို မိတ္တူပွားထားပါ။ စားစရများသယ်လိုလျှင် ဆီမပါအောင် ဂရုစိုက်ပါ။ ငါးပိ ငါးခြောက် လက်ဖက် ကော်ဖီမစ်များရှားပါသည်။ သယ်နိုင်သလောက်သယ်ပါ။ စာအုပ်များကို အများကြီးမသယ်ပါနှင့်၊ ဒီမှာ ရနိုင်ပါသည်။

၎။ လေယာဉ်လက်မှတ်ဖြတ်ပြီးလျှင် သီရိလင်္ကာနိုင်ငံရှိ မိမိရင်းနှီးသော သူငယ်ချင်းများထံသို့ ဆက်သွယ်ထားပါ။
ဘယ်နေ့ဘယ်အချိန် ဘယ်လေယာဉ်နဲ့လာမည်ကို သိမှ လာကြိုလို့ရမည်ဖြစ်ပါသည်။

၅။လာသောနေ့တွင် မင်္ဂလာဒုံလေဆိပ်၌ သီရိလင်္ကာသံရုံးမှ ထုတ်ပေးထားသော ဆိုက်ရောက်ဗီဇာစာရွက်မိတ္တူကို ပေးထားခဲ့ရပါမည်။ ထိုင်းလေဆိပ်သို့ရောက်သောအခါ မိမိ transit စီးရမည့်လေယာဉ်နှင့် နေရာ အချိန်တို့ကို သေချာစွာကြည့်ထားပါ။ ထိုင်းလေဆိပ်၏ ဖွဲ့စည်းပုံမှာ ဆိုက်ရောက်က အောက်ထပ် ထွက်ခွါက အပေါ်ထပ်ဖြစ်သည်။ မမှားပါစေနှင့်။ မိမိက ထွက်ခွါဖြစ်သောကြောင့် အပေါ်ထပ်ကို တတ်ရပါမည်။ များသောအားဖြင့် သီရိလင်္ကာသို့လာသော ထိုင်းလေဆိပ်လေမှ လေယာဉ်များမှာ ည ၉ နာရီမှ ၁၀ နာရီအတွင်းဖြစ်တတ်သည်။ ထိုင်းမှထွက်ခွါလာပြီး သီရိလင်္ကာလေဆိပ်သို့ ရောက်ခါနီးတွင် ဆိုဒ်ရောက်ကဒ် (White Card)ကို ဖြည့်ရပါမည်။ လေယာဉ်မယ်များမှ မပေးပါက တောင်းပါ။ နိုင်ငံခြားသားအတွက် ဖြည့်ရမည့် ကဒ်ဖြစ်သည်၊ နိုင်ငံသားကဒ်နှင့် မှားနေလျှင် လဲပါ။

၆။ သီရိလင်္ကာလေဆပ်သို့ရောက်လျှင် Arrival Visa ဟု စာတမ်းထိုးထားသောနေရာကို အရင်သွားပါ။ ဆိုက်ရောက် Visa အတွက် ၃၅ ဒေါ်လာပေးရပါသည်။ ထိုမှ Immagaration ကို ဖြတ်ရပါမည်။ Immagration ဋ္ဌာနမှ Visit Visa တစ်လအတွက် ထုပေးပါမည်။ သေချာကြည့်ပါ။ တံဆိပ်တုန်းမေ့ပြီးမထုမိသဖြင့် ဒုက္ခရောက်တတ်ပါသည်။ ထို့နောက် baggage claim (ဘက်ကေ့ ထုတ်ရမည့်နေရာ) ကို လာပါ။ အထွက်ဘက်ဖြစ်သည်။ မိမိ baggage ကို ရွေးပါ။ မမှားစေရန်အတွက် ရန်ကုန်ကပင် မိမိ baggage ကို လက်ကိုင်ပ၀ါစသည်ဖြင့် တစ်ခုခုအမှတ်အသားလုပ်ထားလဲ ရသည်။ baggage ရွေးပီးလျှင် ရပီဖြစ်သည်။ ထို့နောက် အထွက်ဘက်ကိုသာ လာခဲ့ပါ။ လာကြိုသောသူငယ်ချင်းများက စောင့်ကြိုနေပီဖြစ်ပါသည်။

မှတ်ချက် = သီရိလင်္ကာသို့ လာရမည်ဟု ဆွယ်ခြင်း မဟုတ်ပါ။ လာသောသူများအဆင်ပြေရန်အတွက် တင်ပေးခြင်းသာဖြစ်ပါသည်။
သီရိလင်္ကာသို့လာသော သူငယ်ချင်းများအားလုံးပဲ အဆင်ပြေကြပါစေ ။


နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် - ရန်ကုန်
Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget