.

AlinShin

Tuesday, December 2, 2014

စစ်အာဏာရှင်ကဲ့သို့ ကြောက်စရာကောင်းသောငလျင်များ


သပိတ်ကျင်းငလျင်လှုပ်ခတ်ပြီးနောက် အက်ကြောင်းကြီးများကျန်ခဲ့စဉ်/ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ
နိုဝင်ဘာလနှောင်းပိုင်းတွင် မြန်မာနိုင်ငံဒေသအနှံ့ ငလျင်များ ခပ်စိပ်စိပ်လှုပ်နေသည်။ ပြည်တွင်း၌ အင်အားအကြီးဆုံး ငလျင်အဖြစ် နောက်ဆုံးလှုပ်ခဲ့သည့် သပိတ်ကျင်းငလျင်ပြီးနောက် ငလျင်ငယ်လေးများ ရာနှင့်ချီလှုပ်ခဲ့သည်။ သို့သော် ယခုလပိုင်းအတွင်း လှုပ်ခဲ့သော မြေငလျင်များတွင် ပြင်းအားရစ်ခ်ျတာစကေး ၅ အဆင့်ကျော်သော ငလျင်များပင်ပါနေသည်။


ထို့ကြောင့် ငလျင်ပညာရှင်များ သတိပေးလေ့ရှိသည့် ငလျင်ကြီးများ၏ နောက်ဆက်တွဲ ငလျင်ငယ်လား၊ သို့မဟုတ် ငလျင်ကြီးလှုပ်ခါနီး ကြိုလှုပ်တတ်သည့် ရှေ့ပြေးငလျင်လား ဆိုသည်ကိုမူ မကွဲပြားသေး။ သပိတ်ကျင်းငလျင်လှုပ်ပြီး ၂ နှစ်ခန့်အကြာတွင် မြေငလျင်ပညာရှင်နှင့် ပြည်သူများ သတိပြုမိလောက်အောင် ငလျင်ပြတ်ရွေ့များ သိသိသာသာ လှုပ်ရှားလာခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၇ ရက်ကလှုပ်သော ငလျင်မှာ လူထိခိုက်မှုမရှိခဲ့သော်လည်း ကမ္ဘာကျော်စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ စစ်ကိုင်းမြို့မှ စေတီသုံးဆူစိန်ဖူးတော်မြေခခဲ့သည်။ ထိုအထဲတွင် သမ္မတဦးသိန်းစိန် ပူဇော်ထားသည့် စိန်ဖူးတော်လည်း ငလျင်ကြောင့် မြေခခဲ့သည်။
‘‘ဒီရက်ပိုင်း ငလျင်တွေ ဆက်တိုက်လှုပ်လာတာ သတိထားစောင့်ကြည့်နေတယ်။ သဘာဝဘေးအန္တရာယ်ကတော့ မဖြစ်ပါနဲ့လို့ ပြောလို့မရဘူး။ ဖြစ်နေမှာပဲ။ အခုအချိန်ကတော့ ငလျင်အန္တရာယ်အတွက် သတိပြုဖို့တော့လိုနေပြီ’’ဟု မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
ငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းသည် အခြားသဘာဝဘေးအန္တရာယ်များထက်ပို၍ အလေးပေးသင့်ကြောင်း ပညာရှင်များက ထောက်ပြဝေဖန်သည်။
‘‘ငလျင်အန္တရာယ်က ရှိနေတယ်ဗျ။ သူက မုန်တိုင်းလို ကြိုခန့်မှန်းလို့မရဘူး။ ခက်တာက တကယ့်စံချိန်မီပြတ်ရွေ့ကြောကြီးပေါ်မှာ ခွထိုင်နေကြရတယ်ဆိုတာ လူတွေ အမှတ်တမဲ့ဖြစ်နေတယ်’’ဟု မြန်မာနိုင်ငံ မြေပုံအလယ်တည့်တည့်မှ ဖြတ်သွားသည့် ဧရာမသက်ရှိပြတ်ရွေ့ကြီးဖြစ်သော စစ်ကိုင်းပြတ်ရွေ့ကို ရှာဖွေတွေ့ခဲ့သူ ငလျင်ပညာရှင် ဒေါက်တာဝင်းဆွေကပြောသည်။
မြန်မာနိုင်ငံအနှံ့တွင် အသက်ရှိနေသေးသည့် အဓိကငလျင်ကြောကြီးငါးခုခန့် ရှိနေသည့်အပြင် စစ်ကိုင်းပြတ်ရွေ့ကြောကြီးကလည်း မြန်မာနိုင်ငံမြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း သုံးခွမြို့အနီးမှ ကပ္ပလီပင်လယ်တွင်း တိုးဝင်သွားကာ ကီလိုမီတာတစ်ထောင်ခန့် ရှည်လျားသည်။
စစ်ကိုင်းပြတ်ရွေ့ကြောကြီးသည် ဟူးကောင်းတောင်းကြားမှစကာ လူဦးရေအတန်အသင့်ထူထပ်သည့် မိုးကောင်း၊ အင်းတော်ကြီး၊ ထီးချိုင့်မြို့များမှ စစ်ကိုင်းမြို့ကို ဖြတ်သွားသည်။ ထိုနေရာမှ ဧရာဝတီမြစ်ကြောင်းအတိုင်း မြစ်သား၊ ၀မ်းတွင်း၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် ပျဉ်းမနား၊ ဖြူး၊ ပဲခူးမြို့။ ထိုမှ ခရမ်း-သုံးခွမြို့အနီးမှဖြတ်ကာ ကပ္ပလီပင်လယ်အတွင်း ထိုးဆင်းသွားကြောင်း ဒေါက်တာဝင်းဆွေက အသေးစိတ်ရှင်းပြသည်။ အစိုးရရုံးစိုက်ရာ နေပြည်တော်အနီးမှလည်း ဖြတ်သွားသည့်အပြင် အမြန်လမ်းခရီးသွားသူတိုင်း တွေ့ဖူးကြသည့် ဖြူးမြို့ ၁၁၅ မိုင် စားသောက်ဆိုင်တန်းအနောက်ဘက်မှ စိမ်းညို့ညို့တောင်တန်းကြီး အောက်တည့်တည့်တွင် ယင်းပြတ်ရွေ့ကြောကြီးရှိနေကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် အင်အားပြင်းပြင်းလှုပ်သွားခဲ့သော အင်းဝ၊ ပဲခူးနှင့် စစ်ကိုင်းငလျင်များ၏ အဓိကလက်သည်တရားခံမှာလည်း ထိုပြတ်ရွေ့ကြောကြီးပင် ဖြစ်နေသည်။
ငလျင်ကြောပေါ်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား သန်းနှင့်ချီ၍ ရှိနေသော်လည်း ငလျင်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အသိပညာနည်းပါးကြကြောင်း မြန်မာနိုင်ငံဘူမိသိပံ္ပအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်းကလည်း ပြောသည်။
‘‘အဲဒါအန္တရာယ်ဗျ။ ငလျင်နဲ့ပတ်သက်လို့ သိပ္ပံပညာရှင်တွေ ကြိုးစားနေတာပဲဗျာ။ မရသေးပါဘူး။ သို့လောသို့လောအဆင့်ပဲ ရှိသေးတယ်။ ဒါပေမဲ့ခက်တာက မြို့ကြီးတစ်မြို့ မနက်ဖြန်ငလျင်လှုပ်မယ်လို့ ကြိုသိရင်တောင် ခင်ဗျား ဘာလုပ်မလဲ။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ စီမံခန့်ခွဲမှုကောင်းကောင်းလိုတယ်’’ဟု ဒေါက်တာဝင်းဆွေကပြောသည်။
ယခုရက်အတွင်း ခပ်စိပ်စိပ်လှုပ်လာသည့် ငလျင်များမှာ ဒေသအနှံ့ပြန့်၍ လှုပ်နေခြင်းဖြစ်သည်။ သက်ရှိ ပြတ်ရွေ့ကြောများဖြစ်သည့် ဂွေးချိုနှင့် ကန်ကြီးထောင့် ပြတ်ရွေ့ကြောကြီးများရှိရာ ချောက်၊ ကလေးနှင့် စစ်ကိုင်းမြို့များအပြင် စစ်ကိုင်းပြတ်ရွေ့ဖြတ်သွားသည့် နေပြည်တော်နှင့် ပဲခူးမြို့တွင်ပါ လှုပ်ရှားခဲ့သည်။
ထူးခြားသည်မှာ အန္တရာယ်ရှိအဆင့်ဖြစ်သည့် ပြင်းအား ရစ်ခ်ျတာစကေး ၅ အဆင့်နှင့်အထက် ဆယ်ရက်အတွင်း သုံးကြိမ်အထိ လှုပ်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၇ ရက်တွင် ချောက်မြို့အနီး ရစ်ခ်ျတာစကေး ၅ ဒသမ ၄ နှင့် နိုဝင်ဘာ ၂၁ ရက်တွင် ကလေးမြို့အနီး ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၆ အဆင့်လှုပ်ခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်တွင် ပြင်ဦးလွင်မြို့အနီး ဗဟိုပြု၍ ပြင်းအားရစ်ခ်ျတာစကေး ၅ အဆင့် ထပ်လှုပ်ခဲ့ပြီး စစ်ကိုင်းမြို့ရှိ စေတီသုံးဆူ စိန်ဖူးတော်မြေခခဲ့သည်။
‘‘ကျွန်တော် အခု ငလျင်ကြောကြီးပေါ်ရှိနေတဲ့မြို့မှာ နေနေရတယ်။ တစ်နေရာမှာ ငလျင်လှုပ်တယ်လို့ အသံကြားလိုက်တာနဲ့ ကိုယ်နင်းထားတဲ့မြေကို ငုံ့ကြည့်ပြီး သတိလက်လွတ်ဖြစ်မိတဲ့အထိ ကြောက်တယ်’’ဟု ဖြူးမြို့နယ်တွင်နေထိုင်သူ ဦးလှဆွေကပြောသည်။
‘ငလျင်ကြောပေါ် ရှိနေပေမယ့် ငလျင်ဘေးကာကွယ်ရေးဆိုပြီး အစိုးရပိုင်းက သင်တန်းပေးတယ်လို့ တစ်ခါမှ မကြားမိပေါင်ဗျာ။ ကျောင်းမှာထဲက အုန်းပင်အောက်မှာ မကစားနဲ့။ အုန်းသီးကြွေကျရင် သေတတ်တယ်ဆိုတာမျိုး ကလေးအရွယ်ကတည်းက သင်ထားပေးရမှာ။ ဒီနေရာက ငလျင်ကြောပေါ်မှာ ရှိနေတာလေ’’ဟု ၎င်း၏အမြင်ကိုပြောသည်။
ငလျင်ငယ်လေးများ မကြာခဏလှုပ်လေ့ရှိသော မကွေးတိုင်းဒေသကြီး ချောက်မြို့မှ ကိုမိုးကလည်း ဒေသခံများမှာ ငလျင်ကြောင့် ထိခိုက်မှုကြီးကြီးမားမားရင်မဆိုင်ဖူး၍ စိုးရိမ်ရကောင်းမှန်းမသိကြောင်း ပြောသည်။ အမှန်တကယ်တွင် ချောက်မြို့သည်လည်း ငလျင်ကြောပေါ်တွင် မေးတင်နေသည့်မြို့ဖြစ်သည်။
ငလျင်အန္တရာယ်နှင့်ပတ်သက်၍ ပညာရှင်များကိုယ်တိုင် စိုးရိမ်နေသည်မှာလည်း အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြည်သူလူထုကို ပညာပေးနှင့် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း ဖြစ်သည်။
