မြန်မာ့တပ်မတော် သမိုင်းတွင် တပ်မတော် ထောက်လှမ်းရေး အပိုင်းသည် ဗိုလ်ချုပ်
ကြီး နေ၀င်းနှင့် အတူမွးဖွားလာခဲ့ပါသည်။ ထောက်လှမ်းရေး ဦးကိုင်ဖခင်မှာလည်း
ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါသည်။ ယခင်က တပ်မတော် ထောက်လှမ်းရေး Network မှာ
ကြီးမားကျယ်ပြန့်ခြင်း မရှိပါ။
တပ်ရင်းများတွင် သက်ဆိုင်ရာ တပ်ရင်း၏ ထောက် လှမ်း အရာရှိများက
ဦးစီးပြီး မိမိတို့သက်ဆိုင်ရာ နယ်မြေ အတွင်း ရန်သူ့သတင်းများ ကို အတတ်နိုင်ဆုံး ဖော်ထုတ်ကာ စစ်ဆင်ရေးများကို ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။ အောင်မြင်မှုများ ရှိသကဲ့သို့ ဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်ခဲ့ရပါသည်။ တပ်မတော် ထောက်လှမ်းရေး Networkကြီး၏ ပီပီပြင်ပြင် ဖြစ်ပေါ်လာမှုသည် တ်ာလှန်ရေးကောင်စီ တိုင်းပြည်၏အာဏာယူပြီးသည့် နောက်တွင်စတင်ကြီးထွား လာခဲ့ပါသည်။
ထိုစဉ်ကာလက တပ်တော် ထောက်လှမ်းရေးမှူးမှာ ဗိုလ်မှူးကြီးလွင် (နှုတ်ခမ်းမွှေး) ဖြစ်ပါသည်။
၎င်း၏ လက်ထက်တွင် တပ်တော် ထောက်လှမ်းရေး နှင့် ပတ်သက်၍ အစီအစဉ်များ စတင်ချမှတ်ခဲ့ပြီး ပြည်ပနိုင်ငံသို့ သင်တန်းများ သွားရောက် တက်စေခြင်း၊ ခြေလျင်တပ်များမှ အစွမ်းအစရှိသူများကို
တပ်မတော် ထောက်လှမ်းရေးသို့ ခေါ်ယူခြင်း၊ အလားတူပင် အခြားအဆင့် တပ်ကြပ်ကြီး၊ တပ်သား အစရှိသူတို့ကိုလည်း ခေါ်ယူမွေးမြူခြင်း သင်တန်းပေးခဲ့ပါသည်။ ထိုစဉ် အခါက တပ်မတော်တွင်
သြဇာကြီးခဲ့သော ဗိုလ်မှူးချုပ် မောင်မောင်မှလည်း ထောက်လှမ်းရေးတပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍
အမေရိကန် အစိုးရ၏ CIA အကူအညီယူရန် ကြိုးစား အားထုတ်ခဲ့ပါသည်။ တပ်မတော် ထောက်လှမ်းရေး ကြီးမားကျယ်ပြန့်လာမှုသည် ဗိုလ်မှူးကြီးလွင်၊ ဗိုလ်မှူးကြီး ချစ်ခင်တို့ နောက်ပိုင်း ညွှန်ကြားရေးမှူး ဖြစ်လာသူ ဗိုလ်မှူးချုပ် တင်ဦး လက်ထက်တွင် ဖြစ်ပါသည်။ ထိုစဉ်က ဗိုလ်မှူးချုပ် တင်ဦးသည် ဒုဗိုလ်မှူးကြီး အဆင့်ဖြင့် ထောက်လှမ်းရေး Networkကြီးအား ဦးစီးပါတော့သည်။ ထိုပုဂ္ဂိုလ် သည် အရည်အချင်းရှိပြီး များစွာလည်း လာဘ်မြင်သူ ဖြစ်ပါသည်။ တော်လှန်ရေး ကောင်စီ လက်ထက်တွင် အထူးစုံစမ်းရေး ဦးစီးဌာနကို ကိုင်တွယ်ပြီး တစ်နိုင်ငံ လုံးရှိ စီးပွားရေး သောင်းကျန်းသူများကို ဇူဇကာ စစ်ဆင်ရေးဖြင့် ဖမ်းဆီးနှိပ်ကွပ် ခဲ့ပါသည်။ ထို့ပြင် ကမ္ဘာအေး ဘုရားလမ်းရှိ နေအိမ်၏ မီးဖိုချောင်တွင် မိခင်အရင်းကို သတ်ဖြတ်ပြီး အင်္ဂတေလောင်းကာ မြှုပ်ခဲ့သော ထွန်းမြင့်ကြူ၏ အမှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူးချုပ် တင်ဦးသာ ရှိသေးပါက ယခုတိုင် မဖော်ထုတ် နိုင်သေးသော ငါးလောင်းပြိုင် လူသတ်မှုကြီးပင် ပေါ်ပေါက်နိုင်ပါသည်။ ဗိုလ်မှူးချုပ် တင်ဦးသည် ဗိုလ်ချုပ်ကြီး နေ၀င်း၏ မွေးစားသားပင် ဖြစ်ပါသည်။ ၄င်း၏ ဇာတ်လမ်း မှာလည်း ဟောလီးဝုဒ် ရုပ်ရှင်လောကမှ ရိုက်ကူးတင်ဆက်ခဲ့သော Saving Private Ryan ကဲ့သို့ပင် ဖြစ်ပါသည်။ တော်လှန်ရေး ကာလတွင် ဗိုလ်မှူးချုပ် တင်ဦး၏ အစ်ကို နှစ်ဦးသည် တိုင်းပြည် လွတ်လပ်ရေး အတွက် အသက်ပေးလှူ ခဲ့ရသောကြောင့် တပ်ထဲတွင် ကျန်ရှိခဲ့သော ၄င်း၏သား ဗိုလ်တင်ဦးကို စောင့်ရှောက် ပါရန် မိခင်ဖြစ်သူမှ ကာကွယ်ရေး ဦးစီးချုပ်ထံသို့ စာရေး အကူအညီ တောင်းခံ ခဲ့သည့် အတွက် ဗိုလ်ချုပ်ကြီး နေ၀င်းမှ ၄င်းအား သူ့အနီးသို့ ခေါ်ယူထားကြောင်း ဆရာသမားများ၏ ပြောပြချက်အရ သိရသည်။ ဗိုလ်ချုပ်ကြီး နေ၀င်း၏ အနီးကပ် သွန်သင်မှု၊ CIA သင်တန်းကို ဆိုင်ပန်တွင်လည်းကောင်း၊ English Military Police Trainingကို အင်္ဂလန်တွင်လည်းကောင်း သွားရောက်တက်ခဲ့ပြီး ဗိုလ်မှူးချုပ် တင်ဦးသည် ထောက်လှမ်းရေး Networkကြီးကို စနစ်တကျ တည် ဆောက်ခဲ့ပါတော့သည်။ ၄င်း၏ လက်ရွေးစင် တပ်မှူးများဖြစ်ကြသော ဗိုလ်မှူးကြီး အောင်ဌေး၊ ဗိုလ်မှူးကြီး ကျော်ဒွန်း၊ ဗိုလ်မှူးကြီး အောင်လွင် (ကွယ်လွန်)၊ ဗိုလ်မှူးကြီး သိန်းအောင် (NIB)၊ ဒုဗိုလ်မှူးကြီး ခင်ထွန်း(စစစညွှန်ချုပ်)၊ ဗိုလ်မှူးကြီး ကံညွန့် (ကကလှမ်း ညွှန်မှူးဟောင်း)၊ ဗိုလ်မှူးကြီး ဘိုနီ(ပြည်ထဲရေး ၀န်ကြီးဟောင်း (ကွယ်လွန်)၊ ဗိုလ်မှူးစိုးမြင့် (သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး ၀င်းအောင် (နိုင်ငံခြားရေး ၀န်ကြီးဟောင်း-ကွယ်လွန်)၊ ဦးစောထွန်း (၀န်ကြီးဟောင်း)စသည် တို့မှာ ၄င်း၏ထင်ရှားသော တပည့်များ ဖြစ်ပါသည်။ အလားတူပင် ဗိုလ်မှူးချုပ် တင်ဦးကဲ့သို့ ထူးချွန်သူတစ်ဦးမှာ ဒုဗိုလ်မှူးကြီး လေးမောင် (နိုင်ငံခြားရေး ၀န်ကြီးဟောင်း-ကွယ်လွန်) ဖြစ်ပါသည်။ ဦးလေးမောင် သည် တော်လှန်ရေး ကောင်စီ လက်ထက်တွင် ဆွစ်ဇာလန်နိုင်ငံတွင် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၇၄ခုနှစ် နောက်ပိုင်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကာ အမျိုးသား ထောက်လှမ်းရေးတွင် ပါဝင်ခဲ့ပါသည်။ ဗိုလ်မှူးချုပ်တင်ဦး ဦးဆောင်သည့် (ကကလှမ်း) တပ်ဖွဲ့ဝင်များသည် အနောက် တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သန်းတင် ဦးစီးကွပ်ကဲခဲ့သော ထော်ပိုင် စစ်ဆင်ရေးတွင် လည်းကောင်း၊ တပ်မ(၇၇/၈၈)တို့ ဦးစီးပြီး ပဲခူးရိုးမ ဗကပ စခန်းများကို ဖြိုဖျက်တိုက်ခိုက် ချေမှုန်းခဲ့ရာတွင် ပါဝင်ခဲ့ပါသည်။ ထောက်လှမ်းရေး သတင်းများကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ပါသည်။ ရန်သူ့သတင်းများကို အတိအလင်း ထောက်လှမ်းနိုင်သောကြောင့် နောက်ဆုံးတွင် မြန်မာပြည် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင် သန်းထွန်း၊ စစ်ရေးခေါင်းဆောင် ဗိုလ်ဇေယျ၊ သခင်ဇင်၊ သခင်ချစ်စသော ခေါင်းဆောင်များ အားလုံး ကျဆုံးပြီး ပဲခူးရိုးမသည် ဗကပတို့၏ နှစ်ပေါင်းများစွာ လွှမ်းမိုးမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါသည်။ ဗိုလ်မှူးချုပ် တင်ဦးမှာလည်း ၁၉၇၄နောက်ပိုင်းတွင် ပြည်သူ့လွှတ်တော် ပေါ်ပေါက် လာသော ကာလတွင် နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ၏ စစ်ဖက်လက်ထောက် အဖြစ် တိုးမြှင့် ခန့်ထားခြင်း ခံရပြီး သြဇာအာဏာ ကြီးမားလာခဲ့ပါသည်။ ဗိုလ်မှူးချုပ် တင်ဦး၏ သြဇာအာဏာ ကြီးမားလာမှုသည် ၄င်း၏ဘ၀ ကျဆုံးမှု အတွက်ကိုလည်း စတင် အခြေခံသည်ဟု ပြော၍ ရပါသည်။ လောကတွင် အကျိုးတရားများသည် အကြောင်းတရားများကို မှီပြီး ပေါ်ပေါက်လာခြင်း ဖြစ် ပါသည်။ ထို့အတူ ပျက်စီးမှု၊ ကျဆုံးမှု၊ ဆုံးရှုံးမှုများသည်လည်း ယင်းအကြောင်း တရားများမှပင် အခြေခံကြောင်း လောကနိယာမ အရ သိရှိကြမည် ဖြစ်ပါသည်။ တောင့်တင်းကြံ့ခိုင်ပြီး အလွန်စနစ်ကျစွာဖြင့် ဖွဲ့စည်းထားသော ထောက်လှမ်းရေး တပ်ဖွဲ့ သြဇာအာဏာသည် ထိုစဉ်ကာလ အစိုးရ အဖွဲ့အစည်းများ အတွင်းမှာ ပင် စတင်ကာ ခြိမ်းခြောက်လာပါတော့သည်။ တော်လှန်ရေး ကောင်စီ လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ၀န်ကြီးချုပ်ဟောင်း ဦးနု၏ ပြည်ပြေးအစိုးရနှင့် ပတ်သက်သူ မိသားစု တော်တော်များများသည်လည်း ၀န်ထမ်းဖြစ်ပါက အလုပ်ပြုတ်ခြင်း၊ ဖမ်းဆီး ထိန်းသိမ်းထားခြင်းတို့ကို ခံရပါသည်။ ယင်းတို့တွင် နာမည်ကြီးသူများမှာ ဒေါက်တာဘမော်၏ မိသားစု၊ ရဲဘော်သုံးကျိပ် ဗိုလ်ရန်နိုင်၏ မိသားစုဝင်များ၊ ICS ချမ်းသာ၏ မိသားစုဝင်များ၊ ထားဝယ်ဘက်ရှိ ၀န်ကြီးချုပ် ဦးဗဆွေ၏ အမျိုးများ အစရှိသည်တို့ ပါဝင်ကြပါသည်။ တော်လှန်ရေး ကောင်စီကို ဆန့်ကျင်သော နိုင်ငံရေးအဖွဲ့များသည် ဖမ်းဆီး နှိပ်ကွပ်ခြင်းကို ခံရပါသည်။ စစ်အာဏာရှင် အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ နိုင်ငံရေး ပြိုင်ဘက်များအား ဖမ်းဆီးနှိပ်ကွပ်မှုများသည် ယခင် ဗိုလ်ချုပ်တင်ဦး လုပ်ခဲ့သော လုပ်ရပ်များ၏ နောက်ဆက်တွဲ ဖြစ်ပါသည်။ မူလအခြေခံသည် ဗိုလ်မှူးချုပ် တင်ဦး လက်ထက်တွင် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ၏ စစ်ဖက်လက်ထောက် အဖြစ် အာဏာကြီးထား ရသော ဗိုလ်မှူးချုပ် တင်ဦးသည် ၁၉၇၇ ခုနှစ် တတိယအကြိမ် မြန်မာ့ဆိုရှယ်လစ် လမ်စဉ်ပါတီ၏ ညီလာခံတွင် ပါတီတွင်း ပြဿနာများ ပေါ်ပေါက်လာပြီးနောက် မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီ၏ ညီလာ ခံတွင်ပါတီတွင်းပြဿနာများ ပေါ်ပေါက် လာပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ တွဲဖက် အထွေထွေ အတွင်း ရေးမှူးအဖြစ် တိုးမြှင့်ခန့်အပ်ထားခြင်း ခံရသောကြောင့် ပါတီကောင်စီများတွင် လည်း သြဇာအာဏာ သက်ရောက်မှု ရှိလာပါသည်။ ထို့အပြင် ၀န်ကြီးအဖွဲ့၊ တရားသူကြီးအဖွဲ့၊ လုပ်ငန်းစစ်ဆေးအဖွဲ့ စသည်တို့မှာ လည်း ပါတီ၏ ဦးဆောင်မှုကို ခံယူရသောကြောင့် အဖွဲ့အစည်း အားလုံးသည် ဗိုလ်မှူးချုပ် တင်ဦးအား ကျိုးနွံကြရပါတော့သည်။ ဗိုလ်မှူးချုပ် တင်ဦးသည် အရပ် ဘက် အဖွဲ့အစည်းများတွင် ၄င်း၏ အမာခံ တပ်မှူးများကို ဌာနဆိုင်ရာ အကြီး အကဲများဖြင့် လည်းကောင်း၊ ညွှန်ကြားရေးမှူး အဆင့်ဖြင့် လည်းကောင်း စတင်ပြီး တာဝန်ပေးအပ်ပါတော့သည်။ ထိုစဉ်က အရေးကြီးသည့် ဌာနများ ဖြစ်ကြသော နိုင်ငံခြားရေး၊ သစ်လုပ်ငန်း၊ ပြည်တွင်းအခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ သတင်းတပ်အဖွဲ့၊ အထူးစုံစမ်းစစ်ဆေးဌာန အစရှိသော ဌာနအသီးသီးတွင် ထောက်လှမ်းရေး အရာရှိများ ရောက်ကုန်ကြပါတော့သည်။ ထိုကာလမှစပြီး ဗိုလ်မှူးချုပ် တင်ဦးသည် မြန်မာ့နိုင်ငံရေး လောကတွင် (နံပါတ်တစ် နှင့် နှစ်ကြားမှ ပုဂ္ဂိုလ်)ဟု အာဏာပိုင် အဖွဲ့အစည်းများ၏ သတ်မှတ်ခြင်း ခံရ ပါတော့သည်။ ဗိုလ်မှူးချုပ် တင်ဦးသည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၀ီရိယရှိပြီး ဇွဲကောင်းသူ တစ်ဦး ဖြစ်ပါသည်။ ထောက်လှမ်းရေး ဘက်တွင်လည်းကောင်း၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ဘက်တွင် လည်းကောင်း နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့ပါသည်။ သို့သော် သူမေ့နေသော အရာမှာ ဦးနေ၀င်း ဖြစ်ပါသည်။ ဦးနေ၀င်းသည် အလွန်ပါးနပ်ပြီး ပရိယာယ်ကြွယ်သူ ဖြစ်သောကြောင့် ဗိုလ်မှူးချုပ် တင်ဦး၏ ခြေလှမ်းများကို ရိပ်စား မိလာပါတော့သည်။ မှတ်မိသော အကြောင်းအရာ တစ်ခုမှာ ထိုစဉ်က ပြည်ထဲရေး ၀န်ကြီး ဖြစ်သော ဦးဘိုနီသည် ၄င်း၏ အင်္ဂလန် ခရီးစဉ်တွင် ရွှေဘုံသာလမ်းမှ ရွှေသူဌေး၊ ဦးသိန်းမြင့် (ရွှေငါး)၊ ဇနီးဒေါ်သိန်းတင်အား ၄င်းနှင့်အတူ ခေါ်သွားခြင်း ဖြစ်ပါသည်။ ထို့အပြင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ ချင်ချောင်း နန်းတော်အား ဟိုတယ် အဖြစ်သို့ ပြောင်းရန် ၄င်းမှ စီစဉ်ခဲ့ရာမှ ဦးနေ၀င်းမှ မသိရှိဘဲ စီစဉ်ခြင်း၊ နောက် အကြောင်းပြချက် တစ်ခုမှာ ၄င်း၏သား မင်္ဂလာဆောင် အပြီးတွင် ထိုင်းနိုင်ငံ သို့ သွားရောက်လည်ပတ်စေခြင်း၊ ထို့အပြင် စီမံရေးရာ ကိစ္စရပ် တော်တော် များများတွင် ဥက္ကဋ္ဌ မသိဘဲ လုပ်ဆောင်ထားခြင်းတို့ ဖြစ်ပါသည်။ တစ်နှစ်သော နွေရာသီ ခရီးစဉ်တွင် ဥက္ကဋ္ဌ ဦးနေ၀င်းသည် ပြင်ဦးလွင်မြို့သို့ သွားရောက် အနားယူစဉ် ၄င်းနှင့် အတူပါလာသော ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးလေးမောင်၊ ဒေါက်တာ မောင်မောင် အစရှိသော ပုဂ္ဂိုလ်တို့နှင့် ပြန်လည်ပြောပြရာမှ အထက်ဖော်ပြပါ ကိစ္စရပ်များ ပေါ်ပေါက် လာခဲ့ပါသည်။ အချို့သော ကိစ္စရပ် တော်တော်များများသည် ဦးနေ၀င်း မသိသောကြောင့် ၄င်း၏လူများအား အပြစ်တင်ရာတွင် ၄င်းတို့မှလည်း ဗိုလ်ချုပ် သိပြီးပြီ ထင်သောကြောင့် မတင်ပြကြောင်း ပြောပါသည်။ အတိုချုပ်အားဖြင့် ပြောရ လျှင် ၄င်းပြင်ဦးလွင်မှ အပြန်တွင် ADလမ်းရှိ ၄င်း၏ရုံးခန်းသို့ နိုင်ငံတော် ကောင်စီဝင်များကို အစည်းအဝေး ဖိတ်ကြားပြီး ဗိုလ်မှူးချုပ် တင်ဦးအား ခေါ်ယူဆူပူခဲ့သည်။ ထိုအချိန်တွင် ဗိုလ်မှူးချုပ်တင်ဦးသည် ထောက်လှမ်းရေး ကို မကိုင်တော့သော်လည်း ကိုဘိုနီအတွက် ကျွန်တော့်မှ တာဝန်ရှိ ပါတယ်။ ကျွန်တော် နုတ်ထွက်ပါတယ်ဟု ပြောကာ နုတ်ထွက်စာ တင် လိုက်တော့သည်။ ဤသို့ဖြင့် တော်လှန်ရေး ကောင်စီ လက်ထက်မှစပြီး ၁၉၈၂ ခုနှစ် ၀န်းကျင် လောက်ထိ တန်ခိုးကြီးထွား လာခဲ့သော ဗိုလ်မှူးချုပ် တင်ဦးသည် နောက်ဆုံး တွင် ဦးနေ၀င်း၏ စတေးခြင်းကို ခံလိုက်ရပါတော့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဦးနေ၀င်းသည် အာဏာရှင် ပီသစွာဖြင့် နောက်ဆုံးတွင် သူ၏ ပင်ကိုယ်စရိုက်ကို ထုတ်ဖော်ပြခြင်း ဖြစ်ပါသည်။ ၀န်ကြီးချုပ် ဦးဗဆွေ ပြောသော စကားတစ်ခွန်းကို မှတ်မိပါသည်။ ၄င်းမှာ ဗိုလ်နေ၀င်းသည် မြင်း သမား တစ်ယောက် ဖြစ်သောကြောင့် မြင်းကို ခဲထိုးရာတွင် အလွန်ကျွမ်းကျင် လိမ္မာစွာ တွက်တတ်ပါသည်။ သူ၏တပည့်တပန်းများကို လည်းကောင်း သူ၏ နိုင်ငံရေး ပြိုင်ဘက် အားလုံးကို လည်းကောင်း ဤပညာဖြင့် သူသည် အနိုင်ယူခဲ့ပါသည်။ ဗိုလ်မှူးချုပ် တင်ဦးသည် နုတ်ထွက်သွားရုံ သာမက နောက်ပိုင်းတွင် သူအပါ အ၀င် သူနဲ့ ပတ်သက်သောသူ တော်တော်များများမှာလည်း ထောင်သွင်း အကျဉ်းချထားခြင်း ခံရပါသည်။ ဗိုလ်မှူးချုပ် တင်ဦးသည် တန်ခိုးသြဇာ ကြီးမား ခဲ့သော်လည်း လာဘ်လာဘ ကင်းသူ ဖြစ်ပါသည်။ ၄င်းလက်ထက်တွင် အမေရိကန် အစိုးရမှ ထောက်ပံ့သော ပျားဂေဟာ စီမံကိန်း၊ မွေးမြူရေးနှင့် ပတ်သက်သော စီမံကိန်း အစရှိသော ငွေများနှင့်လည်း ကင်းရှင်းခဲ့ပါသည်။ သူ့တွင် ကိုယ်ပိုင်အိမ် မရှိခဲ့ပါ။ ယခင် သူနေခဲ့သော ADလမ်း အစိုးရအိမ်မှ ဖယ်ရှားခံရပြီး စမ်းရေတွင်းလမ်းရှိ ဆောက်လုပ်ရေးပိုင် အိမ်တစ်လုံးကို ထိုစဉ်က တန်းဖိုးငွေ တစ်လ(၁၅၀)ကျပ်ဖြင့် ငှားရမ်းနေခဲ့ရသည်။ ဗိုလ်မှူးချုပ်ကြီး စောမောင်တက်လာမှ သူ့ကို အင်းယားမြိုင်တွင် မြေ တစ်ကွက် ပေးခဲ့ပါသည်။ ဗိုလ်မှူးချုပ်တင်ဦး ကွယ်လွန်သောအခါတွင် ဦးနေ၀င်း ကိုယ်တိုင် လာရောက် ကြည့်ရှုပြီး ရင်ဘတ်တွင် နိုင်ငံတော် တံဆိပ်ကို ထိုးပေးခဲ့သည်ကို မှတ်မိပါသည်။ ထောက်လှမ်းရေး Networkကြီး ပျက်ပြီးနောက် တောင်ကိုရီးယား သမ္မတ ချန်ထူးဝမ် လာသောအခါတွင် အာဇာနည် ကုန်းကြီးကို မြောက်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့မှ တောင်ကိုရီးယား အစိုးရ တစ်ဖွဲ့လုံးကို ဗုံးခွဲ လုပ်ကြံခဲ့သည်ကို မှတ်မိပါသည်။ ဤရလဒ်မှာ ထောက်လှမ်းရေး အဖွဲ့ အားနည်းချက်ကြောင့် ဖြစ်ကြောင်းကို မည်သူမှ မငြင်းနိုင်ပါ။ ၄င်းကိစ္စရပ် အတွက် ထိုစဉ်က ကကလှမ်းညွှန်မှူး ဗိုလ်မှူးကြီး အောင်ကိုးမှာ ဖယ်ရှားခြင်းခံရသည်။ သူ၏နေရာတွင် ဗိုလ်မှူးကြီး ခင်ညွန့်ကို အစားထိုး ခန့်အပ်ခဲ့ပါသည်။ လောကပါလ တရားနှင့် ကြည့်ပါက ဘယ်အရာမှ မမြဲပါ။ နောက်ဆုံးတွင် အားလုံးသည် သေရမည် ဖြစ်ပါသည်။
ကိုရင်မောင် ( Tomorrow သတင်းဂျာနယ်အမှတ်(၃၉)ပါ ဆောင်းပါး )http://www.ex-absdf.net/2014/12/mi.html
No comments :
Post a Comment