အမေရိကန်နိုင်ငံ၏ မြို့တော်ဝါရှင်တန်ဒီစီနှင့် မလှမ်းမကမ်း ဗာဂျီးနီးယားပြည်နယ်တွင်ရှိသည့် ၀ုဖ်တရက် (Wolf Trap)ဆိုသည့် ကဇာတ်ရုံသည် များသောအားဖြင့် ဆယ်ကျော်သက်ရွယ် လူငယ်များသာ အလာများကြသည့်နေရာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူငယ်ကြိုက် နာမည်ကြီး ကမ္ဘာကျော်ဟစ်ဟော့ပ်အဆိုတော်များ၏ စတိတ်ရှိုးပွဲများကသည်နေရာမှာ မကြာခဏကျင်းပလေ့ရှိသည့်အတွက် ဖြစ်သည်။ သို့သော် ၀ုဖ်တရက်၏ တဒုန်းဒုန်းတရုန်းရုန်း မြူးကြွနေသည့် ဟစ်ဟော့ပ်တေးသီချင်းများနှင့် အပျော်ကြီးပျော်နေကြသည့် လူငယ်ပရိသတ်များအကြားမှာ သူတို့နှင့်လားလားမှ မဆိုင်သည့် လူတန်းစားတစ်ရပ်ကိုလည်း အမြဲတမ်းတွေ့နိုင်ပါသည်။
‘‘လက်မှတ်အေသမားတွေ ဒီဘက်လာကြပါခင်ဗျာ။ ဟိုကလေးမင်းခုံနံပါတ်က ဘယ်လောက်ပါလဲ။ ဘီဆိုရင်တော့ ဒီဘက်ကိုကြွပါခင်ဗျာ ကျေးဇူးပါ’’
ထိုကဲ့သို့ ပြောဆိုကာ ကဇာတ်ရုံကို ၀င်လာသည့် ပရိသတ်များကို နေရာချပေးနေသူများမှာ အဖြူနှင့်အစိမ်းတူညီဝတ်စုံဝတ်ဆင်ထားသည့် ကဇာတ်ရုံလက်မှတ်စောင့်နှင့် နေရာရှာပေးသည့် ၀န်ထမ်းများပင်ဖြစ်ပါသည်။ ထိုဝန်ထမ်းများတွင် အသက်(၆၅)နှစ်ကျော်သူကသာ အသက်အငယ်ဆုံး ဖြစ်ပါလိမ့်မည်။ အားလုံးက ၇၀ ကျော်မှ ၇၅ နှစ်အတွင်း အမျိုးသမီးနှင့် အမျိုးသားလူကြီးဝန်ထမ်းများသာ ဖြစ်ပါ၏။
‘‘အသက်ကြီးပေမယ့် အငြိမ်းစားမယူချင်ဘဲ ကျန်းမာရေးကောင်းနေတဲ့ လူကြီးတွေအတွက် အမေရိကန်မှာ ဒီလိုမပင်ပန်းတဲ့ အလုပ်တွေကို အစိုးရနဲ့ ကုမ္ပဏီတွေက တမင်စီစဉ်ပေးတယ်။ အလုပ်တွေပေးတယ်။ လူကြီးတွေလည်း ၀င်ငွေရသလို အလုပ်လေးရှိတော့ အထီးမကျန်ဘူး၊ စိတ်ဓာတ်မကျဘူးပေါ့’’ဟု ၀ုဖ်ထရက်ကဇာတ်ရုံမှာ အလုပ်ဝင်လုပ်နေသူ မစ္စတာဂျွန်စမစ်က ပြောပါသည်။ သူက ကဇာတ်ရုံအနီး ကရက်စတန်မြို့မှ အားလပ်ချိန်မှာ သည်အလုပ်ကိုလာလုပ်ခြင်းဖြစ်သည်။ ဂျွန်စမစ်လိုလူကြီးများသာ မဟုတ်ပါ။ ခန္ဓာကိုယ်မသန်စွမ်းချို့တဲ့သော်လည်း အလုပ်လုပ်ချင်သူများအတွက်လည်း အမေရိကမှာ အစိုးရရော ပုဂ္ဂလိကပါသည်လိုတတ်နိုင်သည့် အလုပ်များကို စီစဉ်ပေးထားပါသည်။ ဖုန်းဖြေကြားသူလို။ ပြတိုက်စောင့်နှင့် အချိန်ပိုင်း လက်မှတ်ရောင်းသူလို သိပ်ပင်ပင်ပန်းပန်းမလုပ်ရသည့် အလုပ်များဖြစ်ပါသည်။ ထိုအလုပ်မျိုးတွင် ငယ်ရွယ်သူများ၊ ကျန်းမာရေးကောင်းသူများထက် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် အသက်ကြီးသူများကိုသာ ဦးစားပေးခန့်ပါသည်။
ထို့အပြင် ကုမ္ပဏီများကလည်း သူတို့ကုန်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ထုတ်လုပ်ထားသကဲ့သို့ သူတို့ကုမ္ပဏီက နိုင်ငံရှိအသက်ကြီးသူများနှင့် မသန်စွမ်းများကို အားပေးကာ အလုပ်ခန့်သည်ဆိုသည့်အချက်ကို ဂုဏ်ယူလေ့ရှိကြသည်။
ထို့ကြောင့် အမေရိကတွင် အသက်ကြီးနေသော်လည်း ကျန်းမာရေးကောင်းနေသေးသည်၊ အလုပ်လည်းလုပ်ချင်သေးသည်ဆိုပါက အသက်(၇၀)ကျော် လူကြီးများပင် အလုပ်လျှောက်ထားခွင့်ရှိပါသည်။ အလုပ်ဝင်လုပ်နိုင်ပါသည်။ အလုပ်ရရန် ငယ်ဖို့မလို၊ ရုပ်ချောရန်မလို၊ လူပျို၊ အပျိုဖြစ်ရန်လည်းမလိုပါ။
သို့သော်လည်း မြန်မာနိုင်ငံမှကြိုက်သည့် သတင်းစာတစ်စောင်ကို ကောက်ယူပြီး အလုပ်ကြော်ငြာများကို ဖတ်ကြည့်ပါ။ အစိုးရအလုပ်ကြော်ငြာများကအစ အားလုံး အသက်ကန့်သတ်ချက်က ၃၀ မကျော်ရသည့်အပြင် အိမ်ထောင်မရှိသူ လူလွတ်ဖြစ်ရမည်ဆိုသည်ကိုပါ အတော်များများက ထည့်ထားကြသည်။ အချို့ကဆိုလျှင် ရုပ်ရည်ချောမောလှပရမည်ဆိုတာပင် ပါလိုက်သေးသည်။
‘‘အများအားဖြင့် အသက်ကန့်သတ်ချက်တွေက အငယ်တွေများတယ်။ အသက် ၂၀ နဲ့ ၃၀ ကြား .... စသဖြင့်ပေါ့။ ဒီအလုပ်ကို စိတ်ဝင်စားသူတွေအတွက် အခွင့်အရေးပိတ်ပင်လိုက်သလိုပဲ။ အသက် ၃၀ နဲ့အထက်လူတွေက သွားတောင်းစားရမှာလား။ အသက် ၆၀ ဆိုရင် ဟုတ်တာပေါ့။ ဒါတောင် တချို့အသက် ၆၀ တွေက လူကောင်းလူသန်ကြီးတွေ ရှိသေးတာ။ အခုဟာ အသက် ၃၀ ကျော်၊ ၅၀ နီးပါးက လူလတ်၊ လူအကောင်းကြီး ရှိသေးတာ။ အဲဒီလူတွေက ဘယ်မှာသွားလုပ်ကြမလဲ။ အလုပ်အကိုင်မရှိရင် ထမင်းငတ်မှာလေ’’ဟု ရန်ကုန်အင်းစိန်တွင် နေထိုင်သူ မအိဖြူက ဆိုပါသည်။
ဘွဲ့ရပြီးယခုထိ အလုပ်လျှောက်လို့ အဆင်မပြေသေးသည့် မနှင်းနှင်းခိုင်ကလည်း နေ့စဉ်အလုပ်ခေါ်စာများကိုကြည့်ပြီး စိတ်ဓာတ်ကျဆင်းနေပါသည်။ ကျောင်းပြီးကတည်းက အလုပ်ရှာနေသည်မှာ ယခုထိ အဆင်မပြေသေးပါ။ သူကဘွဲ့ရထားသော်လည်း အရောင်းမြှင့်တင်ရေးတို့လို၊ ဧည့်ကြိုလို၊ အရောင်းစာရေးနှင့် ဘဏ်ဝန်ထမ်းကဲ့သို့လို အလုပ်များက ချောမောသော မိန်းကလေးများကိုသာ အလုပ်ခန့်ချင်ကြသည်ဟု မနှင်းနှင်းခိုင်က ပြောသည်။
အမေရိကနှင့် အနောက်နိုင်ငံများ၌ အလုပ်ခေါ်ရာတွင် ရုပ်ရည်၊ အသက်၊ ဘာသာရေးနှင့် ကျား၊ မ ခွဲခြားမှုသတ်မှတ်ချက်များကို ထည့်လေ့မရှိပေ။ ထိုကဲ့သို့ လုပ်ခဲ့ဖော်ပြခဲ့လျှင်လည်း ခွဲခြားဆက်ဆံမှုနှင့် အရေးယူခံရပါသည်။ တစ်ခါက အမေရိကအခြေစိုက် ပြည်ပအသံလွှင့်ဌာနက မြန်မာဌာနအတွက် အလုပ်ခေါ်ရာ အမျိုးသမီးတစ်ဦးကို ခန့်အပ်ခဲ့ပါသည်။ ထိုအခါ အလုပ်မရသော အမျိုးသားတစ်ဦးက သူဘာကြောင့်မရသလဲ မေးမြန်းရာ မြန်မာဌာနက သည်အလုပ်က အမျိုးသမီးအတွက်ဟု ဖြေကြားခဲ့ပါသည်။ ထိုစကားကို ကြားသည်နှင့် အဆိုပါအမျိုးသားက မြန်မာဌာနကို ကျား၊ မ ခွဲခြားမှုအတွက် တရားစွဲခဲ့ရာ ဌာနအမှုရုံးပြီး တရားစွဲသူအမျိုးသားကို လျော်ကြေးငွေပေးခဲ့ရပါသည်။
အချို့အလုပ်များမှာ အလုပ်လိုအပ်ချက်အရ သတ်မှတ်ချက်လုပ်ရန် လိုအပ်မှုတွေ ရှိကောင်းရှိနိုင်ပါသည်။ ဥပမာ-စာတိုက်က အလေးအပင်ပစ္စည်းမရမည့်နေရာတွင် တင်နိုင်ချနိုင်သော အားကောင်းသည့် လူများလိုတာမျိုး။ ကားမောင်းတတ်သည့် လူဆိုတာမျိုးနှင့် ညမိုးချုပ်သော အလုပ်မျိုး ဖြစ်သည့်အတွက် အနီးနားနေသူသာ အဆင်ပြေသည်ဆိုတာမျိုး သတ်မှတ်ခွင့်ရှိသည်။ သည့်အတွက် အဆင်ပြေသည့် သူကိုအလုပ်ရှင်က ရွေးချယ်ခေါ်နိုင်သည်။ သို့သော်လည်း အခြေခံလူအခွင့်အရေးဖြစ်သည့် ရုပ်ရည်၊ အသက်၊ဘာသာရေးနှင့် ကျား၊ မ ခွဲခြားမှုကိုတော့ ထည့်ခွင့်မရှိ။ သည်အချက်ကို အခြေခံပြီး အလုပ်ခန့်ခွင့်မရှိပါက အမေရိကန်နိုင်ငံ၏ ခွဲခြားဆက်ဆံမှု ဆိုင်ရာဥပဒေများတွင် ပြဋ္ဌာန်းထားပါသည်။
ထို့အပြင် မြန်မာနိုင်ငံမှာ အိုအီးစီဒီခေါ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးအဖွဲ့၏ အစီရင်ခံစာအရ နိုင်ငံ့လူဦးရေတွင် လူငယ်ထက်လူကြီးက ပိုများနေသည်ဟု ဆိုပါသည်။ ရှေ့လာမည့် နိုင်ငံတိုးတက်မည့်အချိန်တွင် မြန်မာ၌ အလုပ်လုပ်နိုင်သည့် လူငယ်ဦးရေနှုန်းထက် လူကြီးဦးရေကပိုများနေမည်ဟု သူတို့က ခန့်မှန်းထာကြသည်။ ထို့ကြောင့် ယခုလို အသက်(၂၀) ကနေ(၃၀)ကျော်အထိပဲ အစိုးရနှင့် ကုမ္ပဏီများက ဦးစားပေး၍ အလုပ်ခေါ်ဆိုနေပါလျှင် ရွေးချယ်အလုပ်ခန့်နေပါလျှင် နိုင်ငံတွင် အလုပ်လုပ်နိုင်သေးသည့် သန်သန်မာမာ လူတန်းစားကြီးတစ်ရပ်မှာ အလဟဿဖြစ်သွားပါလိမ့်မည်။ ထိုသူတွေ အလုပ်လက်မဲ့ ဖြစ်နေလျှင် တိုင်းပြည်လည်း အကျိုးထိခိုက်နစ်နာမည် ဖြစ်သည်။
‘‘ဟုတ်တယ်။ ကျွန်မတို့အလုပ်ကတော့ အသက်(၃၀) ကျော်ရင်မခေါ်ဘူး။ အိမ်ထောင်ရှိရင် မခေါ်ဘူး။ ကျွန်မတို့က အလုပ်မှာ အချိန်ပြည့် တာဝန်ယူလုပ်ရတဲ့ အလုပ်သမားမျိုး လိုချင်တယ်။ အသက်ကြီးသူတွေက လေးတယ်၊မသွက်လက်ဘူး။ အိမ်ထောင်သည်တွေကတော့ မလွတ်လပ် ဘူး’’ဟု လူငယ်လူလွတ် အလုပ်သမားများကိုသာ သူ၏ရတနာအရောင်းအ၀ယ်လုပ်ငန်းတွင် အလုပ်ခန့်သည့် အသက်(၄၀)အရွယ် လုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက ခပ်မာမာပြောကြားသည်။
နိုင်ငံတကာမှာက မြန်မာနှင့် ပြောင်းပြန်ဖြစ်သည်။ ကုမ္ပဏီများသည် အရေးကြီးသော နေရာတွင် အတွေ့အကြုံရှိသူများကို ဦးစားပေးခန့်သည်။ အချို့ဆိုလျှင်ပင် စင်ယူထားသူများကိုပင် အသက်ကြီးသော်လည်း အတင်းရာထူးပေးပြီး အတိုင်ပင်ခံအဖြစ် ငှားထားကြသည်။ အဓိကမှာ အသက်ကြီးသူအတွေ့အကြုံရှိသူများ၏ လုပ်ငန်းအတွေ့အကြုံများကို အသုံးချလိုသည့်အတွက် ဖြစ်သည်။
လူငယ်များကို ဦးစားပေးချင်သည့်အတွက် အသက်ငယ်သူများကို ဦးစားပေးခေါ်သည်ဆိုသည်မှာ ကောင်းသော်လည်း အလုပ်သမားကို အချိန်ပြည့်လုပ်အားအသုံးချချင်သည့်အတွက် အသက်(၃၀)အောက်တွေချည်းပဲ အလုပ်ခန့်ချင်သည်ဆိုသည်ကတော့ ကောင်းသောရည်ရွယ်ချက် မဟုတ်ပေ။
ယခုလို မြန်မာနိုင်ငံက ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲနေသည့်အချိန်တွင် လက်ရှိ ပြည်တွင်းက အလုပ်သမားအခွင့်အရေးများကလည်း ပြုပြင်ပြောင်းလဲရန် လိုနေပြီဟု အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် တက္ကသိုလ်၌ အလုပ်သမားအခွင့်အရေးလေ့လာနေသူ မခင်ချိုက ပြောပါသည်။
‘‘အလုပ်တွေမှာ အကောင်းဆုံးလုပ်နိုင်သူ၊ ကြာရှည်လုပ်နိုင်မယ့်သူကိုတော့ အလုပ်ရှင်တိုင်းက လိုချင်တာပေါ့။ ဒါပေမဲ့ ငယ်တယ်၊ လှတယ်ဆိုတာ အလုပ်မှာကျွမ်းကျင်တယ်လို့ ပြောရမယ့် လုပ်သားကောင်းဆိုတဲ့ အရည်အချင်း မဟုတ်ပါဘူး’’
http://7daydaily.com/story/28823#.VK11QdKUd5c
No comments :
Post a Comment