‘‘ငလျင်ရဲ့ထုံးစံအတိုင်း ဘာမှသတိပေးလို့မရဘူး။ ဒီနေရာမှာ ဒီအန္တရာယ်ရှိနေတယ်ဆိုတာပဲ။ အသိပေးလို့ပဲရတယ်။ ကျန်တာက ဘယ်အချိန်မှာ ထဖြစ်မလဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင်လည်း မသိဘူးလေ။ အကောင်းဆုံးကတော့ နည်းလမ်းမှန်တဲ့ ကြိုတင်ကာကွယ်မှုမျိုး ပြည်သူတွေသိဖို့ လိုအပ်တယ်’’ဟု ဦးစိုးသူရထွန်းက သုံးသပ်သည်။ ၎င်းက အောက်ပါနည်းလမ်းနှစ်မျိုးကို ငလျင်အန္တရာယ်ကာကွယ်ရန်အတွက် အကြံပြုသည်။
‘‘နည်းလမ်းနှစ်မျိုး။ တစ်မျိုးက အဆောက်အအုံပိုင်း၊ ပိုခိုင်ခံ့အောင်ဆောက်ဖို့။ တစ်မျိုးက လူကိုယ်တိုင် တစ်ဦးချင်းပြင်ဆင်မှုပေါ့။ အိမ်ကြီးပြိုကျမှ မဟုတ်ဘူး။ အိမ်ထဲက ဘယ်အရာက ကိုယ့်အပေါ်ပြုတ်ကျနိုင်တယ်ဆိုတာမျိုး ကိုယ်ကကြိုတွေးထားရမယ်’’ဟု ၎င်းကအကြံပြုသည်။
အဆောက်အအုံပိုင်းအား ခိုင်ခံ့အောင်ဆောက်လုပ်ရန် ပညာရှင်များက အကြံပြုသော်လည်း ပြည်သူ့လုံခြုံမှုဘ၀အတွက် တာဝန်ယူမှုနည်းပါးခဲ့သည့် အစိုးရနှင့် အကျိုးစီးပွားဦးစားပေးခဲ့သည့် ကိုယ်ကျိုးရှာသူ ကန်ထရိုက်တို့ စားကျက်ဖြစ်ခဲ့သော မြို့ပြတွင် စံချိန်စံညွှန်းမီ ဆောက်လုပ်ထားသော အဆောက်အအုံမှာ နည်းပါးသည်။
ထိုအခြေအနေနှင့်အတူ မြို့ပြတွင် လူဦးရေတိုးပွားလာမှုသည် ငလျင်အန္တရာယ်အတွက် အလွန်စိုးရိမ်စရာကောင်းကြောင်း ငလျင်ပညာရှင်များက သုံးသပ်သည်။
‘‘လူဦးရေတိုးလာတယ်။ အဆောက်အအုံတွေ တိုးလာတယ်။ တံတားတွေဆောက်တယ်။ ဟိုတုန်းက ငလျင်တွေမှာ ထိခိုက်သေဆုံးကြတာ သူများနိုင်ငံတွေလို ပြောစမှတ်ဖြစ်လောက်အောင် အများကြီးမရှိခဲ့တော့ လူတွေကိုယ်တိုင် အန္တရာယ်လို့ မမြင်ကြသေးတာ စိုးရိမ်ဖို့ကောင်းတယ်။ တကယ်တမ်း ငလျင်အန္တရာယ် ရင်ဆိုင်လာရရင် မလွယ်ဘူးဗျ’’ဟု ဆရာဦးဝင်းရွှေက စိုးရိမ်စွာပြောသည်။
လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့တွင် ငလျင်အန္တရာယ် အသိသာဆုံးရင်ဆိုင်ခဲ့ရသည်မှာ ၁၉၃၀ ပြည့်နှစ်က ပဲခူးငလျင်၏ သက်ရောက်မှုဖြစ်သည်။ ထိုအချိန်က မြန်မာနိုင်ငံ လူဦးရေစာရင်းမှာ ၁၅ သန်းဝန်းကျင်သာရှိခဲ့ပြီး မြို့ပြရှိ အဆောက်အအုံများမှာလည်း အင်္ဂလိပ်အစိုးရ တည်ဆောက်ခဲ့သောကြောင့် အရည်အသွေးပြည့်မီသည်။ ထိုအချိန်က ပဲခူးမြို့တွင် လူ ၅၀၀ ခန့်နှင့် ရန်ကုန်မြို့တွင် ၅၀ ခန့် သေဆုံးခဲ့ကြောင်း မှတ်တမ်းများ၌ ဖော်ပြထားသည်။
