.

AlinShin

Monday, December 1, 2014

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာငလျင်ဆိုးများ(အပိုင်း-၅-)

ရန်ကုန်မြို့နားက ငလျင်များအကြောင်း
Earthquakes near Yangon
ရန်ကုန်မြို့ဝန်းကျင်၌ လှုပ်ခဲ့သောလှုပ်နိုင်သောငလျင်များအကြောင်းပြောလိုပါသည်။
၁၉၃၀ ခုနှစ် မေလ (၅) ၌ဖြစ်သော အင်အား ပမာဏ (၇.၃) ရှိသည့် ပဲခူးငလျင်ကြီးသည် ၁၉၀၀ ပြည့်လွန်နောက်ပိုင်းတွင် အင်အားအပြင်းဆုံးငလျင်များတွင်ပါဝင်သည်။ ပဲခူးမြို့တစ်ခုလုံး အိမ်ခြေ အဆောက်အဦ အများအပြား ပျက်စီးခဲ့ရပြီး လူ (၅၀၀) ခန့် သေဆုံးခဲ့ရကြောင်း မှတ်တမ်းများ ရှိခဲ့သည်။ ထိုစဉ်က လူဦးရေ သိန်းဂဏန်းမျှပင် မရှိသေးသော ရန်ကုန်မြို့၌လည်း လူ (၅၀) ခန့် ပျက်စီးရကြောင်း သိရသည်။ ပဲခူးဒေသသည် ငလျင်ဒဏ်ကို ဤတစ်ကြိမ်တည်းသာ ခံခဲ့ရသည် မဟုတ်ပေ။ ရွှေမောဓော စေတီတော်သမိုင်းအရ ဆိုလျှင် ဘီစီ (၁၉၇)မှ အေဒီ (၁၃၄၈)ထိ နှစ်ပေါင်း (၁၅၄၅)နှစ်အတွင်း ငလျင်ဖြစ်ရပ်ပေါင်း(၂၂)ကြိမ် ရှိကြောင်း စေတီတော်ပြုပြင်မှု မှတ်တမ်း ကျောက်စာ များတွင် တွေ့ရသည်။ နောက်ပိုင်းတွင် စေတီတော်ကို (၂၇) မီတာအထိမြှင့်လိုက်သည်။ ထိုအချိန်မှ စ၍ ၁၉၃၀ ထိ ငလျင်မှတ်တမ်းပေါင်း (၁၂) ကြိမ်ရှိခဲ့သည်။ ထိုဖြစ်ရပ်များထဲမှ ၁၉၁၇ ငလျင်ကြောင့် စေတီတော်ကြီး ငှက်ပျောဖူးပျက်၍ မြေခခဲ့ရပုံကို ပုံတွင်တွေ့မြင်နိုင်သည်။


ပုံ (၁) ၁၉၁၇ ငလျင်ကြောင့် ရွှေမောဓောစေတီတော်၏ ငှက်ပျောဖူး အခြေမှပြတ်ကျခဲ့ပုံ။

မြန်မာ့မျက်ရှုေ၇ွှတိဂုံစေတီတော်ကြီးကိုလည်း ငလျင်ကြောင့် ပျက်သဖြင့် ပြင်ဆင်ရကြောင်း မှတ်တမ်းများ၌ တွေ့ရပြန်သည်။ အေဒီ ၁၃၇၂ မှ စလျှင် (၁၇) ကြိမ်ခန့်ရှိသည်။ အစောပိုင်းနှစ်များကို မသိရချေ။ ထိုအထဲမှ (၈) ကြိမ်ခန့်မှာ ပြိုကျသွားသဖြင့် ပြန်လည် ပြုပြင်ရကြောင်းဆိုကြသည်။ ရန်ကုန်မြို့တောင်ဖက်ရှိ သံလျင်မြို့၌ ကျိုက်ခေါက်စေတီတော် ရှိသည်။ ထိုစေတီတော်၏ ပြုပြင်မှု မှတ်တမ်း၌လည်း အချို့နှစ်များတွင် ငလျင်ကြောင့်ပျက်သဖြင့် ပြင်ရကြောင်း ပါရှိသည်။ အေဒီ (၁၃၈၄) မှစလျှင် (၁၀) ကြိမ်ခန့်ရှိကြောင်း တွေ့ရသည်။ အစောပိုင်း မှတ်တမ်းများကိုမူ မတွေ့ရချေ။
ထို စေတီတော်များ၏ ငလျင်ဖြစ်ရပ်များကို ယှဉ်တွဲလေ့လာလျှင် တူညီသောနှစ်များကို တွေ့ရသည်။ ငလျင်ဖြစ်ခဲ့သည့ှ်နှစ်များကို ဇယား (၁) တွင် ပြထားပါသည်။ သို့သော် စေတီတော်များ ပြုပြင်မှု မှတ်တမ်းများမှာ မြို့များ၏ အချိန်ကာလအလိုက် အရေးပါမှုနှင့်ဆက်စပ်နေသောကြောင့် အချို့သော နှစ်အပိုင်းခြားများ ကျန်ရစ်နေနိုင်သည်ဟု ခန့်မှန်းရသည်။
ဇယား (၁) မြို့ကြီး (၃) မြို့ရှိ စေတီတော်ကြီးများ၏ ငလျင်မှတ်တမ်းများ နှိုင်းယှဉ်ချက်။
ရန်ကုန် ပဲခူး သန်လျင် တူညီချက်
၁၃၈၄ ၁၃၈၄ ၁၃၈၄
၁၃၇၂
၁၃၉၆
၁၄၁၆
၁၄၃၆
၁၄၅၇
၁၄၅၈
၁၅၆၄ ၁၅၆၄ ၁၅၆၄ ၁၅၆၄
၁၅၇၀
၁၅၉၀
၁၆၀၈
၁၆၂၀
၁၆၄၄ ၁၆၄၄ ၁၆၄၄
၁၆၄၉
၁၆၅၂
၁၆၆၁
၁၆၆၄
၁၆၇၉ ၁၆၇၉ ၁၆၇၉
၁၇၅၇
၁၇၆၈ ၁၇၆၈ ၁၇၆၈ ၁၇၆၈
၁၈၃၀ ၁၈၃၀ ၁၈၃၀
၁၈၈၈
၁၉၁၂
၁၉၁၇ ၁၉၁၇ ၁၉၁၇
၁၉၁၉
၁၉၂၇
၁၉၃၀ ၁၉၃၀ ၁၉၃၀ ၁၉၃၀
၁၉၇၀
ပဲခူးနှင့် သန်လျင်သည် တောင်-မြောက် တစ်တန်းတည်းခန့်ရှိပြီး ရန်ကုန်မြို့က အနောက်ဖက် ကျပေသည်။ ဤနေရာတွင် ဒေသတွင်း ငလျင်ဇစ်မြစ်ကို ကြည့်ရပေမည်။ နာမည်ကြီး စစ်ကိုင်းပြတ်ရွေ့သည် ပဲခူးရိုးမ အရှေ့ခြမ်း၊ ပဲခူးနှင့် သန်လျင်မြို့များအနီး ကပ်လျှက်တည်ရှိသည်။ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်နှင့် ဆိုလျှင် ၄၀ ကီလိုမီတာခန့် ဝေးပေသည်။ အကယ်၍ စစ်ကိုင်း ပြတ်ရွေ့၌ ငလျင်ကြီးလှုပ်ခဲ့လျှင် ပဲခူးနှင့် သန်လျင်မြို့များက တစ်ဆက်တည်း ခံရဖွယ်ရာ ရှိသည်။ ထို့ကြောင့် ထို (၂) မြို့မှတ်တမ်းများသည် တူညီသင့်သည်။ ဤအယူအဆအတိုင်း ရွှေမောဓောစေတီတော်၏ လစ်လပ်သော နှစ်များကို ကျိုက်ခေါက်စေတီ တော်မှတ်တမ်းနှင့် ပေါင်းနိုင်ပေသည်။ မှတ်တမ်းများပါ အချက်အလက်များကို ယူ၍ ဆန်းစစ်ကြည့်သောအခါ ငလျင်ဖြစ်သော အကြိမ်အရေအတွက်နှင့် နှစ်အပိုင်းအခြားများ ပုံ(၂)တွင် ပြထားသည့်အတိုင်း တွေ့ရပေသည်။

ပုံ (၂) ပဲခူး-သန်လျင်မှတ်တမ်းအရ ငလျင်ဖြစ်ခဲ့သော အကြိမ်အရေအတွက်နှင့် နှစ်အပိုင်းအခြားများ
ရန်ကုန်မြို့အတွက်မူ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားသဖြင့် ဖြစ်သော ငလျင်များကြောင့်ချည်းဟု ယူ၍ မသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်မြို့အနောက်ဖက် (၂၀) ကီလိုမီတာခန့်အကွာတွင် ဒေးဒရဲ ပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့နှင့် အပြိုင် တောင်-မြောက် အတန်းလိုက်ရှိနေပြီး အင်းအား အသင့် အတင့်ရှိသော ငလျင်များ လှုပ်တတ်သည်။ ၁၉၇၀ ကဖြစ်ခဲ့သော ရန်ကုန်ငလျင်သည် ထိုပြတ်ရွေ့လှုပ်ရှားမှုကြောင့်ဟု ယူဆရသည်။ သို့သော် (၈)ကြိမ်ခန့် ပြိုကျသဖြင့် ပြင်ရကြောင်း မှတ်တမ်းများက ပြသဖြင့် ၎င်းတို့မှာ စစ်ကိုင်း ပြတ်ရွေ့ကဖြစ်သော ငလျင်များကြောင့်ဟု ယိုးစွပ်ပေမည်။ အထက်တွင် ပြခဲ့သည့်သဘောအတိုင်းပင် ငလျင်ဖြစ်သော အကြိမ်အရေအတွက်နှင့် နှစ်အပိုင်းအခြားတို့ကို ပုံ (၃)တွင် ပြထားသည်။

ပုံ (၃) ရွှေတိဂုံစေတီတော် မှတ်တမ်းအရ ငလျင်ဖြစ်ခဲ့သော အကြိမ်အရေအတွက်နှင့် နှစ်အပိုင်းအခြားများ
ငလျင်အကြိမ်အရေအတွက်ကို ပြထားသည့် ပုံများကို နှိုင်းယှဉ်ကြည့်လျှင် ခပ်စိပ်စိပ်ငလျင်နှစ်များ (၁၀နှစ်၊ ၂၀ နှစ်)၊ ခပ်ကျဲကျဲနှစ်များ (၁၀၀ နှစ်နှင့် အထက်) နှင့် ကြားနှစ်အပိုင်းအခြားများကို တွေ့ရသည်။ ရန်ကုန်မြို့အတွက်မူ ခပ်စိပ်စိပ် ဖြစ်ရပ်များသည် အနီးအပါးကငလျင်များ (ဒေးဒရဲပြတ်ရွေ့လှုပ်မှု) ဖြစ်နိုင်ပြီး၊ အခြားနှစ်များမှာ စစ်ကိုင်းပြတ်ရွေ့လှုပ်မှုကြောင့်ဖြစ်သော ငလျင်များ ဖြစ်ပုံရသည်။ မှတ်တမ်းများမှ ငလျင် ပြင်းအားကို ခန့်မှန်းမရချေ။ သို့သော် စစ်ကိုင်းပြတ်ရွေ့သည် ငလျင်ကြီး များသာ လှုပ်တတ်သော ဇစ်မြစ် ဖြစ်သည်ကို တင်ပြလိုက်ပါသည်။
၁၉၉၄ တွင် ရန်ကုန်မြို့တောင်ဖက် ၂၀ ကီလိုမီတာခန့်အကွာ သန်လျင်မြို့တောင်ဖက်ယွန်းယွန်း ကမ်းလွန် တစ်နေရာကို ဗဟိုပြု၍ အင်အားပမာဏ ၄.၄ ခန့်ရှိသော ငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ရာ ရန်ကုန်မြို့နေလူထု ခြောက်ခြားခဲ့ကြရသည်။ အချို့နေရာများတွင် စားပွဲတင် ကွန်ပျူတာများ ခုံပေါ်မှလျောကျခြင်း၊ နံရံကပ်ဗီရိုများ နေရာရွေ့ခြင်း လဲပြိုခြင်းများဖြစ်ခဲ့သည်။ ၂၀၀၆ စက်တင်္ဘာလ အတွင်းကလည်း ဒေးဒရဲမြစ်ဝ ကမ်းလွန်တစ်နေရာကို ဗဟိုပြု၍ ပမာဏ ၆.၃ ရှိ ငလျင်လတ်တစ်ခု လှုပ်ခဲ့ရာ ငလျင်အရှိန်ကို သိသိသာသာခံစားသိရှိ ခဲ့ကြသည်။ ဆိုခဲ့သော ငလျင်ပမာဏ၊ ဖြစ်ရာ နေရာများသည် ငလျင်တိုင်းစက်ဖြင့်ဖမ်းယူရရှိသော အချက်အလက်များ ဖြစ်ကြသည်။ ငလျင်အရှိန်ကိုမူ အနီးအဝေးအပေါ်မူတည်၍ အရှိန်အပြင်းအပြော့ကို သိရသည်။ ရန်ကုန်နှင့်အနီးဝန်းကျင်တစ်ဝိုက်၌ တိုင်းတာရရှိသော ငလျင်မှတ်တမ်းကို ၁၉၆၀ နောက်ပိုင်းနှစ်များမှ စတင်သည်။ ရရှိသော ငလျင်ဖြစ်ရပ်များကို ပုံ (၄) တွင် ဖေါ်ပြထားပါသည်။


ပုံ(၄) ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက် လှုပ်ခဲ့သော ငလျင်များ (၁၉၆၄ - ၂၀၀၆)
ပုံတွင် ရန်ကုန်မြို့၏အရှေ့ဖက်တွင် တောင်မြောက်အလျားလိုက် ဆွဲထားသောမျဉ်းမှာ စစ်ကိုင်းပြတ်ရွေ့ကို ဖေါ်ပြထားခြင်းဖြစ်သည်။ ငလျင်ဖြစ်ရပ်အများစုသည် ယင်းပြတ်ရွေ့ကြီး၏ အနီးဝန်းကျင်၌ ကျရောက်သည်ကို တွေ့ရသည်။ အခြားအရပ်များ၌ဖြစ်သော ငလျင်များသည် အမည်ဖေါ်ပြခြင်း မရှိသေးသော ပြတ်ရွေ့များနှင့် ဆက်စပ်ပုံရသည်။ ရန်ကုန်မြို့အနောက်ဖက်က ပြတ်ရွေ့ကို ဒေးဒရဲ ပြတ်ရွေ့ဟု အမည်ပေးထားသည်။ အင်းအား အတော်အသင့်ရှိသော ငလျင်များ လှုပ်တတ်သည်။ မုတ္တမပင်လယ်တွင်း၌လည်း လှုပ်ရှားမှုအလွန် များသည်။ ငလျင်သည် ပြတ်ရွေ့လှုပ်ရှားမှုနှင့်အတူ ဖြစ်တတ်သည် ပြတ်ရွေ့သည် မြေပြင်အတိုင်း အလျားလိုက်လည်း ရွေ့တတ်သည်။ စစ်ကိုင်းပြတ်ရွေ့သည် ဤအမျိုးအစားဖြစ်သည်။ ထက်အောက်လည်းရွေ့သည်။ မုတ္တမပင်လယ်တွင်းမှ ပြတ်ရွေ့ငယ်များသည် ဤသို့ရွေ့သည်။ ငလျင်လှုပ်ချိန်တွင်ဖြစ်သော ငလျင်လှိုင်းကို စက်ကဖမ်းပြီး မည်သည့်ပြတ်ရွေ့ပုံစံမျိုး လှုပ်ရှားကြောင်း ဖွင့်ဆိုနိုင်သည်။ ဒေသတွင်းရှိ ပြတ်ရွေ့များနှင့် ငလျင် ဖြစ်ရပ်တို့ဆက်စပ်လျှက် ပြတ်ရွေ့များရွေ့ပုံကို ပုံ (၅) တွင်ဖေါ်ပြထားပါသည်။

ပုံ (၅) ဒေသတွင်း ပြတ်ရွေ့ပုံစံများ (GIAC, 1997)
ဤပုံအရ စစ်ကိုင်းပြတ်ရွေ့သည် အလျားလိုက်(ဘေးတိုက်)ရွေ့ကြောင်း သိရသည်။ မုတ္တမ ပင်လယ်တွင်း ပြတ်ရွေ့များမှာ အမျိုးစုံပေသည်။
ပြတ်ရွေ့များနှင့် ငလျင်ဆက်စပ်ပုံကို ဆိုခဲ့ပြီးဖြစ်သည်။ ရှင်းလင်းအောင်ဆိုရလျှင် စစ်ကိုင်းပြတ်ရွေ့ဟု ယေဘုယျဆိုသော်လည်း ၎င်းတွင် အဆစ်အပိုင်းများရှိပြီး တစ်ခုနှင့်တစ်ခု လှုပ်ရှားတုန့်ပြန်ပုံခြင်း မတူကြပေ။ ဤအယူအဆအပေါ် အခြေခံလျှက် ငလျင်နှင့် ပြတ်ရွေ့အဆစ်အပိုင်းများကို အုပ်စုခွဲ၍ လေ့လာကြည့်ပါသည်။ ထိုအခါ ရန်ကုန်နှင့်အနီးတစ်ဝိုက်၌ နယ်မြေ ၉ ခုရသည်။ ပုံ(၆)တွင် ပြထားပါသည်။



ပုံ(၆) ငလျင်နယ်မြေများခွဲခြားထားပုံနှင့် ငလျင်ဖြစ်ရပ်နှစ်များခန့်မှန်းတွက်ချက်မှု
နယ်မြေတစ်ခုစီအတွက် ငလျင်မှတ်တမ်းများထည့်သွင်းကာ Gutenberg-Richter တွက်ချက်ပုံအတိုင်း တွက်ချက်ပါသည်။ တွက်ချက်မှုအဖြေမှာ စစ်ကိုင်းပြတ်ရွေ့၌ ငလျင်ကြီးတစ်ခုသည် နှစ်ပေါင်း ၈၀ နှင့် အထက်တိုင်းတွင် အနည်းဆုံး ၁ ကြိမ်ဖြစ်တတ်သည်ဟု ကောက်ချက်ဆွဲနိုင်ပါသည်။ သို့သော် ဤတွက်ချက်ပုံအရ ၁၉၃၀တွင် ဖြစ်ခဲ့သော ပဲခူးငလျင်သည် အနှစ် ၃၀၀ လျှင် ၁ ကြိမ် ဖြစ်တတ်သော ငလျင်ကြီးမျိုး ဖြစ်သည်။ အကြီးစားငလျင်ဖြစ်သည်။

**************************************************************************

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget