နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက နော်ဝေဘုရင် ဟာရယ်နှင့်မိဖုရား ဆွန်ယာတို့ ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးသို့ ရေကြောင်းမှ မလာရောက်မီ မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ဆင်းရဲသားရပ်ကွက်ကို ရှင်းလင်းကာ ဆင်းရဲသား မိသားစုများကို အတင်းအဓမ္မ ဖယ်ရှားခဲ့ကြောင်း သိရှိရပြီးနောက် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များထံ တိုင်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ နော်ဝေအာဏာပိုင်များက နိုင်ငံ၏ ဆင်းရဲမွဲတေမှုကို ဖုံးကွယ်ရန်ကြိုးပမ်းသည့် အနေဖြင့် လူများကို အစုလိုက်အပြုံလိုက် ဖယ်ရှားခဲ့မှုအတွက် မြန်မာနိုင်ငံမှ အာဏာပိုင်များကို နားမလည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။
“အရာရာနဲ့ပတ်သက်ပြီး လှပတောက်ပြောင်နေရမယ်လို့ ယူဆတာဟာ ကံမကောင်းမှုနဲ့ အကြီးအကျယ် နားလည်မှု လွဲတာပါပဲ။ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံတစ်ခုပါ။ နော်ဝေကလည်း အဲဒီဆင်းရဲမွဲတေမှုကို တင်ပြပေးချင်တာပါ” ဟု နော်ဝေပါလီမန်ရှိ နိုင်ငံခြားရေးရာနှင့် ကာကွယ်ရေး ကော်မတီအဖွဲ့ဝင် အွိုင်ဘင်းဟယ်လီရိတ်ကာက နော်ဝေအသံလွှင့်ဌာန (NRK) သို့ပြောကြားခဲ့သည်။
ကွန်ဆာဗေးတစ်ပါတီမှ ဟယ်လီရိတ်ကာက “နော်ဝေမှာ ကျွန်တော်တို့ လုပ်လေ့ရှိတာထက် ပိုပြီးပွင့်လင်းတဲ့ လုံးဝကွဲပြားခြားနားတဲ့ သဘောထားမျိုး မြန်မာတွေမှာ ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဘုရင်နဲ့မိဖုရားတို့ အနေနဲ့ မြန်မာတွေရဲ့ တကယ့်ပုံစံမျိုးကို မမြင်လိုက်ရတာကတော့ သိပ်ကိုဝမ်းနည်းစရာပါပဲ” ဟု ပြောကြားခဲ့သည်။
မြန်မာတို့၏ လုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဏာပိုင်များသည်လည်း စိတ်ပျက်ခဲ့ကြသည်။ “ဆင်းရဲမွဲတေမှုဆိုတာ ဖုံးကွယ်လို့ရတဲ့ဟာမျိုးမှ မဟုတ်တာ။ ဖွံ့ဖြိုးတိုးတက်မှုကနေတစ်ဆင့် ခင်ဗျားတို့အနေနဲ့ ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ်ပါ။ ဒါဟာ ဘာ့ကြောင့် နော်ဝေအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရသလဲဆိုတဲ့ အကြောင်းပါပဲ” ဟု နော်ဝေနိုင်ငံခြားရေးဌာနမှ ဆက်သွယ်ရေးဆိုင်ရာ အကြီးအကဲ ဖရုဒ်အန်းဒါးဆင်းက ပြောကြားခဲ့သည်။
နော်ဝေဘုရင်နှင့် မိဖုရားတို့သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် မန္တလေးမြို့သို့ သွားရောက်ခဲ့သည်။ ဘုရင်ဟာရယ်က သူတို့နှစ်ဦးစလုံးသည် မန္တလေးသို့ သင်္ဘောဖြင့် ဖြည်းညှင်းစွာ သွားရောက်စဉ်အတွင်း မြန်မာနိုင်ငံကို မြင်ရရန်အတွက် မျှော်ကြည့်လိုသည်ဟု ဒီဇင်ဘာ ၃ ရက်တွင် NRK ၏ အစီအစဉ်တစ်ရပ် မှတစ်ဆင့် ပြောကြားခဲ့သည်။ သို့သော် နော်ဝေဘုရင်နှင့် မိဖုရားတို့သည် မြန်မာနိုင်ငံ၏ စစ်မှန်သော မြင်ကွင်းအစား လောလောလတ်လတ် ဘူဒိုဇာဖြင့်ထိုးထားသော နေရာကိုသာ တွေ့မြင်ခဲ့ရသည်။ ယင်းနေရာတွင် နော်ဝေဘုရင်နှင့် မိဖုရားမလာရောက်မီက မိသားစုများစွာ နေထိုင်သော ဆင်းရဲသားရပ်ကွက် တစ်ခုရှိခဲ့သည်။ ဆင်းရဲသားပြည်သူတို့၏ တဲများကို ရှင်းလင်းခဲ့မှုကြောင့် ဆိပ်ကမ်းနှင့် အနီးတစ်ဝိုက်တွင် ဖြစ်သလို နေထိုင်နေကြရသည့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ နာမကျန်းဖြစ်မှုများ ရှိနေကြောင်း သိရသည်။
ထို့ပြင် နော်ဝေဘုရင်နှင့် မိဖုရားတို့ လာရောက်စဉ်အတွင်း ဂေါဝိန်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ငန်းများကိုလည်း ဒီဇင်ဘာ ၃ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့ရသည်။ မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းတွင် နေထိုင်သူအများစုသည် ကုန်တင်ကုန်ချ လုပ်ငန်းများ လုပ်ကိုင်နေကြသူများဖြစ်သည်။
အဆိုပါသတင်းများကြောင့် နော်ဝေအာဏာပိုင်များသည် လွန်စွာအံ့ဩကာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ အန်းဒါးဆင်းက နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဏာပိုင်များသည် မြန်မာနိုင်ငံမှ အာဏာပိုင်များ၏ ဘုရင့်ခရီးစဉ်နှင့် ပတ်သက်၍ အစီအစဉ်များကို စေ့စပ်သေချာစွာ လေ့လာခဲ့ပြီး မြန်မာအာဏာပိုင်များ အနေဖြင့် ယင်းအတိုင်း လိုက်နာရန် သဘောတူထားသည်ဟု မျှော်လင့်ခဲ့သည်ဟု ဆိုသည်။ သို့သော် နော်ဝေအာဏာပိုင်များ အနေဖြင့် မြန်မာတို့က အစီအစဉ်များကို ပြောင်းလဲပြီး လူများကို အတင်းအဓမ္မ ဖယ်ရှားခဲ့သည်ကို သတိမပြုမိခဲ့ဟု ဆိုသည်။
အန်းဒါးဆင်းက “ကျွန်တော်တို့အနေနဲ့ ဒါမျိုးကြုံကိုမကြုံဖူးဘူး။ ဒီလိုတော့ မလုပ်သင့်ပါဘူး” ဟု NRK သို့ပြောကြားခဲ့သည်။ သူက နော်ဝေသံတမန်များသည် ဒီဇင်ဘာ ၅ ရက်တွင် ဘုရင်နှင့်မိဖုရားတို့ ဆိုက်ကပ်တက်ရောက်မည့် နေရာကို ကွန်ကရစ်လောင်း ထားသည်ဟု မမြင်ဖူးခဲ့ကြသကဲ့သို့ အတည်ပြုတင်ပြခဲ့ခြင်းလည်း မရှိဟု ပြောကြားခဲ့သည်။ နော်ဝေအာဏာပိုင်များသည် မြန်မာအာဏာပိုင်များထံ ဆက်သွယ်ကာ ယင်းနေရာတွင် ဖြစ်ပျက်ခဲ့သည်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရန် တောင်းဆိုထားသည်ဟု ဆိုသည်။
Rafto ဖောင်ဒေးရှင်းမှ အီဗာအော်စတာဗစ်က “ဘုရင့်နန်းတော်နဲ့ နော်ဝေအာဏာပိုင်တွေအနေနဲ့ အထွေထွေသဘောအရ သူတို့ကို တွေ့တဲ့အခါ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေအကြောင်း စဉ်းစားသင့်တယ်” ဟု NRK သို့ ပြောကြားခဲ့သည်။ Rafto ဖောင်ဒေးရှင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို Rafto ဆုပေးအပ် ချီးမြှင့်ခဲ့သည့်အဖွဲ့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းပေးခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
- See more at: http://www.news-eleven.com/
No comments :
Post a Comment