အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့် အာဆီယံထိပ်သီးအစည်းအဝေးကာလ လုံခြုံရေးတာဝန်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး စိန်ခေါ်မှုဖြစ်ခဲ့သည်။ နိုင်ငံလူဦးရေနှင့် ရဲတပ်ဖွဲ့ဝင် အချို့အစားမမျှသည့် အခြေအနေ၊ ထောက်ကူပစ္စည်းနှင့် ပံ့ပိုးမှုနည်းပါးခဲ့သည့် အခြေအနေတွင် အထက်ပါစိန်ခေါ်မှုနေ့စွဲများကို လုံခြုံရေးစည်းမပေါက်ဘဲ ချောချောမောမော ဖြတ်သန်းနိုင်ခဲ့သည်။
ငါးရက်တာကြာခဲ့သည့် အဆိုပါကာလအလွန် အိုဘားမားနှင့် နိုင်ငံတကာခေါင်းဆောင်များ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကြီးပိုင်းခေါင်းဆောင်များမှသည် အောက်ခြေရဲတပ်သားအဆင့်အထိ ၀န်ထုပ်ဝန်ပိုးတစ်ခုကို ပခုံးပေါ်မှ ချလိုက်နိုင်သကဲ့သို့ ပေါ့ပါးလွတ်လပ်လျက်။ အောက်ခြေရဲတပ်ဖွဲ့ဝင်များ၏ ပျော်ရွှင်မှုမှာလည်း ထိပ်ဆုံးနေရာက ရှိခဲ့သည်။
စိတ်လှုပ်ရှားဖွယ်ကောင်းသော အဆိုပါကာလကို ကျော်ဖြတ်ပြီးချိန်တွင် ရဲတပ်ဖွဲ့ဝင်များက တကယ့်မြေပြင်၌ ရင်ဆိုင်ခဲ့ရသည့် ၎င်းတို့၏ အခက်အခဲများအတွက် နေပြည်တော်သို့ သတင်းစကားပါးလိုကြောင်း ဆိုပါသည်။
‘‘နိုင်ငံတချို့ သူတို့ခေါင်းဆောင်တွေအတွက် လုံခြုံရေးစောင့်ပေးစရာ မလိုအပ်ဘူးပြောလည်း ကိုယ့်နိုင်ငံထဲမှာ မှည့်တစ်ပေါက်မစွန်းစေရဘူးဆိုတဲ့ တစ်ယောက်ချင်းခံယူချက်နဲ့ တာဝန်ကျေပွန်ခဲ့တာ။ ဘယ်လိုပဲ အထင်သေးသေး၊ ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ကိုယ့်နိုင်ငံသိက္ခာမကျဖို့ အရေးကြီးတယ်’’ဟု နေပြည်တော်ဟိုတယ်တစ်လုံးတွင် ဗဟိုစည်း လုံခြုံရေးတာဝန်ယူခဲ့ရသည့် အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးက ပြောသည်။
အမေရိကန်နိုင်ငံအပါအ၀င် အာရှနိုင်ငံကြီးအချို့က ၎င်းတို့၏ခေါင်းဆောင်များအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အနီးကပ်လုံခြုံရေးပေးရန် အခြေအနေကို ငြင်းဆန်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံတစ်ခုဆိုလျှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အနီးကပ်လုံခြုံရေးရဲအရာရှိတစ်ဦးကို ၎င်းတို့ဝန်ကြီးချုပ် တည်းခိုနေသည့် ဟိုတယ်ရှေ့မှ နှင်ထုတ်သည်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းက ပြောသည်။ လုံခြုံရေးအရေးကြီးကာလတွင် ဘာသာစကားအခက်အခဲကြောင့် စိုးရိမ်မှုလွန်ကဲကာ မြန်မာရဲအရာရှိတစ်ဦးကို ဟိုတယ်ရှေ့မှ ထွက်ခွာစေခြင်းဖြစ်နိုင်ပါသည်။ သို့သော် ရုတ်ရုတ်သဲသဲ အခြေအနေအထိဖြစ်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံ၏ အထင်သေးစွာ ဆက်ဆံခံခဲ့ရသည်ကို စိတ်မကောင်းကြောင်း မြင်တွေ့ခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များကဆိုပါသည်။
‘‘သိမ်ငယ်စရာကောင်းတယ်။ ကျွန်တော်တို့က လုံခြုံရေးသာဆိုတာ သူတို့ဆီကပါလာတဲ့ လုံခြုံရေးနဲ့ယှဉ်လိုက်ရင် အလိုလိုသိမ်ငယ်တယ်။ သူတို့ကို မြင်လိုက်တာနဲ့ ကိုယ်က နောက်ကို အလိုလိုဆုတ်မိတဲ့အထိပဲ’’ဟု အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှစ်ကြိမ်စလုံး၏ လုံခြုံရေးအပြင် ဆီးဂိမ်းလုံခြုံရေးပါ တာဝန်ယူခဲ့ဖူးသည့် လေကြောင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သူ့အတွေ့အကြုံကို မျှဝေသည်။
မြန်မာပြည်တွင် တစ်မြို့တည်း ထူးထူးကဲကဲခမ်းနားနေသော နေပြည်တော်၌ အပြင်စည်း လုံခြုံရေးတာဝန်ကျခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ရင်ဆိုင်ခဲ့ရသော အဓိကအခက်အခဲက နိစ္စဓူဝရေချိုး၊ မျက်နှာသစ်၊ အိမ်သာတက်ခြင်းတို့အတွက် နေရာမရှိ၍ ဖြစ်သလို ဖြေရှင်းရခြင်း ဖြစ်သည်။ အဆင့်မြင့်ရဲအရာရှိများကိုယ်တိုင် ဟိုတယ်ပန်းခြံရေပန်းတွင်သာ ရေချိုးခဲ့ရပြီး အောက်ခြေရဲတပ်ဖွဲ့ဝင်များ၏ နေ့စဉ်ရင်ဆိုင်ရသည့် အခက်အခဲများကလည်း အမျိုးစုံလင်သည်။
‘‘ကျွန်တော်ဆိုရင် ရဲအရာရှိဆိုပေမယ့် ကားပါကင်လိုနေရာမျိုးတွေ၊ ဘုရားစောင်းတန်းလိုနေရာမျိုးတွေမှာ၊ မြေကြီးသမံတလင်းတွေမှာ အိပ်ခဲ့ရတယ်။ အိပ်စရာနေရာမရှိလို့ ပလက်ဖောင်းပေါ် ယာယီတဲတိုးနေဖို့ထိ စဉ်းစားဖူးတယ်။ လူကြီးတွေအမြင်မကြည်မှာစိုးလို့ မလုပ်ခဲ့တာ။ တာဝန်ထမ်းဆောင်ရတာတော့ စိတ်ညစ်စရာမရှိပါဘူး’’ဟု နေပြည်တော်၊ ရာဇဌာနီလမ်းမကြီးပေါ်တွင် လုံခြုံရေးတာဝန်ယူခဲ့သည့် ရဲအရာရှိတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင်လည်း အပြင်စည်းလုံခြုံရေး တာဝန်ယူရသည့် ရဲအရာရှိအချို့ ၎င်းတို့ကိုင်ဆောင်ခွင့်ရသော သေနတ်ကို လူပုံအလယ်တွင် ခါးမချိတ်ရဲသည်အထိ လုံခြုံရေးစောင့်ရသည့်အပေါ် ဖိအားများခဲ့သည်။
‘‘အကြမ်းဖက်ချင်တဲ့သူက ကိုယ့်ခါးကြားကသေနတ်ကို အမှတ်တမဲ့ဆွဲထုတ်ပြီး မဟုတ်မဟတ်တွေ လုပ်သွားရင် နိုင်ငံပုံရိပ်ထိခိုက်မှာ။ ဒါကြောင့် သေနတ်ခါးမချိတ်ခဲ့ဘူး။ သူခိုးက ချိုပါတာမဟုတ်ဘူး’’ဟု ရန်ကုန်တက္ကသိုလ်ရှေ့တွင် လုံခြုံရေးတာဝန်ကျသည့် ရဲအရာရှိကပြောသည်။ သို့သော် လေးခွကိုခါးချိတ်ကာ လုံခြုံရေးစောင့်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ရော၊ နေပြည်တော်တွင်ပါ ထောင်နှင့်ချီ၍ ရှိခဲ့ပါသည်။
ရန်ကုန်လုံခြုံရေးကာလ၏ အတွေ့အကြုံတစ်ခုကို ဟံသာဝတီအ၀ိုင်းအနီး တာဝန်ကျသည့် အသက်(၁၉)နှစ်အရွယ် ရဲတပ်သားတစ်ဦးက ‘‘တစ်နေကုန်စားဖို့ ပိုက်ဆံမပါရင် ငတ်ပြီသာမှတ်။ အချင်းချင်းလည်း မျှကျွေးကြပါတယ်။ ဒါပေမဲ့ စားတိုင်းတော့လည်း ကျွေးနိုင်ချင်မှ ကျွေးနိုင်မှာပေါ့။ ဈေးက ကြီးတာကိုး။ ကြာဆံကြော် တစ်ပွဲ ၂,၀၀၀ ကျပ်။ စားပြီးမှသိတာ။ နောက်မစားရဲတော့ဘူး။ တပ်ဖွဲ့ဝင်အများကြီးကို ထမင်းထုပ်လိုက်ပို့လို့ နောက်ကျတတ်တာ နားလည်ပေးနိုင်ပေမယ့် တစ်ခါတလေတော့လည်း စိတ်တိုတယ်ဗျ။ ဆာနေရင် ပိုဆိုးတယ်’’ဟု ပွင့်ပွင့်လင်းလင်းပြောသည်။
အမေရိကန်သမ္မတ၏ လုံခြုံရေးကို အပြင်စည်းမှ စောင့်ခဲ့ရသည့် ၎င်းက များစွာစိတ်မလှုပ်ရှားဟု ဆိုသည်။
‘‘အိုဘားမားလမ်းကြောင်းကို လုံခြုံရေးယူရတာ မြန်မာနဲ့ နိုင်ငံခြားအသင်း ဘောလုံးကစားတာလောက် ရင်မခုန်ဘူး’’
ရန်ကုန်မြို့တွင်မူ နေပြည်တော်ကဲ့သို့ လုံခြုံရေးစရိတ်မပေးခဲ့ပေ။ ကမ္ဘာ့စူပါပါဝါနိုင်ငံမှ သမ္မတ လာမည့်အရေးအတွက် ရန်ကုန်လမ်းမများပေါ်တွင် ခြောက်ရက်ခန့် လုံခြုံရေးစောင့်ခဲ့ပြီးနောက်တွင် အောက်ခြေရဲတပ်ဖွဲ့ဝင်အချို့က သုံးစရာကုန်သွား၍ ရွှေထည်နှင့် စက်ဘီးကဲ့သို့သော ပစ္စည်းအချို့ ပေါင်နှံသုံးစွဲခဲ့ရကြောင်း ပြောကြသည်။
မကွေးတိုင်းဒေသကြီးမှလာ၍ နေပြည်တော်တွင် လုံခြုံရေးတာဝန်ကျခဲ့သည့် ဒုတိယရဲမှူးတစ်ဦးက အာဆီယံထိပ်သီးအစည်းအဝေးကာလကို အောင်အောင်မြင် မြင်ဖြတ်သန်းနိုင်ခဲ့ခြင်းသည် လူမသိသူမသိဖြစ်ခဲ့သည့် ရဲတပ်ဖွဲ့၏ အောင်မြင်မှုများစွာထဲမှ တစ်ခုဖြစ်ကြောင်း ဂုဏ်ယူစွာပြောသည်။ သို့သော် ထင်ထားသည်ထက် ဆိုးရွားသည့် အခက်အခဲများ ရင်ဆိုင်ခဲ့ရကြောင်း ပြောသည်။
‘‘လုံခြုံရေးစည်းမပေါက်စေဘဲ အောင်မြင်ခဲ့တာက ကျွန်တော်တို့ဘ၀အတွက် တကယ့်အောင်မြင်မှုမှတ်တိုင်တစ်ခုပါ။ အိပ်စရာမရှိတာ၊ အပေါ့အလေးသွားဖို့ ခက်ခဲတာ၊ စားဖို့ခက်ခဲတာ အားလုံးကြုံခဲ့ရပါတယ်။ မနက် ၆ နာရီလောက်ကနေ ည ၇ နာရီလောက်အထိ အလှည့်မရှိဘဲ တောက်လျှောက်ရပ်ရတာလေ။ လမ်းလျှောက်လိုက်။ အကြောလျှော့လိုက်၊ ဒီလိုပဲ ခိုးလုပ်ရတာပေါ့’’ဟု အတွေ့အကြုံကို မျှဝေသည်။
‘‘နိုင်ငံတကာအမြင်မှာ လျော့ရိလျော့ရဲမဖြစ်စေဖို့ အချင်းချင်းအားပေးရသလို ကိုယ့်ကိုယ်ကိုယ် အားပေးနေရတယ်’’ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရင်ဖွင့်သည်။
နေပြည်တော်မှ ရဲမှူးချုပ်တစ်ဦးက ‘‘ကျွန်တော့်ကလေးတွေ (ရဲတပ်ဖွဲ့ဝင်တွေ)ကို ကျေးဇူးတင်သလို အောင်မြင်မှုအတွက်လည်း ဂုဏ်ယူပါတယ်။ အခုတင် မိသားစုဝင်တွေနဲ့ ပြောနေတာပါ။ ကလေးတွေကို ဘုရားရှိခိုးတိုင်း မေတ္တာပို့ပေးဖို့’’ဟု မြန်မာနိုင်ငံမှ အိုဘားမား ပြန်သွားသည့် နိုဝင်ဘာ ၁၄ ရက်ညတွင် ပြောသည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်နွှယ်ကာ ဥရောပနှင့် အာရှမှ နိုင်ငံတကာခေါင်းဆောင်များ၏ လုံခြုံရေးအတွက် နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ငါးရက်သာ တာဝန်ယူခဲ့ရသော်လည်း ရဲတပ်ဖွဲ့ဝင်များမှာ ပွဲမကျင်းပမီ ၁၄ ရက်အလိုကပင် ဟင်းလင်းပြင် နေပြည်တော်၏ လေပူပူ၊ နေပူပူအောက် ကြိုတင်ပြင်ဆင်ခဲ့ရသည်။ ယင်းကာလများက နေပြည်တော်အပါအ၀င် ဒေသအချို့၌ ပုံမှန်ထက် အပူရှိန်မြင့်မားနေခဲ့သည်။
နေပြည်တော်တွင် တာဝန်ကျသော ဒေသအသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေးကာလအကျုံးဝင်ခဲ့သည့် ၁၄ ရက်အတွက် လုံခြုံရေးစရိတ်အဖြစ် တစ်နေ့လျှင် ကျပ်နှစ်ထောင် ရဲချုပ်က ပေးခဲ့သော်လည်း အကြောင်းပြချက်မျိုးစုံဖြင့် မရသူများရှိခဲ့ပြန်သည်။ ထိပ်သီးအစည်းအဝေးမစမီက ရဲအင်အားနှစ်သောင်းကျော် တာဝန်ယူမည်ဟု နေပြည်တော်က ဆိုသော်လည်း အမှန်တကယ် ကျင်းပချိန်တွင် တပ်ဖွဲ့ဝင်ဦးရေ လေးသောင်းကျော်ခဲ့ရသည်။ ထိုအရေအတွက်မှာ မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်အားလုံး၏ ၅၀ ရာခိုင်နှုန်းဖြစ်၏။ လုံခြုံရေးစရိတ်အပြည့်အ၀မရသည့် တုံ့ပြန်သံများမှာ နောက်ဆုံးအချိန်အထိ တပ်ဖွဲ့ဝင်အင်အားစာရင်း မငြိမ်သည့်အတွက် ဖြစ်နိုင်ပြီး ပြန်လည်စိစစ်ရန်ရှိကြောင်း ရဲဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။
ရဲချုပ်က တရားဝင်ပေးသည့် လုံခြုံရေးစရိတ်ကိစ္စကိုပင် မသိလိုက်သည့်အပြင် စည်းလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ‘‘ပြန်မပေးရတာပဲ ကံကောင်း။ အရင်တုန်းက နေပြည်တော်လုံခြုံရေးလာရင် ထမင်းစရိတ်သွင်းရတယ်။ ဒီတစ်ခေါက်က အလကားကျွေးတော့ နည်းနည်းသက်သာတာပေါ့’’ဟု ဆိုလေသည်။
အဆင်မပြေမှုများကြားမှ လုံခြုံရေးယူခဲ့ရသည့်ကာလကို ဖြတ်သန်းပြီး ဇာတိသို့ ပြန်ရောက်လာခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးမှ ရဲအရာရှိတစ်ဦးကတော့ ရဲတပ်ဖွဲ့၏ အောင်မြင်မှုကိုသာ ဂုဏ်ယူပြီး လုံခြုံရေးစရိတ်ကိစ္စကို သိသော်လည်း အပြည့်အ၀မရခြင်းက ပြဿနာမဟုတ်ကြောင်း ပြောသည်။
အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်ကို ပြည်သူများနည်းတူ ရဲတပ်ဖွဲ့ဝင်များလည်း စိတ်ဝင်စားကြသည်။ နိုင်ငံရေးအရ အကောင်းဘက်သို့ ဦးတည်မည့် အပြောင်းအလဲများလည်း ဖြစ်လာနိုင်မည်ဟု မျှော်လင့်ရင်ခုန်ခဲ့ကြသည်။ ၁၇ နှစ်တွင်မှ တစ်ကြိမ် အခွင့်အရေးရခဲ့သည့် အာဆီယံဥက္ကဋ္ဌရာထူးနှင့် ထိပ်သီးဆွေးနွေးပွဲများ အောင်မြင်စွာ တာဝန်ယူနိုင်ခဲ့ပြီး အခြားနိုင်ငံတစ်ခုသို့ လွှဲပြောင်းပေးနိုင်ခဲ့သည်။ ထိုဖြစ်စဉ်များအားလုံးတွင် သောင်းနှင့်ချီသည့် အောက်ခြေရဲတပ်ဖွဲ့ဝင်များ၏ အခန်းကဏ္ဍက အရေးပါခဲ့သည်။ လုံခြုံရေးတာဝန်ကို အကောင်းဆုံးထမ်းဆောင်နိုင်ခဲ့သောကြောင့် ၎င်းတို့အပေါ် အမြဲတစေ အမြင်မကြည်လင်ခဲ့သည့် ပြည်သူများအပြင် ပြည်ထဲရေးဝန်ကြီးဌာန ခေါင်းဆောင်ပိုင်းကပါ တာဝန်ကျေပွန်မှုအတွက် အသိအမှတ်ပြုစေလိုသည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုလေသည်။
‘‘နိုင်ငံ့ဂုဏ်သိက္ခာအတွက် အရေးကြီးပြီး ဘ၀နဲ့ရင်းရနိုင်တဲ့ နိုင်ငံတကာအဆင့် လုံခြုံရေးကို ပင်ပင်ပန်းပန်းလုပ်ခဲ့ကြတဲ့ နာမည်မကြီးတဲ့ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကရော လူကြီးပိုင်းကပါ မြင်နေကျအမြင်ကနေခွဲထွက်ပြီး အကောင်းမြင်တဲ့စိတ်နဲ့ ကြည့်စေချင်တယ်။ အောက်ခြေတပ်ဖွဲ့ဝင်တွေဟာ ဆင်းရဲစွာရပ်တည်ရပေမယ့် ရဲတပ်ဖွဲ့အကျိုးနဲ့ယှဉ်လာရင် ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ လုပ်ပေးနိုင်တယ်ဆိုတာ သိစေချင်တယ်’’ဟု နေပြည်တော်တွင် လုံခြုံရေးတာဝန်ကျခဲ့သည့် မကွေးတိုင်းဒေသကြီးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
http://www.7daydaily.com/story/25229#.VGy9ZtKUeSp
No comments :
Post a Comment