အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)၏ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခြင်း မပြုမီ ကမ္ဘာတစ်ဝန်းရှိ အမေရိကန် သံရုံးများနှင့် အမေရိကန်ပိုင် အဆောက်အအုံများတွင် လုံခြုံရေး တပ်လှန့်ထားလိုက်ကြောင်း သတင်းရရှိသည်။
အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် CIA ထုတ်ပြန်ဖွယ် ရှိနေသည့် အစီရင်ခံစာသည် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်ပိုင် အဆောက်အအုံများအပေါ် ပိုမိုခြိမ်းခြောက်မှု ရှိလာမည့် ဆက်နွှယ်မှုမျိုး ဖြစ်လာစေနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
အဆိုပါ စာမျက်နှာ (၄၈၀)ပါ အစီရင်ခံစာသည် CIA ၏ ပြင်းထန်ကြမ်းတမ်းသည့် စစ်ဆေးမေးမြန်းမှုများနှင့် ဆက်နွှယ်သည့် သတင်းအချက်အလက်များကိုပါ ထုတ်ပြန် ဖော်ပြလာနိုင်ကြောင်း သိရသည်။ CIA သည် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် သတင်းများ ရယူရန်အတွက် အရေးပါသော သံသယ တရားခံများကို နည်းမျိုးစုံဖြင့် မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရပြီး ယခုအစီရင်ခံစာတွင် အဆိုပါ အချက်အလက်များကို ဖော်ပြလာဖွယ် ရှိနေသည်။
သို့သော်လည်း CIA ၏ စာမျက်နှာ (၆၀၀၀)ပါ အစီရင်ခံစာ အပြည့်အစုံကိုမူ သီးခြားကန့်သတ် အဆင့်ဖြင့် သိမ်းဆည်းထားဆဲဟု သိရသည်။ အမေရိကန်တွင် သမ္မတ အိုဘားမား လက်ထက်၌ CIA ၏ စစ်ကြောမေးမြန်းရေး အစီအမံများကို ၂၀၀၉ ခုနှစ်တွင် ရပ်ဆိုင်းထားစေခဲ့သည်။ ၎င်းက CIA အနေဖြင့် အယ်လ်ကိုင်ဒါကဲ့သို့ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွှယ်မှုများကို စစ်ဆေးသည့်အခါ ရက်စက်ညှင်းပန်းသော နည်းလမ်းများကို အသုံးပြုနေကြောင်း စွပ်စွဲမှုများကိုလည်း အသိအမှတ် ပြုခဲ့သည်။
ကြိုတင် ထွက်ပေါ်နေသော ကောလာဟလများအရ ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ပြန်မည့် အစီရင်ခံစာတွင် ယခင်က သိရှိထားသည့် နည်းလမ်းများထက် ပိုမိုဆိုးရွားသော စစ်ကြောမှု ပုံစံများ ပါဝင်လာနိုင်ရာ ကမ္ဘာတလွှားတွင် ယင်းနှင့်ပတ်သက်၍ ဒေါသထွက် အုံကြွမှုများ ဖြစ်ပေါ်လာမည်ကို အမေရိကန် အစိုးရက စိုးရိမ်နေသည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနက်စ်က အမေရိကန် အစိုးရ အနေဖြင့် CIA ၏ အစီရင်ခံစာ ထုတ်ပြန်မည့် ကိစ္စအပေါ် ကြိုဆိုသော်လည်း အမေရိကန်ပိုင် အဆောက်အအုံများ၏ လုံခြုံရေးကို ပိုမိုမြှင့်တင်ထားစေလိုကြောင်း ပြောကြားထားသည်။
_Ref: BBC
http://www.7daydaily.com/story/26632#.VIa0N9KUeSo
No comments :
Post a Comment