ယခုအခါ ရန်ကုန်မြို့လူဦးရေပင် ၁၉၃၀ ပြည့်နှစ်က တစ်နိုင်ငံလုံးလူဦးရေ၏ ထက်ဝက်ခန့်ဖြစ်သော ခုနစ်သန်းကျော်အထိရှိနေပြီဖြစ်သည်။ အရည်အသွေးနိမ့် အဆောက်အအုံများလည်း များစွာရှိသည်။
မြန်မာနိုင်ငံတွင် ၁၉၈၈ မတိုင်မီအထိ အဆောက်အအုံများ တည်ဆောက်ရာ၌ ငလျင်ဒဏ်ခံနိုင်ရန် မဖြစ်မနေပြုလုပ်ရမည့် စီမံချက်အဖြစ် အစိုးရက ပြဋ္ဌာန်းကြပ်မတ်ခဲ့ခြင်းမရှိခဲ့ပေ။ လေ့လာချက်များအရ ယခုနောက်ပိုင်း အဆောက်အအုံများ စံချိန်စံညွှန်းမီလာခဲ့ပြီဖြစ်သော်လည်း ၁၉၉၀ ပြည့်နှစ်အစောပိုင်းက ဆောက်ခဲ့သော အဆောက်အအုံအများစု ပြန်လည်စိစစ်ရန်လိုကြောင်း မြို့ပြစီမံကိန်းပညာရှင် ဦးစိုးမင်းကပြောသည်။ ယခုနှစ် သြဂုတ်လက တွံတေးမြို့အနီး ဗဟိုပြု၍လှုပ်ခဲ့သည့် ဒေးဒရဲငလျင်၏အရှိန်ကိုလည်း ရန်ကုန်မြို့တွင် ကြုံတွေ့ခဲ့ရပြီး မြို့ခံများထိတ်လန့်ခဲ့ရသည်။ နိုဝင်ဘာ၂၈ ရက်က ပဲခူးမြို့အနီး ပြင်းအား ၄ ဒသမ ၇ အဆင့်ဖြင့် လှုပ်ခဲ့သည့် ငလျင်ကလည်း ရန်ကုန်မြို့တွင်း နေရာအချို့အထိ သက်ရောက်ခဲ့ပြန်သည်။ မည်သို့ပင်ဆိုစေ ရန်ကုန်မြို့အပြင် မြန်မာနိုင်ငံ မြို့ကြီးအချို့ ငလျင်ကြီးလှုပ်ရှားနိုင်ဖွယ်ရှိသည့် ဧရိယာတွင် ပါဝင်နေကြောင်း ဦးစိုးသူရထွန်းက သတိပေးသည်။

၀၁၂ ခုနှစ်က လှုပ်ခတ်ခဲ့သော သပိတ်ကျင်းငလျင်ကြောင့် ကျိုးကျခဲ့သော 
ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခကို တွေ့ရစဉ်/ဓာတ်ပုံ − မျိုးမင်းဦး
ငလျင်အပါအ၀င် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် အစိုးရက ပြင်ဆင်မှုအချို့ ရှိနေသော်လည်း အားရစရာ အခြေအနေမဟုတ်သေးပါ။ သဘာဝဘေးအန္တရာယ်ကျရောက်ပါက တပ်မတော်သားများပင် အမိန့်ကိုမစောင့်ဘဲ သွားရောက်ကူညီရမည်ဟု ကာချုပ်ကိုယ်တိုင်ပြောထား၍ ယခင်ကထက် အားတက်စရာတော့ရှိသည်။ သို့သော် ဆူနာမီဖြစ်လာနိုင်သည်ဆိုသည့် နာမည်ကျော် စူပါမွန်းဖြစ်စဉ်တွင်တော့ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများ ပရိတ်ရွတ်၍ ကွယ်ကြရန် နေပြည်တော်က ညွှန်ကြားခဲ့သည်အထိ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်မှုအပိုင်း၌ ကစဥ့်ကလျားဖြစ်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကုလသမဂ္ဂအိုးအိမ်ရပ်ရွာဖွံ့ဖြိုးမှုအဖွဲ့(UN Habitat)နှင့် ပူးပေါင်းကာ ငလျင်လှုပ်ရှားနိုင်ခြေရှိသည့် ဒေသများရှိ စာသင်ကျောင်းများနှင့် ဒေသခံများအား ကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြမှုများ လုပ်ပေးနေကြောင်း ကယ်ဆယ်ရေးဦးစီးဌာန ညွှန်ချုပ်ဦးစိုးအောင်ကပြောသည်။ သို့သော် တစ်နိုင်ငံလုံး၌ မိုးလေ၀သစခန်း ၁၅၈ ခုရှိသည့်အနက် ငလျင်တိုင်းတာစက် ၁၄ လုံးခန့်သာ အသုံးပြုနိုင်ခြင်းကြောင့် ရှိသင့်သည့် စက်အင်အားထက် များစွာနည်းနေသည်။ မြန်မာနိုင်ငံတွင်လှုပ်သည့် ငလျင်များကို အဓိကဖမ်း၍ သတင်းထုတ်ပြန်ပေးနေသည့် ကမ္ဘာအေးနှင့် မန္တလေးမြေငလျင်စခန်းမှ ငလျင်တိုင်းစက်နှစ်လုံးမှာလည်း ၁၉၆၀ ပြည့်နှစ်ကပင် အသုံးပြုနေသည့် Analong စက်များဖြစ်နေသည်။ ယင်းစက်မျိုး မြန်မာနိုင်ငံတွင်သုံးလုံးရှိပြီး ကျန်တစ်လုံးမှာ ထားဝယ်မြို့ မိုးလေ၀သဌာန၌ တပ်ဆင်ထားသော်လည်း စက်ချွတ်ယွင်းနေသောကြောင့် ပြင်ဆင်နေရဆဲဖြစ်သည်။ ငလျင်လှုပ်ရှားမှုများကို အမိအရတိုင်းတာနိုင်မှသာ ဖြစ်လာနိုင်သည့် အန္တရာယ်ကို အနီးစပ်ဆုံး သတိပေးနိုင်မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် အဆင့်မီသော ငလျင်တိုင်းစက်များ လိုအပ်နေကြောင်း ပညာရှင် ဦးကျော်ထွန်းကပြောသည်။ ယခုနှစ်ကုန်တွင်မူ အမေရိကန်နိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့် ငလျင်တိုင်းတာစက်ငါးလုံးကို အပြီးတပ်ဆင်မည်ဖြစ်ကြောင်း ဦးကျော်မိုးဦးကဆိုသည်။
ဦးစိုးသူရထွန်းက ဥရောပသမဂ္ဂရန်ပုံငွေအဖွဲ့(ECHO)၊ ကုလသမဂ္ဂအိုးအိမ်ရပ်ရွာဖွံ့ဖြိုးမှုအဖွဲ့ (UN Habitat)၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းနှင့် အင်ဂျင်နီယာအသင်းတို့ ပူးပေါင်းကာ ပဲခူး၊ တောင်ငူ၊ စစ်ကိုင်းမြို့များတွင် ငလျင်ခံနိုင်မှုပြမြေပုံများ ရေးဆွဲထားပြီး ရန်ကုန်၌ ယခုလမှစ၍ အကောင်အထည်ဖော်မည်ဟု ပြောသည်။
စစ်ကိုင်းပြတ်ရွေ့ကြောကို စတင်တွေ့ရှိခဲ့သူ ဒေါက်တာဝင်းဆွေက ‘‘ငလျင်ဒဏ်အခံရဆုံး ဂျပန်တွေက ပြောလေ့ရှိတယ်။ ငလျင်ဆိုတာ သူ့အကြောင်းမေ့နေတဲ့အချိန်မှာ လှုပ်တယ်တဲ့။ အခု နည်းနည်းလှုပ်ပေးနေတာ တစ်မျိုးတော့ကောင်းတယ်။ သတိပေးနေတာပေါ့’’
http://www.7daydaily.com/story/26200#.VH6qYNKUeSo

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget