.

AlinShin

Monday, December 1, 2014

အာဏာရှင်ကဲ့သို့ကြောက်မက်ဖွယ်ရာ ငလျင်ဆိုးများ (အပိုင်း-၃-)

မြို့ကြီးများနှင့်ငလျင်အန္တရာယ် (ရန်ကုန် -၁-)
ဤဘလော့ စာမျက်နှာ၌ ငလျင်ဖြစ်ပုံ၊ ငလျင်ကြောင့် ပျက်စီးထိခိုက်ပုံနှင့် မြန်မာပြည်တွင်း ငလျင်ကြီးရာ ဖြစ်ရာဌာနများအား ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်သည်။ ယခုစာတမ်း၌မူ မြန်မာနိုင်ငံ၏ မြို့ကြီးများနှင့် ငလျင်ဖြစ်ပုံ ထိခိုက်နိုင်ပုံကို ထပ်မံဆွေးနွေးထားပါသည်။ ပထမဆုံးနှင့် အရေးပါဆုံး ဖြစ်သော ရန်ကုန်မြို့နှင့် ငလျင်အကြောင်းက စရမည်။
ရန်ကုန်သည် လွန်ခဲ့သော ကိုလိုနီခေတ် ၁၈၈၇ မှ ၂၀၀၃ထိ မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သည်။ ယခုအချိန်ထိလည်း လူနေအထူအထပ်ဆုံး မြို့ ဖြစ်နေသည်။ ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်လုပ်ငန်းများ၏ ဗဟိုဌာနလည်း ဖြစ်နေသည်။ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၈သန်းခန့် ရန်ကုန်မြို့တွင် နေထိုင်ကြောင်း သိရသည်။ ၁၉၈၀ ဝန်းကျင်ကလူဦးရေ ၃သန်းလျော့လျော့ ရှိရာမှ ယခုကောက်ယူရရှိသည့် အရေအတွက်က ၂ဆခွဲနီးပါး ရှိလာသည်။ ရန်ကုန်မြို့ လူဦးရေ နှစ်အလိုက် တိုးတက်လာပုံကို ပုံ (၁)၌ သရုပ်ဖေါ်ရှင်းလင်းထားသည်။

 ပုံ (၁) ရန်ကုန်မြို့ လူဦးရေ နှစ်အလိုက် တိုးလာပုံ ရှင်းလင်းချက်။ အချက်လက်များကို https://en.wikipedia.org/wiki/Yangon မှ ရယူသည်။
 အချိန်ကာလလိုက်၍ လူဦးရေ ထူထပ်လာသော ရန်ကုန်မြို့အား ထိုလူဦးရေ၊ အိမ်ထောင်စုများ နေရာချထားရေးအတွက် မြေနေရာတိုးချဲ့မှုများ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြသည်။ မြို့သစ်များ ပေါ်ပေါက်လာကြသည်။ ထိုမြို့ပြနေရာ တိုးချဲ့မှုကို ပုံ (၂)၌ သရုပ်ဖေါ်ရှင်းလင်းထားသည်။


ပုံ (၂) ရန်ကုန်မြို့ ချဲ့ထွင်မှုအဆင့်ဆင့်နှင့် မြို့သစ်များ ထူထောင်ခြင်း။ (ဒေါ်) လှိုင်မော်ဦး (၂၀၀၇) ထံမှ ကူးယူသည်။
ပုံ (၂)အရ ၁၉၆၀နှင့် ၁၉၈၀ဝန်းကျင်၌ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ မြို့များနှင့် မြောက်ဖက်သို့ တိုးချဲ့ခဲ့ပြီး၊ ၁၉၈၆ နောက်ပိုင်း၌ ရန်ကုန်၏ အရှေ့ဖက်နှင့် အနောက်ဖက်သို့ ချဲ့ထွင်ခဲ့သည်။ အရှေ့ဖက် သည် ပဲခူးမြစ်နားထိ ရောက်ရှိခဲ့ပြီး၊ အနောက်ဖက်၌ လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ မြေနုလွင်ပြင်များ  ဖြစ်သည်။ ယခုအခါ ရန်ကုန်တိုင်းအစိုးရက ပန်းလှိုင်မြစ်နား၌ မြို့သစ်စီမံကိန်းတခု အကောင်အထည်ဖေါ်ရန် ဆိုင်းပြင်းလျက် ရှိရာ ထိုမြို့သစ်ပေါ်လာလျှင် မြိုအကျယ်သည် လက်ရှိထက် ၈% တိုးလာမည် ဖြစ်ပြီး မြို့ပုံစံသည် လေးထောင့် စပ်စပ် ဖြစ်လာသည်။ မြို့၏ အကျယ်သည် ၆၄ ၈၀၀ ဟက်တာခန့်ရှိသည်။ ထိုမျှကျယ်ပြန့်သော မြို့ပြတခုအတွက် လမ်းများ၊ တံတားများ၊ ရေမြောင်းကြီးများ၊ ရေပိုက်လိုင်းများ စသည် မရှိမဖြစ် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လိုအပ်သည်။ ထို့အပြင် အနာဂါတ်စီမံကိန်းများနှင့် ကုန်သွယ်မှုအလားအလာများကြောင့် တောင်ဖက်ရှိ သန်လျင်မြို့သည်လည်း အရေးပါသော နေရာ ဖြစ်လာသည်။ ရှေးကတည်းက သန်လျင်သည် ရန်ကုန်ထက်အလျင် ကူးသန်းရောင်းဝယ်ရေးနှင့် အုပ်ချုပ်ရေးဌာန ဖြစ်ခဲ့သည်။ ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ ယခုလည်း သီလဝါဆိပ်ကမ်းကြောင့်ပင် သန်လျင်သည် လူအများ ပြောင်းရွေ့နေထိုင်ရာ ဖြစ်လာသည်။
     
ဘူမိဗေဒနောက်ခံ
ရန်ကုန်၏အလယ်ပိုင်း၌ မင်္ဂလာဒုံတောင်ရိုးရှိသည်။ ပဲခူးရိုးမ၏ တောင်ဖက်ပိုင်းဟုလည်း ဆိုနိုင်သည်။ ထိုတောင်ရိုးသည်ပင် အနောက်ဖက် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် အရှေ့ဖက် စစ်တောင်းမြစ်ဝှမ်းတို့အား ပိုင်းခြားထားသည့် ရေဝေကုန်းတန်းလည်း ဖြစ်သည်။ ထိုကုန်းတန်းသည် တောင်ဖက် သန်လျင်ကုန်းတန်းသို့ ဆက်စပ်သွားသည်။ မြန်မာတပြည်လုံးအနေနှင့် ကြည့်လျှင် ဤနေရာသည် အလယ်ပိုင်း မြေနိမ့်ချိုင့်ဝှမ်းကြီး၏ အစိတ်အပိုင်းတခုသာဖြစ်သည်။ လွန်ခဲ့သော နှစ်သန်း ၄၀ခန့်မှစ၍ ယခု အလယ်ပိုင်းမြေနိမ့်ချိုင့်ဝှမ်းအပါအဝင်ဖြစ်သော မြန်မာပြည်အနောက်ခြမ်းတပိုင်းသည် တောင်မှ မြောက်သို့ အစဉ်တိုင်းရွေ့လာခဲ့ပြီး အနောက်ဖက်ရှိ အိန္ဒိယကုန်းမြေထုချပ်၏ တွန်းအားနှင့်အတူ ရှမ်းကုန်းပြင်မြင့်အား ထိစပ်တွန်းတိုက်ခဲ့ကြသည်။
ထို့နောက် ယခု ငလျင်ကြီးများ ဖြစ်လေ့ရှိသည် စစ်ကိုင်းပြတ်ရွေ့ပေါ်ပေါက်ကာ ထိုပြတ်ရွေ့တလျောက် ဘေးတိုက် ပွတ်ဆွဲရွေ့လျောသွားသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၂၀ခန့်မှစ၍ ယနေ့ထိ စစ်ကိုင်းပြတ်ရွေ့တလျောက် တောင်-မြောက် ၃၂၀ကီလိုမီတာခန့် ရွေ့လျောခဲ့ပြီးဟု ပညာရှင်များက ခန့်မှန်းထားသည်။ ထိုတွန်းမှု၊ တိုက်မှု ဘေးတိုက် ပွတ်ဆွဲမှုတို့နှင့်အတူ ပဲခူးရိုးမဖြစ်လာသည်။ ပဲခူးရိုးမ၏အဆက်ဖြစ်သော မင်္ဂလာဒုံတောင်ရိုးနှင့် သန်လျင်ကုန်းတန်းများလည်း မြင့်တက်လာကြသည်။ ထိုဖြစ်စဉ်သည် ဆက်လက်၍ ဖြစ်နေဆဲ ဟုဆိုနိုင်သည်။ ထိုသို့ကုန်းမြေ မြင့်တက်မှုနှင့်အတူ ငလျင်များ ဖြစ်တတ်သည်။ တဖက်မှာ မြင့်တက်လာသော ကုန်းမြေကို တိုက်စားထားသည့် အနည်များ ဆက်လက်ပို့ချနေဆဲဖြစ်သည်။ ထိုအခါ မြေနုချိုင့်ဝှမ်းများ ဖြစ်လာသည်။
မင်္ဂလာဒုံတောင်ရိုးနှင့် သန်လျင်ကုန်းတန်းများသည် ပဲခူးရိုးမကဲ့သို့ပင် သက်နုကပ်ဖြစ် သဲကျောက်၊ ယှေးကျောက်များနှင့် ဖွဲ့စည်းထားသည်။ ထိုကုန်းရိုးများ၏ အပြင်ပိုင်းသည် မြေနုချိုင့်ဝှမ်းများ ဖြစ်သောကြောင့် ရွံ့မြေ၊ သဲနှင့် သဲနုန်းမြေများသာ ဖြစ်သည်။ လှိုင်မြစ်နှင့် ပန်းလှိုင်မြစ်တို့ ဆုံရာ အရပ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်တည်ဆောက်မှုနှင့် ဆက်စပ်လျက် ထူထဲသော မြေနု (သက်တမ်းနု မြေလွှာ)များနှင့် ဖွဲ့စည်းထားသည်။ ထို့အတူ ငမိုးရိပ်ချောင်းမှ ပဲခူးမြစ်၊ စစ်တောင်းမြစ်များထိသည်လည်း မြေနုများသာ ဖြစ်သည်။
ရန်ကုန်နှင့် သန်လျင်အရပ်များ၏ ဘူမိဗေဒမြေပုံကို ပုံ (၃)၌ ပြလိုက်ပါသည်။
ပုံ (၃) ရန်ကုန်နှင့် သန်လျင်မြို့များ၏ ဘူမိဗေဒမြေပုံ။ (ဤမြေပုံသည် ရှေးဆရာများ ပြုစုခဲ့သော အချက်အလက်များအား စုစည်းတင်ပြထားခြင်း ဖြစ်သည်။) အဝါရောင်နှင့် အစိမ်းရောင်များသည် ကျောက်များ ပြန့်နှံ့နေပုံကို ပြသည်။ အရောင်မခြယ်ထားသော အရပ်များသည် မြေနုချိုင့်ဝှမ်းဖြစ် အနယ်များ ဖြစ်သည်။


 ပုံ (၄) မြေလွှာဖြတ်ပိုင်းပုံများ။
  
မြေလွှာဖြတ်ပိုင်းပုံ၌ ပြထားသည့်အတိုင်း များသောအားဖြင့် မင်္ဂလာဒုံတောင်ရိုးရှိ ကျောက်လွှာများသည်လည်းကောင်း၊ သန်လျင်ကုန်းတန်းကျောက်လွှာများသည်လည်းကောင်း အရှေ့ဖက်သို့ စောင်းငိုက်နေကြသည်။ အချို့နေရာများ၌ ကျောက်လွှာတွန့်ခေါက်မှု ယောင်ယောင်လေးပြတတ်ကြသည်။ ပုံ (၄)၌ အဆောက်အအုံဆောက်လုပ်ရန် တူးဖေါ်မှုတခု၌ တွေ့ရသော သဲကျောက်လွှာ ပေါ်ထွက်ပိုင်းတခုအား ပြလိုက်ပါသည်။

ပုံ (၄) မင်္ဂလာဒုံတောင်ရိုးမှ သဲကျောက်လွှာ။
  
ရန်ကုန်၏အနောက်ပိုင်း လှိုင်မြစ်တလျောက် မြစ်ပြုဆင့်ဟု ဆိုနိုင်သည့် ဘူမိသွင်ပြင်နေထားရှိသည်။ မင်္ဂလာဒုံတောင်ရိုး၏အရှေ့ဖက်၌ မထင်ရှားပေ။ ရှေ့၌ဆိုခဲ့သည့်အတိုင်း တောင်မြောက်နီးပါး သွယ်တန်းနေသော မင်္ဂလာဒုံတောင်ရိုးသည် အနောက် (လှိုင်မြစ်ဖက်) သို့ ဦးတည်၍ တွန်းတင်ခံရခြင်း (သို့မဟုတ်) ကြွတက်ခြင်း သဘောကို တွေ့ရသည်။ သန်လျင်ကုန်းတန်းသည် အရှေ့ဖက်ခြမ်း၌ ထက်အောက်ပြတ်ရွေ့တခု ရှိထားသည်။ ထိုအချက်များသည် ကုန်းမြေလှုပ်ရှားမှု ရှိနေကြောင်း ပြချက်များအနက် အချို့ ဖြစ်သည်။ ထိုကုန်းမြေများ လှုပ်ရှားမှုသည် ငလျင်များ ဖြစ်တတ်ရာ ယခုထိ အမြင့်ဆုံးငလျင်ပမာဏ ၄.၄ထိ မှတ်တမ်းတင်ရဘူးသည်။
   
တက်တိုးနစ်သဘောနှင့် ငလျင်များ
မြောက်ဖက် မှော်ဘီမှ တောင်ဖက် သန်လျင်ထိသွယ်တန်းနေသော ထို တောင်ကုန်းတန်းသည် အရှေ့အနောက် ဖိညှစ်ထားမှုကြောင့် ကျောက်လွှာတို့သည် အရှေ့သို့ စောင်းငိုက်ကာ အနောက်သို့ဦးတည် လျောတင်လာသည့် သဏ္ဍန်တွေ့ရသည်။ အရှေ့ဖက် သုံးခွမြို့ကို ဖြတ်သွားသော စစ်ကိုင်းပြတ်ရွေ့၏ ရွေ့မှုနှင့်  ထို ပြတ်ရွေ့မျက်နှာပြင်အား ဤတောင်တန်းများ ဖြစ်စေသည့် မြေတွင်းအားများက အနောက်မှ အရှေ့ (သို့မဟုတ်) အနောက်တောင်မှ အရှေ့မြောက်အရပ်လားရာအတိုင်း  ဖိထားသည့် သဘောလည်း ရှိသည်။ ထို တောင်မြောက်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့နှင့် အရှေ့အနောက်လားရာအတိုင်း ဖိတွန်းနေသည် မြေထုချပ်တွန်းအားတို့၏ အားချိန်ခွင်လျှာ အပြောင်းအလဲကြောင့် စစ်ကိုင်းပြတ်ရွေ့တလျောက်သော်လည်းကောင်း၊ အခြား အနီးဝန်းကျင်က ပြတ်ရွေ့ငယ်များ၌လည်းကောင်း ငလျင်အသေး အကြီး အရွယ်အစား အမျိုးမျိုးနှင့် ဖြစ်ကြသည်။ ပုံ (၅)၌ မင်္ဂလာဒုံ-သန်လျင်တောင်ရိုး၊ ပြတ်ရွေ့များနှင့် ငလျင်ဖြစ်ရပ်များအား ပြထားသည်။
ပုံ(၅) မင်္ဂလာဒုံ-သန်လျင်တောင်ရိုး၊ ပြတ်ရွေ့များနှင့် ငလျင်ဖြစ်ရပ် မှတ်တမ်းများ။ သုံးခွမြို့ကို ဖြတ်ဆွဲထားသော အနီရောင် မျဉ်းသည် စစ်ကိုင်းပြတ်ရွေ့ ဖြစ်ပြီး တွံတေးကုန်းတန်း အနောက်ဖက် ဒေးဒရဲအရှေ့ဖက်ကမ်းတလျောက် ပြထားသော မျဉ်းနီသည် ဒေးဒရဲ ပြတ်ရွေ့ ဖြစ်သည်။

ပုံ (၅)၌ မြင်ရသည့်အတိုင်း  မင်္ဂလာဒုံ-သန်လျင်တောင်ကုန်းတန်း မြေမျက်သွင်ပြင်နေထားသည် အဆစ်လွဲနေသကဲ့သို့ လည်းကောင်း၊ လိမ်ကောက်နေသကဲ့သို့လည်းကောင်း ရှိသည်။ ထိုအချက်သည် ဘေးတိုက် ဖိညစ်အား များသည့်သဘောကို ဆောင်သည်။ ကျောက်လွှာများ၏ ယေဘုယျ စောင်းငိုက်ထောင့်သည် ၃၀ မှ ၄၀ ဒီဂရီခန့်ရှိရာ ထိုဘေးညစ်အားကြောင့် ကျောက်လွှာ အပေါ်သို့ ထိုးတက်ကာ ငလျင်လှုပ်ပါမူ ထိုငလျင်သည် စောက်တိမ်ငလျင် ဖြစ်လေ့ရှိသည်။ ရန်ကုန်တောင်ရိုးများလှုပ်ရှားမှုကြောင့် ဖြစ်သော ငလျင်သည် ပမာဏအနည်းငယ်သာ ရှိနိုင်ပြီး စောက်တိမ်တတ်သည်။ ထိုကြောင့် လတ်တလော ဖြစ်ခဲ့သည် ရန်ကုန်ငလျင်များအား စက်မှတ်တမ်းများ မရနိုင် ဖြစ်ရသည်။ အခြား ငလျင်များမှာ စစ်ကိုင်းပြတ်ရွေ့၊ ဒေးဒရဲ ပြတ်ရွေ့နှင့် မုတ္တမပင်လယ်တွင်းရှိ ပြတ်ရွေ့များ လှုပ်ရှားမှုကြောင့် ဖြစ်သည်။ ထို ငလျင်များအကြောင်းအား  ရန်ကုန်မြို့နားက ငလျင်များအကြောင်းတွင် ကြည့်ရှုနိုင်သည်။

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget