.

AlinShin

Monday, December 1, 2014

အာဏာရှင်ကဲ့သို့ကြောက်စရာကောင်းသော ငလျင်ဆိုးများ (အပိုင်း-၂-)


မြို့ကြီးများနှင့် ငလျင်အန္တရာယ် (ရန်ကုန်)-၂
ရန်ကုန်မြို့သည် ကုန်းဘောင်ခေတ် စတင်သည့်ဘုရင် ဦးအောင်ဇေယျလက်ထက် ၁၇၅၅မှ စ၍ ရန်ကုန်သည် ယနေ့ထိ ထိုအမည်နှင့်ပင် မြို့ကြီး ဖြစ်သည်။ ထိုစဉ်ကတည်းက ဆိပ်ကမ်းမြို့ ဖြစ်သည်။ အလောင်းဘုရားလွန်ပြီးနောက် သာယာဝတီမင်းက မြို့ကွက်အား ပြုပြင်ခဲ့သေးသည်။ လူဦးရေ သောင်းဂဏန်းမျှသာ ရှိသော ထိုမြို့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက်ခံ မြို့ဖြစ်သွားသည်။ ထိုစဉ်က ရန်ကုန် ခံတပ်မြို့ကွက်အား ပုံ (၆)အတိုင်း မြင်ရသည်။


ပုံ (၆) အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သော အလောင်းဘုရား၏ ရန်ကုန်မြို့။ (Leicester, 1954)

လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ခန့်က ရန်ကုန်သည် ယခုခေတ် လသာ၊ ဗိုလ်တထောင်၊ ကန်တော်ကြီးပါတ်လည်နှင့် ရွှေတိဂုံစေတီတော်တို့ ဖြစ်သည်။ ၁၉၃၀ခန့်၌ လူဦးရေ တသိန်းခန့်ထိ ရောက်ရှိလာသည်။ ထိုအထဲ၌ ဒေသခံက သုံးချိုးတချိုးမျှသာရှိပြီး ကျန်လူဦးရေမှာ နိုင်ငံခြားသားများ ဖြစ်ကြသည်။ သစ်ဝါး အဆောက်အအုံများနေရာ၌ အုတ်နှင့် ကွန်ကရိသုံးသော အဆောက်အအုံများ နေရာယူလာကြသည်။ အများအားဖြင့် အတွဲလိုက်ဆောက်ထားသော အုတ်တိုက်များ ဖြစ်သည်။ ထိုအချိန်ကာလ ၁၉၃၀ ဝန်းကျင်၌ပဲခူးငလျင် လှုပ်သည်။ ရန်ကုန်က လူ ၅၀ ခန့် သေသည်။ ယခုဝန်ကြီးများရုံးအပါအဝင် အုတ်တိုက်များ ကွဲအက်မှု ရှိခဲ့သည်။ ထို့နောက်ပိုင်း၌ ငလျင်အား မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြသည်။ တခါ ၁၉၇၀ ဝန်းကျင် ငလျင်တကြိမ် လှုပ်ဘူးသည်။ ရွှေတိဂုံစေတီတော် ထီးတော်ယိုင်သည်ထိ ဖြစ်ခဲ့သည်။ ထို့နောက် ငလျင်အား မေ့လျော့နေခဲ့ကြပြန်သည်။ ယခုရန်ကုန်သည် ၁၉၃၀၊ ၁၉၇၀ကနှင့် ဘာမျှမဆိုင်အောင်ပင် အရွယ်အစား ကြီးများ ကျယ်ပြန့်ကာ လူဦးရေလည်း အဆများစွာ တိုးပွါးလာခဲ့သည်။ ထို့အပြင် အဆောက်အအုံအများစုမှာ အင်ဂျင်နီယာအတတ်မသုံးဘဲ ဆောက်ကြသည်က များသည်။

ရန်ကုန်မြေသား၏ အင်ဂျင်နီယာဆိုင်ရာ သဘာဝ
ငလျင်လှုပ်သောအခါ အချို့မြေသည် တဆတ်ဆတ်နှင့် ခပ်သွက်သွက်လှုပ်သည်။ လှိုင်းထလောက်အောင် မတွေ့ရ။ အချို့မြေက လှိုင်းထသကဲ့သို့ ယိမ်းထိုးကာလှုပ်သည်။ ထိုသို့လှုပ်ရှားပုံ ကွဲပြားရခြင်းမှာ အောက်ခံမြေသား မတူသောကြောင့် ဖြစ်သည်။ မင်္ဂလာဒုံ-သန်လျင်တောင်ရိုး ကုန်းတန်းက လွဲ၍ ကျန်နေရာများမှာ မြေနုများသာ ဖြစ်သည်။ မြေနီကုန်းတဝိုက်၌ ကုန်းတွင်းကျ ချောင်းမြောင်းပို့ချမြေ အနည်းငယ်တွေ့ရသည်။  ဟိုစဉ်က သံပုံချိုင့်ဟုခေါ်သည့် ယခုတော်လှန်ရေး ပန်းခြံနေရာသည် ဖို့မြေ ဖြစ်သည်။ အင်ဂျင်နီယာအသုံး၌ ကျောက်သား၊ ကျောက်သားဆင်မြေလွှာနှင့် မြေသားများဟု ခွဲ၍ သိရန်လိုသည်။ အတန်းအစား ခွဲရလျှင် ကျောက်သည် A ဖြစ်သည်။ ကျောက်သားဆင်မြေလွှာသည် B ဖြစ်ကာ ထိုထက် ပျော့သော မြေလွှာများအား C, D, E, F စသဖြင့် ခွဲနိုင်သည်။ ထိုသို့ ခွဲနိုင်ရန် စံထားမြေဝင်စမ်းနည်း ဖြင့် မြေသားအား စမ်းသပ်ထားနိုင်သလို shear wave velocity (Vs) ခေါ် ကန့်လန့်လှိုင်း ဂုဏ်သတ္တိတန်ဖိုးအား ရှာဖွေထားနိုင်သည်။ ထိုအချက်များအပေါ် ချင့်ချိန်ကာ မြေအတန်းအစားကို ခွဲခြားရန် လိုသည်။ ရန်ကုန်မြစ် အောက်ခင်းပြင်တလျောက် အင်ဂျင်နီယာသုံး မြေသားခွဲခြားမှုနမူနာတခုအား ပုံ (၇)အတိုင်း ပြလိုက်ပါသည်။

ပုံ (၇) ရန်ကုန်မြစ်အောက်ခင်းပြင်၏ ကန်လန့်လှိုင်း Vs တန်ဖိုးအလိုက် ခွဲခြားထားသည့်မြေလွှာများ။

ပုံ (၇) သည် မြစ်ကို ဖြတ်၍ မြေစူးစမ်းလုပ်ငန်း အချက်အလက်များအား အခြေခံ၍ Vs တန်ဖိုးများအား ပြန်လည် တွက်ချက်ပြထားခြင်းသာ ဖြစ်သည်။ တိုက်ရိုက်တိုင်းတားထားသည့် တန်ဖိုးများ မဟုတ်ပါ။ ပုံအရ Vs တန်ဖိုး ၁၈၀m/s ထက်နည်းသော မြေလွှာသည် အတန်း E ဖြစ်ကာ ထိုမြေသည် အလွန်ညံ့သည်။ အဆောက်အအုံကြီးများအတွက် သူ့အပေါ် တိုက်ရိုက်တည်ရန် မသင့်တော်သော မြေမျိုး ဖြစ်သည်။ ၁၈၀ နှင် ၃၆၀ကြား မြေအတန်းအစားအား D ဟု သတ်မှတ်သည်။ ထိုမြေသည်လည်း အဆောက်အအုံကြီးများ တိုက်ရိုက်တည်ရန် မသင့်တော်။ Pile foundation ခေါ် မြေစိုက်တိုင်များပါ ထည့်သွင်းစဉ်းစားတည်ဆောက်မှ အသေအချာ တွက်ချက်ဆန်းစစ်ပြီးမှ တည်ဆောက်ရန် သင့်သော မြေမျိုး ဖြစ်သည်။ ပုံ၌ပြထားသည်မှာ အခြေခံစဉ်းစားနိုင်ရန်သာ ဖြစ်သည်။ ရန်ကုန်မြို့၏ နေရာ အတော်များများသည် ထို့ကဲ့သို့သော မြေများ အများစု ဖြစ်သည်။ ထို့ကြောင့် ယခုတလော ကြားရ မြင်တွေ့ရသည့် အဆောက်အအုံများ တိမ်းစောင်းခြင်း၊ မြေကျွံကျခြင်းများ ဖြစ်နေရခြင်း ဖြစ်သည်။ အတန်းအစား A, B ဆိုရမည့် မြေမာသည် မင်္ဂလာဒုံတောင်ရိုး၊ သန်လျင်ကုန်းတန်းများမှာသာ ရှိသည်။

အဆောက်အအုံများ
ရန်ကုန်အပါအဝင် မြို့ကြီး တော်တော်များများရှိ လူနေအိမ်၊ အဆောက်အအုံအများစုသည် အင်ဂျင်နီယာ ပုံထုတ်တည်ဆောက်ထားခြင်း မရှိသကဲ့သို့ ကြီးကြပ်ဆောက်လုပ်ခြင်း၊ သင့်လျော်မှန်ကန်သည့် ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ သုံးထားတာမျိုးလည်း မရှိသလောက် ဖြစ်သည့်အတွက် ငလျင်လှိုင်းအရှိန်အား တုန့်ပြန်ပုံကို ခန့်မှန်းရ ခက်သည်။ အကြမ်းအားဖြင့် ခွဲကြည့်ရလျှင် သစ်ဝါးအိမ်၊ သစ်တိုင်နှင့် အုတ်ညှပ်၊ အုတ်အခြေခံအဆောက်အအုံ၊ အင်ဂျင်နီယာအဆောက်အအုံဟု ခွဲနိုင်သည်။ ထိုအထဲတွင် အုတ်ညှပ်နှင့် အုတ်အခြေခံ အဆောက်အအုံများသည် အထိခိုက်အခံရနိုင်ဆုံး အဆောက်အအုံများ ဖြစ်သည်။ အင်ဂျင်နီယာဆောက်သော အဆောက်အအုံသည် အထပ်မြင့်လျှင်၊ ငလျင်ဖြစ်ရာနှင့်နီးလျှင် ထိခိုက်ခံရနိုင်ချေများသည်။ ဤသို့ စဉ်းစားလျှင် ကျယ်ပြန့်သော နေရာ အရည်အသွေးနိမ့်သော အိမ်ခြေအဆောက်အအုံများနှင့် တိုးပွါးလာသော လူဦးရေများနှင့် ရန်ကုန်သည် ငလျင်ဘေးထိခိုက်မှု အခြေအနေ မြင့်နေသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ထို့ကြောင့် ယခုကစ၍ ပြင်ဆင်ထားရန် လိုအပ်သည်။ ယိုင်နဲ့ အားနဲနေသော အဆောက်အအုံများအား ကျားကန်ခြင်း၊ ရေကန်၊ ရေပိုက်လိုင်းများ စိတ်ချအောင် ဆောင်ရွက်ထားခြင်း၊ စက်သုံးဆီလုပ်ငန်းများနှင် သိုလှောင်မှုများအား ဝေးရာသို့ ပို့ကာ ထိခိုက်ခံရမှု သက်သာအောင် ဆောင်ရွက်ခြင်း၊ ကျောင်းများနှင့် လူအများစုဝေးရာနေရာဌာနများ၊ ဆေးရုံများအား ပိုမိုခိုင်ခန့်အောင် ပြင်ဆင်ခြင်း စသည့် လုပ်ငန်းများအား အဆောတလျင် ဆောင်ရွက်ထားရန် လိုအပ်သည်။

စိတ်ကူးထားသည့် ငလျင်လှုပ်မှုနှင့် အရှိန်ပြမြေပုံ
တကယ်တန်း ရန်ကုန်-သန်လျင်တဝိုက်အား ငလျင်အန္တရာယ် ကျရောက်စေနိုင်သော ဌာန အနည်းဆုံး ၄ခု ရှိသည်။ အရှေ့ဖက်က စစ်ကိုင်းပြတ်ရွေ့၊ အနောက်ဖက်က ဒေးဒရဲ၊ မြောက်ဖက် တိုက်ကြီးအနီးအနားနှင့် တောက်ဖက် မုတ္တမပင်လယ်ထဲက ပြတ်ရွေ့များ ဖြစ်သည်။ ထိုအထဲမှ နာမည်ကျော် စစ်ကိုင်းပြတ်ရွေ့အား ရွေးချယ်ကာ နမူနာ စိတ်ကူးတွက်ချက်မှုတခုကို ပြလိုပါသည်။ မြေပြင်တိုင်းတာချက်အရ ပဲခူးမြို့နားမှသည် တောင်ဖက် ပင်လယ်ကမ်းစပ်ထိ စစ်ကိုင်းပြတ်ရွေ့၏ အဆစ်အပိုင်းတခုသည် ၁၁၀ကီလိုမီတာ ရှည်လျားသည်။ ၂၀၀၇လောက်က ဂျပန် တိုကျိုတက္ကသိုလ်မှာ စုစုမိ၏ သုတေသနအရ ၁၉၃၀ ငလျင်လှုပ်စဉ် ထို အဆစ်အပိုင်းသည် ၁.၅ မီတာ မှ ၁.၇မီတာခန့်ထိ ဘေးတိုက်ရွေ့သွားသည်ဟု သိရသည်။ လက်ရှိ ငလျင်မှတ်တမ်းများအရ ငလျင်လှုပ်နိုင်သော အနက်ဆုံးနေရာသည် မြေပြင်မှ ၃၀ကီလိုမီတာ ဖြစ်သည်။ ထိုအချက်များအား အခြေခံရသော် ထိုပြတ်ရွေ့အဆစ်အပိုင်းသည် ငလျင်ပမာဏ ၇.၃ ခန့် လှုပ်နိုင်သည်ဟု မှန်းဆ၍ ရသည်။ အကယ်၍ ထိုငလျင်မျိုး ထပ်၍ လှုပ်ခဲ့လျှင် လက်ရှိ မြို့ပြသို့ ငလျင်အရှိန် မည်မျှ ပြင်းပြင်း တုန်လှုပ် ရိုက်ခတ်မည်ကို တွက်ချက်ပြလိုက်ပါသည်။ ထိုသို့တွက်ချက်ရာ၌ Boore and Atkinson (2008) ၏ ငလျင်လှိုင်းတွက်ချက်သည့် ညီမျှချက်ကို သုံးထားသည်။ တွက်ချက်၍ရသော ငလျင်အရှိန်များကို ပုံ(၈)၌ ပြလိုက်ပါသည်။ ဆိုင်ရာ ကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ၊ စီမံအုပ်ချုပ်သူများ သိရှိကာ ကြိုတင်ပြင်နိုင်စေရန် ဖြစ်သည်။
ပုံ (၈) စစ်ကိုင်းပြတ်ရွေ့ ပဲခူး-သုံးခွ အဆစ်အပိုင်း၌ ပမာဏ ၇.၃ ငလျင်လှုပ်ခဲ့လျှင် ဖြစ်လာနိုင်သော ငလျင်အရှိန် လှုပ်ခတ်မှု စိတ်ကူးတွက်ချက်ပြသည့် ပုံ။
ကွန်တို တန်ဖိုးများသည် မြေအတန်းအစား B အတွက် ဦးတည်ရေးဆွဲထားသော ငလျင်လှိုင်းအရှိန်ဖြစ်ပြီး ကမ္ဘာမြေဆွဲအားအရှိန်၏ အချိုးဆ g တန်ဖိုး နှင့် ပြထားသည်။ အခြား မြေအတန်းအစားများအတွက် ဆိုင်ရာ ဆတိုးကိန်းများ သုံး၍ ခန့်မှန်းယူနိုင်သည်။ ဤပုံသည် အင်ဂျင်နီယာများ ဒီဇိုင်းတွက်ရာ၌ ကိုးကားသုံးစွဲရန်မဟုတ်ပါ။ စစ်ကိုင်းပြတ်ရွေ့က ငလျင်လှုပ်ခဲ့လျှင် မည်သို့ အရှိန် ရိုက်ခတ်မည်ကို သရုပ်ပြချက်သာ ဖြစ်သည်။

ပုံအရ မြို့၏ အရှေ့ဖက်ခြမ်းသည် ငလျင်အရှိန် ပို၍ ပြင်းစွာ ခံရနိုင်သည်။ သို့သော်လည်း မြို့ပြအား အရှေ့ဖက်သို့ တိုးချဲ့မြဲ ဖြစ်သည်။ တက္ကသိုလ်နှင့် ဆေးရုံများလည်းရှိနေသည်။ အခြားလူများ စုဝေးရာ စာသင်ကျောင်းများ၊ ဓမ္မာရုံများလည်း ရှိထားသည်။ တခါတုန်းက ဒဂုံ တက္ကသိုလ်၏ စာသင်ဆောင် ဒုတိယထပ် စင်္ကြန်လမ်း မခိုင်သဖြင့် ပြိုကျဘူးသည်။ ထို့ကြောင့် ရှိနှင့်ပြီးသော ကျောင်းများ၊ လူအများ စုဝေးရာဌာနများအား ကြိုတင် စစ်ဆေးမှုများနှင့် ငလျင်အန္တရာယ်အတွက် ပြင်ဆင်ဆောင်ရွက်သင့်သည်များအား ဆောင်ရွက်ထားရန် အကြံပြုလိုသည်။ အထက်၌ပြခဲ့သည် မြေအမျိုးအစားအချို့၊ အထူးသဖြင့် အတန်းအစား E နှင့် F တို့သည် ထိုမျှပြင်းသော အရှိန်ကို မခံနိုင်ကြပေ။ ထိုအခါ မြေပြင်အောက်ခံပျက်ကာ ထိုအပေါ်မှ အဆောက်အအုံအားလည်း ထိခိုက်နိုင်သည်။ သေချာအောင် ဆန်းစစ်ကြရန် တိုက်တွန်းလိုက်သည်။
http://tintlwinswe.blogspot.com/2014/09/blog-post.html

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget