တကယ်လို့သာသေချာ နားစိုက်ထောင်မယ်ဆိုရင်တော့ ချိုသာတဲ့ ငှက်ကျေးတေးသံတွေကြားမှာ နာကျင်ခံချက်တဲ့ ဝေဒနာတွေကြောင့် ညီးတွားသံ လူမမယ် မိဘမဲ့ ကလေးတွေရဲ့ ရှိုက်ငင်သံတွေ ပဲတင်ထပ်လာတာ ကြားရလိမ့်မယ်။ စူးစူး စိုက်စိုက် ကြည့်လိုက်မယ်ဆိုရင် သဘာဝအလှ ပင်ကိုယ်အလှတွေ ဝါးမြိုနေတဲ့ လက်မည်းကြီး တစ်စုံကို တွေ့ရလိမ့်မယ်။
မြူခိုးတွေ ရစ်သိုင်းထားတဲ့ တောင်တန်းကြီးတွေကြားမှာ နေထိုင်ကြတဲ့ တောင်တန်းနေ လူမျိုးစုတွေကို HIV/AIDS က ရန်ရှာ ခြိမ်းခြောက်လို့နေပါပြီ။ ပြည်နယ် ၆ ခုပါဝင်တဲ့ ထိုင်းနိုင်ငံ မြောက်ဖျားဒေသမှာHIV ပိုးရှိသူ ၅ သောင်းခွဲခန့်ရှိပြီး နှစ်သောင်းခွဲနီးပါးဟာ AIDS ကြောင့် ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။
ရိုးသားမှုတွေ အယူသည်းမှုတွေနဲ့ ကြီးပြင်းလာကြတဲ့ သူတို့ဟာ ပထမမှာ HIVကို မကောင်းဆိုးဝါး ရဲ့ ပြစ်ဒဏ်ခတ်မှုလို့ မှတ်ထင်ခဲ့ကြတယ်။ ဒါကြောင့်လည်း ရွာက ပျောက်စေဆရာတွေ စုန်း၊ ပယောဂ တွေကိုအားကိုးတကြီးနဲ့ ချဉ်းကပ်ကြပါတယ်။
ကျမသမီးနေမကောင်းဖြစ်တော့ ရွာက ပရောဂ ဆရာဆီ အခေါက်ပေါင်းများစွာ သွားခဲ့တာပေါ့။ အဲဒီ ဆရာကကောင်းပေး ညွန့်ပေ့ဆိုတဲ့ ပစ္စည်းတွေ ပူဇော်ပသခိုင်းတာကိုလည်း လိုက်နာပြီး ပသခဲ့ရတာ နောက်ဆုံး ကျမမှာ ဘာမှ မကျန်တော့တဲ့ အထိပါပဲ လို့ ပုံဟိုင် ကျေးရွာက အမျိုးသမီးကြီးကပြောပြ ပါတယ်။ နောက်မှသမီးဖြစ်သူကို ပြညနယ်ဆေးရုံမှာ တင်ပြီး ဆေးကုသမှု ယူခဲ့တယ်လို့လဲ သိရတယ်။ အခုတော့ သူဟာ ၆နှစ်သား အရွယ်မြေးငယ်ကို ထိန်းကျောင်းရင်း ဒီလိုဖြစ်ရတဲ့အတွက်
ဘယ်သူ့ကိုမှ ဒေါသမဖြစ်ပါဘူး။ ဒါပေမဲ့ ဝမ်းတော့နည်းတယ်လို့ သူက မချိပြုံနဲ့ ဆက်ပြောပါတယ်။ ခြေထောက်ဗလာနဲ့ ပွင့်ရိုက်လုံချည် ဝတ်ထားတဲ့ သူ့ရဲ့ လက်ကောက်ဝတ်နှစ်ဖက်နဲ့ လည်ပင်းမှာအန္တရာယ်ကင်း ချည်မျှင်တွေ စွပ်ထားတယ်။ အစက ချည်မျှင်တွေစာ အခုတော့ မည်းမည်း ညစ်ညစ် အရောင်ကို ပြောင်းသွားကြပါပြီ။
ရိုးရာအစွဲသာမက ရှေးထုံးတမ်း စဉ်လာ အယူအဆ တွေကို ဖက်တွယ်မြဲဖြစ်တဲ့ သူတို့ ဓလေ့မှာ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် သြဇာ လွှမ်းမိုးမြဲဖြစ်တယ်။ ဒါကြောင့် သူတို့ကို HIV ကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးဖို့ ပြောပြပေမဲ့ မိန်းကလေးတွေက သူတို့ ယောက်ျားတွေကို ကွန်ဒုံး သုံးရေး စည်းရုံးလို့ မရနိုင်တာက အခက်အခဲတစ်ခုပါ။ ဒီလို ကာကွယ်မှု မရှိတဲ့ လိင်ဆက်ဆံမှုကြောင့် လူဦးရေ ၂၉၇ ဦးရှိတဲ့ပုံဟိုင်းကျေးရွာမှာ AIDS ကြောင့် ၁၀ဦး သေဆုံးခဲ့ပြီး ယခုထက်တိုင် သွေးစစ်မှု ခံယူပြီးသူ
၄၀ ရာခိုင်နှုန်းဟာ ပိုးကူးစက်ခံထားရတာ တွေ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ကူးစက်မှုနှုန်းဟာ
၆.၅ ရှိပြီး ကူးစက်ခံရသူ အားလုံးထဲက ၈၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့ကလည်း များသောအားဖြင့် ခင်ပွန်းသည်တွေဆီက ရောဂါ ကူးစက်ခံရတာဖြစ်တယ်။
တောင်တန်းနေ လူမျိုးစုတွေမှာ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုတဲ့ တကယ့်ဖြစ်ရပ် ဇာတ်လမ်းလေးကို ကြားသိခဲ့ရတယ်။ အသက် ၂၃ နှစ်အရွယ် နဆောင် ဆိုတဲ့ အမျိုးသမီးလေးဟာ သူနဲ့ လက်ထပ်မယ့် ခင်ပွန်းလောင် မုဆိုးဖိုဆီမှာ
HIV ရှိမှန်းသိလျက်နဲ့ လက်ထပ်ခဲ့တယ်။ သူ့ အပြောကတော့ ကျမ သူ့ကို ချစ်တယ် သေရမယ်ဆိုလည်းသူနဲ့ပဲ အတူတူ သေမယ် တဲ့လေ။ အခုတော့ သူ့မှာ AIDS ရနေပါပြီ။ သူဟာ ဒီရောဂါအကြောင်းကိုနည်းနည်းပါးပါး သိထားခဲ့ပေမဲ့ ကူးစက်ခံရသူတွေဟာ မြန်မြန် ဆန်ဆန်သေကြရမယ်လို့တော့ မထင်ထားပါဘူး။
တစ်ကြိမ်သာ ပြန်ရွေးချယ်ခွင့် ရမယ်ဆိုရင် ကျမသူ့ကို လက်ထပ်တော့မှာ မဟုတ်ဘူး လို့သူက
ပြောလာတယ်။
သူတို့ရဲ့ ဘာသာ ဘာဝမှာ အိမ်ထောင်ပြု စောကြပြီး ၁၄၊ ၁၅ မှာ အပျို လူပျို ဘဝကို စွန့်လွှတ်ကြတယ်မုံလူမျိုးတို့ရဲ့ ထုံးစံအရ ယောက်ျားဖြစ်သူက မိန်းမ ၅ ယောက်ယူနိုင်ပြီး တစ်အိမ်တည်းမှာအတူ ထားနိုင်တယ်။
တောင်တန်းနေမျိုးနွယ်စုတွေအနေနဲ့ အခြေခံ ပညာရေးမှာ အားနည်းတဲ့အတွက် ဇီဝဗေဒ သဘောတရားအရ လူ့ခန္ဓာကိုယ်တည်ဆောက်ပုံကို
နားမလည်ကြလို့ မလိုလားအပ်တဲ့ အကြောက်တရားကို ဖြစ်ပေါ်စေတယ်။ HIV ဟာ ကူးစက်တတ်တယ်ဆိုတာကို သိလာရတဲ့ သူတို့ဟာ ခန္ဓာကိုယ် အထိအတွေ့မှန်သမျှကနေ ပိုးကူးစက်တယ်လို့ ယူဆကြပြီး ကွန်ဒုံးသုံးဖို့ကိုလည်း
မဝံ့မရဲ ဖြစ်နေကြတယ်။ ကျမကတော့ ကွန်ဒုံးသုံးဖို့ အယုံအကြည် မရှိဘူးလို့ မုံ အမျိုးသမီးကြီးက
ပြောတယ်။ သူက ကွန်ဒုံးဟာ မိုးရွာထဲမှာ ဆောင်းရတဲ့ ထီးနဲ့တူတယ်လို့ဆိုတယ်။ ထီးဆောင်းထားလိုက်ရင် ခေါင်းသာ မိုးလုံပြီး ခြေထောက် ကတော့ မိုးရွှဲမှာဖြစ်သလို ကွန်ဒုံးသုံးပေမဲ့လည်း အချို့ အစိတ်အပိုင်း တွေမှာ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့နိုင်သေးတာဖြစ်တယ်။ ဒါကြောင့်ပိုလုံခြုံရအောင် ဘောင်းဘီလို ဝတ်လို့ရတဲ့ ကွန်ဒုံးကို တီထွင်ပေးပါလို့ တောင်းဆိုတဲ့အတွက် ကျန်းမာရေး ပညာပေး သူတွေဟာ ငိုရခက်ရယ်ရခက် ဖြစ်ခဲ့ရပါတယ်။
တောင်တန်းနေ မျိုးနွယ်စုတွေမှာ ပညာရေးအပြင် စီးပွားရေး အခြေအနေ နိမ့်ပါးမှုကလည်း ရေနစ်သူကို ဝါးကူထိုးလို့ ထိုးပေးခဲ့ပါပြီ။ သူတို့ဟာ အစဉ်အဆက်ကထွန်ယက်လာတဲ့ စိုက်ပျိုးမြေတွေ ကနေ ဖယ်ရှားခံရပြီးတဲ့နောက်
စီးပွားရေး ယိမ်းယိမ်လာတယ်။ နည်းပါးတဲ့ မိသားစုဝင်ငွေကြောင့် ရွာကလူငယ်လူရွယ်တွေဟာ
ဘန်ကောက်နဲ့ ချင်းမိုင်မှာ အလုပ်သွားရှာ ကြတယ်။ တချို့ကျတော့ မြို့ကြီးမှာ ရောက်သွားတဲ့အခါလိင်ပျော်ပါးမှု လုပ်သားအဖြစ် အတင်း အဓ္ဓမ စေခိုင်းတာ ခံကြရပြီး အချို့ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်တာဖြစ်တယ်။
သူတို့ရဲ့ လူနေမှု အသိုင်းအဝိုင်းကလည်း တစ်ဦးနဲ့တစ်ဦး
အပြိုင်အဆိုင်တွေ မကင်းတဲ့အတွက် စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေအပြင် ဆိုင်ကယ်၊
တီဗွီ စတဲ့ ခေတ်မီနည်းပညာ ပစ္စည်း ပိုင်ဆိုင်မှုကို ဘဝတွေနဲ့ အလဲအလှည် လုပ်လိုက်ကြသူတွေလည်းရှိတယ်။ ဒါပေမဲ့ လိင်လုပ်ငန်းဟာ သူတို့ ပတ်ဝန်းကျင်မှာ လက်မခံနိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် မိဘတွေကသူတို့သမီးပျိုတွေဟာ မြို့ စားသောက်ဆိုင်မှာ အလုပ်သွားလုပ်တယ်လို့သာ ပြောကြလေ့ရှိတယ်။
မိန်းကလေးတွေဟာ လိင်လုပ်သားဖြစ်သွားတဲ့အခါ သူတို့ ဖေါက်သည်တွေနဲ့ ကာကွယ်မမှု မရှိတဲ့ လိင်ဆက်ဆံရေးရဖို့ရာ မလွယ်ဘူးဆိုတာ သိရတယ်။
သူများရဲ့ လယ်မှာ အငှားလုပ်ရင် တစ်နေ့ကို ၁၀ ဘတ် သာဝင်ငွေရှိတဲ့ ၅၆နှစ်အရွယ် အမျိုးသမီးကတော့ လွန်ခဲ့တဲ ၅ နှစ်ကပေါ့ ကျမသမီးလေး ချင်းမိုင်မှာ သွားအလုပ်လုပ်ပြီး ရွာကို ပြန်လာတဲ့အခါရောဂါ လက္ခဏာတွေ ပါလာတယ်။ ဆေးရုံတက်ကုတော့မှာ HIV ရှိနေမှန်း သိလိုက်ရတယ်လို့ ဆိုပါတယ်။
အဓိကဝင်ငွေ ရှာပေးသူဖြစ်တဲ့ သူ့သမီးဟာ သူ့ရဲ့ သားငယ်ကို ဘွားအေ လက်ထဲမှာ ထွားခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ကွယ်လွန်ခဲ့ပါပြီ။ သာမန်ဝန်ထမ်း တစ်ဦးရဲ့ တစ်လစာ ဝင်ငွေနဲ့ ညီမျှတဲ့ ဘတ် ၅၀၀၀ ခန့်ကို စပါးစိုက်သူ တောင်သူ တစ်ယောက်အနေနဲ့ တစ်နှစ်တာ ဝင်ငွေအဖြစ်သာ ရကြတဲ့အတွက် ယောက်ျားလေး အများစုဟာ လယ်လုပ်ငန်းထက် မြို့ပေါ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်ဝင်လုပ်ကြတယ်။
အပျော်အပါး ရှာမိတဲ့ သူတို့ဟာလည်း အိမ်ပြန်ချိန်မှာ HIV ကို သယ်လာကြတယ်။ အခုတော့ မိဘတွေဟာ သားသမီးတွေကို HIV ကူးစက်ခံမှာစိုးလို့ မြို့ကို သွားပြီး အလုပ်မလုပ်စေချင်ကြတော့ဘူး။
သားသမီး ၇ ယောက် ရှိတဲ့ အနက် သမီး ၂ ယောက်နဲ့ သား ၂ယောက်ကို
တစ်နှစ်ထဲမှာ ဆုံးရှုံးလိုက်ရတဲ့ နခ ဆိုတဲ့ အမျိုးသမီးကြီးကတော့ သူ့သားသမီးတွေ ဘာဖြစ်လို့
သေသွားကြမှန်းကို မသိလိုက်ဘူး လို့ဆိုပါတယ်။ နောက်မှာသာ HIV ကြောင့်ပါလားဆိုတာ သူသိခဲ့ရတယ်။ အခုတော့ ကျန်ရစ်ခဲ့တဲ့ မြေးတွေကို ထိန်းကျောင်းပေးနေရတယ်။ သူ့လို အခြားသောသူတွေမှာလည်း မိဘမဲ့ မြေးတွေကို ထိန်းကျောင်း ပြုစု ပေးနေရတဲ့ အတွက် သူက်ကြီးရွယ်အိုတွေရဲ့ ဆင်းရဲဝန်ကို ပိုပြီး လေးလံ ဖိစီးစေတယ်။
တောင်တန်းနေ လူမျိုးစုတွေအတွက် ယာဉ် အန္တရာယ် ထိခိုက်မှုကြောင့် သေဆုံးရတာ နှုန်း အများဆုံး ဖြစ်တယ်။ သေဆုံးမှုနှုန်း ဒုတိယ အများဆုံးဖြစ်တဲ့ HIV/AIDS ဟာ လိင်ဆက်ဆံမှုကြောင့်သာ မဟုတ်ပဲ မူးယစ်ဆေးဝါးကို
ထိုးသွင်းခြင်းကြောင့်လည်း ပျံ့ပွားလျက်ရှိတယ်။ မူးယစ်ဆေး အန္တရာယ်ကို တားဆီးတဲ့ အနေနဲ့
ရွာအဝင်မှာ မူးယစ်ဆေး စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး ခိုးယူခိုးသွင်းမှုကို တားမြစ် ကာကွယ်နေတယ်လို့လည်း သိရတယ်။
လူမျိုးစု မျိုးကွဲပေါင်း ၁၅ မျိုးရှိတဲ့ ထိုင်းမြောက်ပိုင်းဒေသမှာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးမှာ
မတူညီတဲ့ ဘာသာစကားနဲ့ တွေ့ရှိခြင်းဟာလည်း ကျန်းမာရေးပညာပေး လုပ်ငန်းတွေအတွက် အခက်အခဲ တစ်ခုဖြစ်တယ်။ သူတို့ဟာ ဘာသာစကားသာ မတူပေမဲ့ HIV ရှိသူကို ခွဲခြား ဆက်ဆံရာမှာတော့ အတူတူပဲဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ပြောဆို ဆက်ဆံ ရာမှာ သူတို့စကား ကိုယ်နားမလည် ကိုယ့်စကားသူတို့နားမလည်
ဖြစ်ရတဲ့အတွက် သတင်း အချက်အလက်တွေကို ပေးရာမှာ နှောင့်နှေး ကြန့်ကြာစေတယ်လို့ တာဆာနီ စရီမွန်ကော က ရှင်းပြပါတယ်။ တာဆာနီ ဟာ ပီပီအေတီ လို့ခေါ်တဲ့ Planned Parenthood Association of Thailand က စီမံကိန်း ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ပါတယ်။
ပီပီအေတီ ဟာ တောင်တန်းနေ လူမျိုးစုတွေအတွက် HIV နဲ့ပတ်သက်လို့ ပညာရေး ကျန်းမာရေး နှစ်သိမ့်ဆွေးနွေးရေးနဲ့ သင်တန်းများ ပို့ချခြင်း သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးနေတဲ့အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခု NGO ဖြစ်ပါတယ်။
ပီပီအေတီ ရဲ့ အဖွဲပတစ်ဖွဲ့ဟာ ပုံဟိုင် ကျေးရွာရဲ့ ကျောင်းစာသင်ခန်းတစ်ခုမှာ ပညာပေး အစီအစဉ် တစ်ခုကို တင်ဆက်နေတာကိုလည်း တွေ့ရတယ်။ မိန်းမခန္ဓာကိုယ်နဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ဆွဲထားတဲ့ ပုံကြမ်းကားချပ် ၂ ချပ်ဟာ ကျောက်သင်ပုန်းမှာ ချိတ်ဆွဲထားတာ တွေ့ရတယ်။ ၁၄၊၁၅ နှစ် အရွယ်
မိန်းကလေးတွေဟာ သစ်သားလုံးနဲ့ လုပ်ထားတဲ့ ယောက်ျား လိင်အင်္ဂါ ပုံတူကို သုံးပြီး ကွန်ဒုံအကြောင်း လေ့လာရတယ်။
ဒါဟာ ရှက်စရာလည်းမဟုတ်သလို ကြောက်စရာလည်း မဟုတ်ပါဘူး။ လိင်အကြောင်းကို လေ့လာ သင်ကြားရတာဟာ ကိုယ့်ကိုယ်ကို HIV/AIDS ကနေ ကာကွယ်ရာလည်းရောက်လို့ ပျော်စရာ ကောင်းပါတယ်။ လို့ ၁၃နှစ်
အရွယ် ကျောင်းသူလေး ဘင်ဂျမာ ပရာဆပ် ကပြောပါတယ်။
သူတို့လေးတွေဟာ အနာဂတ်မှာ လိင်ကုန်သွယ်ရေးအတွက် တင်သွင်းခံသူလေးတွေ ဖြစ်မှာကို စိုးရိမ် မိတယ်။ လို့ အဲဒီဒေသကကို သွားရောက်လေ့လာသူတစ်ဦးရဲ့ စိုးရိမ်မကင်း ညည်းတွားလိုက်သံ ကိုလည်း ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသမှာ သေဆုံးမှုနှုန်း အများဆုံးဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတွေကို များရာမှ နည်းရာ အစဉ်လိုက် ဖေါ်ပြပေးလိုက်ပါတယ်။
- ယာဉ်
မတော်တဆ ထိခိုက်မှု
- HIV/AIDS
- ကင်ဆာ
- နှလုံးရောဂါ
- စိတ်ပိုင်းဆိုင်ရာ
ရောဂါများ
- မူးယစ်ဆေး
စွဲခြင်း အေးမြချမ်း ၏ ကမ္ဘာကြီးကို ဆေးကုပေးပါ စာအုပ်မှ ကူးယူ ဖေါ်ပြပါသည်။
HIM
http://newmyanmarpyi.blogspot.com/2014/09/blog-post_686.html
No comments :
Post a Comment