.

AlinShin

Monday, December 1, 2014

အာဏာရှင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ငလျင်ဆိုးများ(အပိုင်း-၁)


မြို့ကြီးများနှင့် ငလျင်အန္တရာယ် - မန္တလေးနှင့်စစ်ကိုင်း
ပုဂံလွန်ပြီးနောက် ပုဂံ၏နောက်ဆုံးဘုရင် သီဟသူ၏ မြစ်တော် သတိုးမင်းဖျားက စစ်ကိုင်းနှင့် ပင်းယကို စုစည်းသိမ်းသွင်းကာ စတင်အခြေစိုက်သည့် မြို့မှာ အင်းဝ ဖြစ်သည်။ ပထဝီအနေအထားအရ အရေးပါသည့် ဧရာဝတီနှင့် မြစ်ငယ်မြစ်တို့ဆုံရာ ရေလွှမ်းမြေနုလွင်ပြင်၊ မြစ်ကျိုးအင်းများနှင့် ကောင်းမွန်သော စိုက်ပျိုးမြေများ ရှိရာ၊ ရှေးဘိုးဘများတည်သော ပုဂံနှင့် မဝေးသော ထိုအရပ်၌ မြေအကျယ် ဟက်တာ ၉၀၀ ခန့်အား မြန်မာသက္ကရာဇ် ၇၂၆ တပေါင်းလဆန်း ၆ ရက် (ခရစ်နှစ် ၁၃၆၄ ဖေဖေါ်ဝါရီ ၂၆) တွင် ကျုံး၊ မြို့ရိုးများနှင့် တကွ တည်ဆောက်ခဲ့သည်။ အတွင်းမြို့နှင့် မြို့ရိုးနံရံများကိုမူ နှောင်းပိုင်းခေတ်များ၌ တည်ဆောက်ခဲ့ပုံရသည်ဟု ပညာရှင်များက မှတ်ချက် ပြုထားကြသည်။ မြန်မာသမိုင်း၌ အင်းဝခေတ်သည် နိုင်ငံရေးအတက်အကျများစွာနှင့် ကြုံခဲ့ရသည်။ သို့သော်လည်း ပုဂံခေတ်လွန်သည်မှ ကုန်းဘောင်ခေတ်ထိ ထိုမြို့သည် နှစ်ပေါင်း ၄၇၀ကျော် ကြီးပွါးခဲ့၊ မြန်မာစာ၊ ယဉ်ကျေးမှုနှင့် မြန်မာဟန်ပန်တို့၏ စည်ပင်ရာ ခေတ်၊ ဌာနကြီး ဖြစ်ခဲ့သည်။
      ထိုမျှ နှစ်ကာလရှည်ကြာစွာ တည်ခဲ့သော မြို့တော်ကြီးသည် ဆိုးရွားလှသော သဘာဝဘေးကြီးနှင့် အဆုံးသတ်ခဲ့ရသည်ကို သမိုင်း၌ သံဝေဂရဖွယ် မှတ်တမ်းတင်ခဲ့သည်။ ထို သဘာဝဘေးမှာ ၁၈၃၉ မတ်လ ၂၃ ရက်နံနက်ပိုင်း၌ လှုပ်ခဲ့သော အင်းဝ ငလျင် ဖြစ်သည်။ ခရစ်နှစ် ၁၇၈၃ကပင် ဘိုးတော်မင်းက အမရပူရမြို့ကို တည်ထားပြီး ဖြစ်သည်။ သို့သော် ဘကြီးတော်လက်ထက် အင်းဝသို့ပြန်လည် အခြေစိုက်စဉ် ငလျင်လှုပ်ခြင်း ဖြစ်သည်။ ထိုငလျင်ကြောင့် မြို့ ပျက်သွားသည်။ သာယာဝတီမင်းလက်ထက် မြို့ပျက်ကို ပြန်လည်မပြင်ဆင်တော့ပဲ မြို့တော်ကို အမရပူရသို့ အပြီးတိုင် ရွေ့ပြောင်းသွားသည်။ ထိုမှတဆင့် မင်းတုန်းမင်းလက်ထက် ရတနာပုံသို့ ထပ်မံရွေ့ပြောင်းခဲ့သည်။ အင်းဝမြို့ဟောင်း၏ တည်နေပုံကို ပုံ (၁)၌ ပုံကြမ်း ရေးဆွဲပြထားသည်။ ပုံ (၂) သည် ငလျင်လှုပ်သဖြင့် ပျက်စီးခဲ့ရသော အင်းဝနှင့် အနီးဝန်းကျင်မှ ကြီးးမား ထင်ရှားသည့် အဆောက်အအုံများအား ပြသည့် ပုံ ဖြစ်သည်။


ပုံ (၁) အင်းဝမြို့ဟောင်း တည်နေရာပြပုံ။ မြို့ကွက်ပုံဟောင်း တခုအရ မြို့မြောက်ဖက်၏ အချို့ အပိုင်းသည် ဧရာဝတီမြစ်ရေ တိုက်စားသွားခဲ့ပုံ ရသည်။ အတွင်းမြို့၊ အပြင်မြို့နှင့် အနီးရပ်ဝန်းကျင်တို့၌ စေတီဟောင်းများ အများအပြားတွေ့ရသည်။



ပုံ (၂) အင်းဝငလျင်ကြောင့် ပျက်စီးခဲ့ရသော မင်းကွန်းပုထိုးတော်ကြီးနှင့် အင်းဝရှိ နန်းမြင့် မျှော်စင်။ ဤပုံ၌ မပြသော်လည်း အခြားထင်ရှားသော စေတီပုထိုးများ အများပြား ပျက်စီးသေးသည်။ ဤပုံသည် စာရေးသူ၏ ၂၀၁၁ GEM ဆွေးနွေးပွဲ၌ တင်ပြခဲ့သော ပုံ ဖြစ်သည်။

စစ်ကိုင်း-မန္တလေးဒေသ၏ ဘူမိဗေဒနောက်ခံ
မန္တလေးသည် အင်္ဂလိပ်ကိုလိုနီခေတ်မှ စ၍ အထက်မြန်မာနိုင်ငံ၏မြို့တော်ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တသန်း နှစ်သိန်းကျော်နေထိုင်သည့် မြို့ကြီး ဖြစ်သည်။ အရှေ့ဖက် ရှမ်းကုန်းမြင့် အခြေမှ နောက်ဖက် ဧရာဝတီမြစ်ကမ်းထိ ကျယ်ပြန့်သော ဧရာဝတီမြစ်ပြုဆင့်အပေါ် တည်ထားသော မြို့ဖြစ်သည်။ မြောက်ဖက်နှင့် အရှေ့ဖက်၌ စကျင်ကျောက်များနှင့် ဖွဲ့စည်းထားသော မန္တလေးတောင်၊ ရန်ကင်းတောင်များ ရှိသည်။ မြို့ကွက်အား အရှေ့မှ အနောက်၊ မြောက်မှ တောင် လားရာအတိုင်း လမ်းမများနှင့် အကွက်ကျကျ ဖေါ်ထုတ်ထားသည်။ မြို့၏အရှေ့ဖက်ပိုင်းမှ ဆည်တော်ကြီးမှ ရေသွယ်မြောင်းလက်တံက ရသည့် ရေနှင့် လယ်များ ရှိသည်။ မြို့၏ အရှေ့ဖက် တခြမ်းလောက်သည် ကျုံ့လွယ်ပွလွယ်သော အနက်ရောင် မြေအမျိုးအစား ဖြစ်သည်။ အနောက်ဖက်ခြမ်း ၈၄ လမ်းဝန်းကျင်မှ မြစ်ကမ်းနဖူးထိသည် ဧရာဝတီမြစ်ပြုဆင့်၌ ကျသော ရေဝနေသည့် သဲ၊ သဲနုန်းမြေအမျိုးအစားများ ဖြစ်သည်။ တောင်ဖက်ရှိ အမရပူရမြို့ဟောင်း၊ တောင်သမန်ဖက်ခြမ်းသည်လည်း အောက်ခံ နုန်းမြေပျော့များ၊ ရေလွှမ်းလွင်ပြင်များနှင့် ဖွဲ့စည်းသည်။ ရွှေကျက်ယက် ဆိပ်ကမ်းတဝိုက်၌မူ အောက်ခံကျောက်လွှာ ပေါ်ထွက်ပိုင်း အချို့အား တွေ့နိုင်သည်။
    ဧရာဝတီမြစ်၏အနောက်ကမ်းသို့ ကူးလိုက်လျှင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်တန်းကို ရောက်သည်။ လူဦးရေ တသိန်းလျော့လျော့ရှိသော စစ်ကိုင်းသည်လည်း အင်းဝနှင့် တလှည့်စီ ရှေးမြို့တော် ဖြစ်ခဲ့သည်။ စစ်ကိုင်းတောင်ရိုးအား မေးတင်၍ ဧရာဝတီမြစ်ချိုးကွေ့သည့် ရေလွှမ်းလွင်ပြင်အတိုင်း မြို့ပြတည်ထားသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အထိမ်းအမှတ် စေတီပုထိုးများနှင့် လှပသော မြို့တော်တခုဖြစ်သည်။ စစ်ကိုင်းတောင်တန်းအား အသွင်ပြောင်းကျောက် တမျိုးဖြစ်သော နိုက်စ် gneiss၊ ဧရာဝတီကျောက်လွှာစဉ်စုမှ သဲနှင့် စရစ်ဖြုန်းကျောက် စသည်တို့နှင့် ဖွဲ့စည်းထားသည်။ မြောက်ဖက် ရေခါးအင်းအရပ်၌ စစ်ကိုင်းပြတ်ရွေ့တလျောက် ကမ္ဘာ့အတွင်းပိုင်းမှ တွန်းထွက်လာသော အိုဖီယိုလိုက် ophiolite ခေါ်  ချော်ကျောက်များကို တွေ့နိုင်သည်။ လူသိထင်ရှားသော စစ်ကိုင်းပြတ်ရွေ့သည် ဤမြို့၏အလယ်မှ တောင်-မြောက်အတိုင်း ဖြတ်ထားသည်။ ထိုပြတ်ရွေ့လှုပ်ရှားမှုကြောင့်ပင် စစ်ကိုင်း၌ ငလျင် မကြာခန လှုပ်သည်။ ထိုအထဲမှ ၁၉၅၆ ဇူလိုင် ၁၆ ၌ လှုပ်သော စစ်ကိုင်းငလျင် သည် ထင်ရှားသည်။

တက်တိုးနစ်နှင့် အတိတ်ငလျင်များ
စစ်ကိုင်းပြတ်ရွေ့သည် ဤဒေသအတွက် တခုတည်းသော တက်တိုးနစ်ယန္တယား ဖြစ်သည်။ မြေထုချပ်အနားစွန်း ဖြစ်သည်။ မြေထုချပ်များ ရွေ့လျောမှုနှင့် မြေပြင် တုန်လှုပ်မှုတို့၏ အကြောင်းရင်းလည်း ဖြစ်သည်။ ဤပြတ်ရွေ့၏ အနောက်ပိုင်းသည် ဘူမိဗေဒ စာပေ၌ Burma Plate ဗမာ မြေထုချပ်ဟု ခေါ်ပြီး ပြတ်ရွေ့၏ အရှေ့ခြမ်းအား အရှေ့ကုန်းမြင့်ပိုင်း Eastern High Land ဟု ခေါ်သည်။ ထိုမြေထုချပ်များသည် စစ်ကိုင်းပြတ်ရွေ့အား မေးတင်၍ အနောက်ပိုင်းက မြောက်သို့လည်းကောင်း၊ အရှေ့ပိုင်းက တောင်သို့လည်းကောင်း ဦးတည် မျောရွေ့လျက် ရှိသည်။ ထိုရွေ့နှုန်းသည် ပျှမ်းမျှအား  ဖြင့် တနှစ်လျှင် ၂ စင်တီမီတာခန့် ရှိသည်။ ထိုပြတ်ရွေ့သည် စစ်ကိုင်းမြို့လယ်မှ ဖြတ်သွားသည်။ ပုံ(၃) တွင် စစ်ကိုင်းပြတ်ရွေ့နှင့် စစ်ကိုင်းမြို့အား ပြထားသည်။ ထို့နောက် ဧရာဝတီမြစ်ကို ဖြတ်ကာ အင်းဝမြို့ အရှေ့ဖက် မြို့ရိုးနှင့် မြစ်ငယ်မြစ်ရိုးအတိုင်း တောင်ဖက်သို့ ဆက်သွားသည်။ စစ်ကိုင်းပြတ်ရွေ့၏ ထိုအပိုင်း၌ မြေထုဖိညစ်မှုကြောင့် တောင်ကုန်း၊ တောင်ပူစာငယ်များ pop up ridge ဖြစ်လာပြီး ထိုတောင်ပူစာများ ထိပ်၌ ရှေးမြန်မာများက စေတီပုထိုးများ တည်ထားကြသည်။ ထိုစေတီများအား ကောင်းကင်မှကြည့်လျှင်သော်လည်းကောင်း၊ မြေပုံ၌ကြည့်လျှင်သော်လည်းကောင်း အင်းဝမြို့ဟောင်းးမှ မိတ္ထီလာ၊ ဝမ်းတွင်းခန့်ထိ တတန်းတည်းနီးပါး တွေ့ရမည်။

ပုံ (၃) စစ်ကိုင်းပြတ်ရွေ့နှင့် စစ်ကိုင်းမြို့။ (စစ်ကိုင်းတောင်ပေါ်မှ ရိုက်ထားသည့် ပုံ။) အနီရောင် မျဉ်းသည် စစ်ကိုင်းပြတ်ရွေ့ တည်ရှိရာကို ပြသည်။

သမိုင်းထဲမှ ငလျင်များ
စစ်ကိုင်းပြတ်ရွေ့သည် လှုပ်ရှားမှု အမြဲရှိနေသော ပြတ်ရွေ့အမျိုးအစား ဖြစ်သည်။ ဘူမိသမိုင်း၊ လူသားတို့ သမိုင်းတလျောက် ငလျင်ကြီးများ အကြိမ်ကြိမ် လှုပ်ခဲ့သည်။ ထိုအထဲမှ လူသားတို့၏မှတ်တမ်း၊၊ အထူး ဆိုရလျှင် ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ စသည့် မြန်မာ့ သမိုင်းစဉ်တလျောက် ငလျင်ကြီးများအား အနှစ်ချုပ်၍ ပုံ (၄) ၌ ဖေါ်ပြလိုက်ပါသည်။ ပုံအရ အကြမ်းဖြင်း သုံးသပ်ကြည့်လျှင် ပျှမ်းမျှနှစ်ပေါင်း ၆၀-၇၀ ခြားတိုင်းငလျင်ကြီး တကြိမ် အင်းဝအနီး၌ လှုပ်သည်ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် စစ်ကိုင်း-မန္တလေးဝန်းကျင်အတွက် နောက်ထက် ငလျင်ကြီး လှုပ်ရန် နီးကပ်လာချေပြီဟု ဆိုရမလိုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ၁၉၅၆က စစ်ကိုင်း ငလျင်ကြီး လှုပ်ခဲ့သည့် မှတ်တမ်း ရှိခဲ့သည်။

ပုံ (၄) အင်းဝနှင့် စစ်ကိုင်းဝန်းကျင်၌ လှုပ်ခဲ့သော ငလျင်များအား ခရစ်နှစ်အလိုက် ဖေါ်ပြချက်။ ပုံတွင်မြင်ရသည့် နန်းမြင့် မျှော်စင်၊ မယ်နုအုတ်ကျောင်းနှင့် မင်းကွန်းပုထိုးတော်ကြီး နှင့် ခေါင်းလောင်းကြီးတို့သည် ၁၈၃၉ အင်းဝငလျင်ကြီးလှုပ်စဉ်က ပျက်စီးသွားခဲ့ကြသည်။ ပျက်စီးသွားသော မယ်နုအုတ်ကျောင်းအား ဆင်ဖြူမရှင်က မူလလက်ရာအတိုင်း ပြန်လည် ဆောက်လုပ်လှူဒါန်းထားခြင်းကြောင့် ယခုပုံအတိုင်း မြင်တွေ့ရခြင်း ဖြစ်သည်။

ပြတ်ရွေ့ တလျောက် ရွေ့မှုနှင့် ငလျင်
ရှည်လျားလှသည့် စစ်ကိုင်းပြတ်ရွေ့တလျောက် လေ့လာမှုများအား ပြည်တွင်း ပြည်ပ ပညာရှင် များက ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲ ဖြစ်သည်။ ဤစစ်ကိုင်းတောင်ရိုး အဆစ်အပိုင်း၌လည်း လေ့လာချက်များစွာ ရှိထားသည်။ ထိုအထဲမှ စိတ်ဝင်စားစရာ တခုမှာ စစ်ကိုင်း ပြတ်ရွေ့၏ ရွေ့မှုအား Global Positioning System (GPS) ခေါ် မြေပြင်တည်နေရာပြစနစ် ကိုပြသည့် ကိရိယာများနှင့် တိုင်းတာပြသည့် စစ်ကိုင်းပြတ်ရွေ့၏ ရွေ့လျားပုံ ဖြစ်သည်။ ၁၉၉၇ မှ စကာ GIAC သုတေသနအဖွဲ့က တိုင်းတာသည်။ ထို့နောက် မြန်မာနိုင်ငံ ငလျင်ကော်မတီနှင့် စင်္ကာပူနန်ယန်းတက္ကသိုလ် ကမ္ဘာမြေပြင်တိုင်းတာလေ့လာရေးဌာနတို့ ပူးပေါင်း၍ စစ်ကိုင်းပြတ်ရွေ့ ရွေ့လျားမှုအား စောင့်ကြည့် တိုင်းတာလျှက် ရှိသည်။ ထိုအထဲမှ GIAC သုတေသန၏ တွေ့ရှိချက်အား ပုံ (၅)၌ ပြန်လည်ဖေါ်ပြလိုက်ပါသည်။

ပုံ (၅) စစ်ကိုင်းပြတ်ရွေ့၏ စစ်ကိုင်း-မန္တလေးအနီး အဆစ်အပိုင်း၌ တိုင်းတာရရှိသော အရွေ့။ (GIAC, 1997)

GIAC ၏ လေ့လာရေးအစီအစဉ်သည် ဆယ်စုနှစ်တခုလောက်မျှသာ ဖြစ်သော်လည်း တွေ့ရှိချက်များသည် အလွန် အသုံးတည့်သည်။ ပုံ (၅)အရ စုစုပေါင်းနှိုင်းရအရွေ့သည် ၁.၅ စင်တီမီတာခန့်သာ ရှိသည်။ စစ်ကိုင်းပြတ်ရွေ့၏ ဤအပိုင်းသည် ၂ စင်တီမီတာခန့် ဖြစ်သဖြင့် တိုင်းတာမှုမရှိတော့သည့် ယခုနှစ်များအတွင်း အရွေ့သည် တိုးလာဖွယ်ရာ ရှိသည်။ အကယ်၍ မှန်းထားသည့်အတိုင်း ပြတ်ရွေ့၏ အရွေ့သည် တိုးလာခဲ့ပါက ပြတ်ရွေ့မျက်နှာပြင်တလျောက် လက်ခံနိုင်သည့် အရွေ့သို့ ချဉ်းကပ်ခဲ့လျှင် (သို့မဟုတ်) ကျော်လွန်ခဲ့လျှင် နောက်ထပ် ငလျင်တခုဖြစ်နိုင်ချေ အလွန် နီးကပ်လာပြီဟု ဆိုနိုင်သည်။
အထက်၌ ပြခဲ့သော သမိုင်းမှတ်တမ်းမှ ငလျင်များနှင့် လက်တွေ့တိုင်းတာချက်များ၏ ရလာဒ်များသည် အလွန်နီးစပ်သည်။ ထို့ကြောင့် စစ်ကိုင်း-မန္တလေးအရပ်၌ ၁၈၃၉ ငလျင်ကဲ့သို့သော ငလျင်ဖြစ်ရပ်မျိုးအား မျော်လင့်ထားနိုင်သည်။ မြို့ပြ စီမံခန့်ခွဲသူများနှင့် အင်ဂျင်နီယာများ၊ သက်ဆိုင်သူများ ဤကိစ္စအား လေ့လာရန် တိုက်တွန်းသည်။ ၁၈၃၉တုန်းက ဆူနာမီကဲ့သို့ ဖြစ်ရပ် ဖြစ်ဘူးသည်။ မြစ်ကြောင်း၊ ရေကန်၊ အင်းများ၌ ဖြစ်သဖြင့် ကုန်းတွင်း ဆူနာမီ Seiche ဟု ခေါ်သည်။ မန္တလေးနှင့် စစ်ကိုင်းဖက်ခြမ်းရှိ မြေနိမ့် ရေလွှမ်းလွင်ပြင်များသည် ဤ ဖြစ်ရပ်အတွက် အဆင်သင့် မရှိသေးပေ။ ဧရာဝတီမြစ်ရိုး၌ အနည်ကျသည့် သဲများနှင့် ဖွဲ့စည်းထားသော ရေဝ သဲဆန်မြေများသည် ငလျင်လှုပ်လျှင် ရေကဲ့သို့ ပျော်ဆင်းသွားနိုင်သည်။ ဥပမာ ဆင်တချောင်းနှင့် မြစ်ကမ်းပါးတလျောက် အရပ်များ ဖြစ်သည်။ အထူးဆိုရလျှင် အုတ်အခြေခံ အဆောက်အအုံများသည့် မန္တလေး-စစ်ကိုင်းအတွက် ငလျင်ကဲ့သို့ သဘာဝဘေး ဆိုက်လျှင် ကြိုတင်ပြင်ဆင်သင့်သည်များအား ယခုမှစ၍ ပြင်ဆင်နိုင်ပါရန် အသိပေးလိုက်ပါသည်။
၁၈၃၉ ငလျင်သည် အလွန် အားပြင်းသော ငလျင်ကြီး တခုအဖြစ် မှတ်တမ်း တင်ထားသည်။ အကယ်၍ ထိုကဲ့သို့ ငလျင်ကြီးမျိုး ထပ်မံ ဖြစ်ခဲ့လျှင် မည်မျှ ပြင်းအား ရှိနိုင်မည်ကို ခန့်မှန်း၍ စစ်ကိုင်း-မန္တလေးအတွက် ပြင်းအားပြ မြေပုံတခုအား ပုံ (၆)၌ ပြလိုက်ပါသည်။ ထို့အပြင် အင်းဝ၏နောက်ဆုံး မြို့သုဉ်းသုည ဖြစ်ရသည် အဖြစ်အပျက်အားလည်း မမေ့ရန် တိုက်တွန်းလိုက်ပါသည်။

ပုံ (၆) စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့် ၁၈၃၉ အင်းဝငလျင်ကဲ့သို့ အလားတူ ငလျင် ဖြစ်ခဲ့လျှင် ဖြစ်နိုင်သော ငလျင်ပြင်းအားပြ မြေပုံ။ ဤပုံသည် အင်ဂျင်နီယာများ ဒီဇိုင်းတွက်ချက်ရာ၌ ကိုးကားရန် မဟုတ်ပါ။ ငလျင်ပြင်းအားကို သိသာစေရန်သာ ဖြစ်သည်။ ကွန်တို တန်ဖိုးများအား ကမ္ဘာမြေဆွဲအားအရှိန်၏ အချိုးဆ g unit နှင့် ပြထားသည်။

ပုံ၌ ခန့်မှန်း တွက်ပြသည့်အတိုင်းဆိုလျှင် အင်းဝအရပ်သည် ငလျင်အရှိန် အပြင်းဆုံးခံရသည့် သဘော မြင်ရသည်။ ဤအချက်သည် ၁၈၈၃က ထုတ်ပြန်သည့် မှတ်တမ်းများနှင့် ကိုက်ညီသကဲ့သို့ ရှိသည်။ ထိုသို့ ဆိုပါလျှင် ယခု မန္တလေးတွက် မှန်းထားသော ငလျင်အရှိန်သည် မသေးလှသည်ကို သိနိုင်သည်။
http://tintlwinswe.blogspot.com

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget