.

AlinShin

Wednesday, October 29, 2014

လူကုန်ကူးခံရမှု အများစုမှာ လိင်ကျွန်ပြုရန် ဖြစ်


မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှုအများစုမှာ လိင်လုပ်ငန်း၌ လိင်ကျွန်အဖြစ် ပြုလုပ်စေခိုင်းခံနေရခြင်း ဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးခံနေရခြင်း ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၏ လူကုန်ကူးမှုစောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံး သံအမတ် မစ္စတာလူးဝစ်စီဒီဘာကာက ပြောကြားသည်။

‘‘ကျွန်တော်တို့အဓိက ဦးတည်ပြောလိုတာက မြန်မာမှာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေဖြစ်ပေါ်နေပြီး အများစုဟာ လိင်လုပ်ငန်းဆိုင်ရာ အသုံးချခံရမှုအတွက် လိင်ကျွန်ပြုလုပ်ခြင်းခံနေရပါတယ်။ မြန်မာမှာ လူကုန်ကူးခံရသူ ခုနစ်ရာကျော်ထဲက ဒါဇင်ဝက်လောက်ကို ကြည့်လိုက်တဲ့အခါ တရုတ်ဘက်ကို ဒီကိစ္စနဲ့ ရောက်သွားရတာကို တွေ့ရပါ တယ်။ တစ်ချို့လည်း ထိုင်းဘက်ကို ရောက်သွားကြတယ်’’ ဟု ၎င်းက ပြောကြားသည်။ အောက်တိုဘာ ၆ ရက်က အမေရိကန်သံရုံးတွင် ပြုလုပ်ခဲ့သည့် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မီဒီယာများနှင့် စကားဝိုင်း ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သံအမတ် လူးဝစ်စီဒီဘာကာသည် အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် လူကုန်ကူးမှုနှင့် ပတ်သက်၍ အာဆီယံ−အမေရိကန် အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်ရန် လာရောက်ခြင်း ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု လူကုန်ကူးမှု စောင့်ကြည့်ရေးနှင့် တိုက်ဖျက်ရေးရုံးသည် နှစ်စဉ် ကမ္ဘာပေါ်တွင် လူကုန်ကူးခံရမှု ပြဿနာများကို အစီရင်ခံစာရေးသားလေ့ရှိပြီး ၂၀၁၃-၁၄ ပြည့်နှစ်အတွင်း မြန်မာနှင့် ပတ်သက်၍ အစီရင်ခံစာပါ အချက်များအပေါ် အခြေခံ၍ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် ခေတ်သစ်လူကုန်ကူးမှုပြဿနာ များကို ရင်ဆိုင်နေရပြီး မြန်မာအပါအ၀င် အာဆီယံဒေသတွင်း တိုင်းပြည်တိုင်း၌လည်း ယင်း ပြဿနာများကို ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။ ထို့ ပြင် လူကုန်ကူးမှုနှင့် ခေတ်သစ် ကျွန်ပြုမှုပြဿနာမှာ ဥရောပ၊ အာဖရိကနှင့် အမေရိကန်ပြည်ထောင်စုများအတွက်ပါ စိန်ခေါ်မှုများဖြစ်လာနေပြီး နိုင်ငံတိုင်းတွင် လူကုန်ကူးမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချင်းချင်း သတိပေးမျှဝေရန် လိုအပ်ကြောင်း ၎င်းက အကြံပြုသည်။

‘‘အာဖရိကမှာဆိုလည်း အလုပ်ရုံတွေမှာ၊ သတ္တုမိုင်းတွေမှာ၊ အိမ်ဖော်လုပ်ငန်းတွေမှာ လူကုန်ကူးခံနေရပါတယ်။ အမေရိကမှာဆိုလည်း လယ်ယာလုပ်ငန်းခွင် တချို့မှာ လူကုန်ကူးခံရသူတွေရှိနေပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းဟာ လူကုန်ကူးမှုပြဿနာတွေကို သတိပေးဖို့ အချင်းချင်း လိုအပ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကလေးစစ်သားများအား ပြန်လွှတ်ပေးသည့်ကိစ္စကိုလည်း ဆက်လက်ဖြစ်ထွန်းစေလိုကြောင်း ၎င်းက ပြောကြားသည်။

‘‘ကလေးစစ်သားမရှိဘူးဆိုတဲ့ အစိုးရရဲ့ ဒီကတိက၀တ်ကနေ လမ်းကြောင်းလွဲမသွားဖို့ မြန်မာ အစိုးရဟာ မြန်မာကလေးငယ်များကို ကူညီကာကွယ်ပေးဖို့လည်း လိုအပ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် မြန်မာအစိုးရက ပြည်ပရောက် မြန်မာအလုပ်သမားများ အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ သံရုံးဝန်ထမ်းများအား ဗဟုသုတတိုးပွားစေရန် သင်တန်းများပြုလုပ်ထားခြင်းအပေါ် ကြိုဆိုကြောင်း ၎င်းကပြောကြားသည်။

‘‘အခု မြန်မာသံအမတ်တွေကို လူကုန်ကူးခံရမှုနဲ့ပတ်သက်လို့ Training တွေလည်း ပေးနေပါပြီ။ အထူးသဖြင့် ထိုင်းသံရုံးမှာဆိုရင် မြန်မာအလုပ်သမားတွေကို အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။ သူတို့အနေနဲ့ အကူအညီလိုတဲ့အခါ သံရုံးကို သွားရမယ်လို့ တချို့အလုပ်သမားတွေ သိနေကြပါပြီ’’ဟု ၎င်းက ပြောကြားသည်။

မြန်မာအပါအ၀င် နိုင်ငံအများစုတွင် လူကုန်ကူးခံရသူများမှာ ၎င်းတို့ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရဲတပ်ဖွဲ့ထံ ပွင့်ပွင့်လင်းလင်း ပြောပြရန် ကြောက်ရွံ့နေခြင်းက လူကုန်ကူးတိုက်ဖျက်ရေးလုပ်ငန်း၌ အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

‘‘သူတို့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ရဲကိုသေချာပြောပြဖို့က အဓိက စိန်ခေါ်မှုဖြစ်နေတယ်။ လိင်ကျွန်ပြုတာပဲဖြစ်ဖြစ်၊ အိမ်အကူစေခိုင်းခံရတာပဲဖြစ်ဖြစ်၊ လူကုန်ကူးခံရသူအားလုံးမှာ တူညီတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိမှာပဲ။ ဒါတွေက အကြီးမားဆုံး စိန်ခေါ်မှုတွေပဲ ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာအစိုးရ လူကုန်ကူး တိုက်ဖျက်ရေးအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်ရန်နှင့် နည်းပညာအထောက်အပံ့များ ပေးအပ်ရန် ၂၀၁၃ ခုနှစ်တွင် သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သည်။ ယင်းသ ဘောတူညီချက်အရ မြန်မာလူကုန်ကူးတိုက်ဖျက်ရေး ရဲအရာရှိများအတွက် ကျွမ်းကျင်မှုသင်တန်းများ ကူညီခြင်း၊ လူကုန်ကူးခံရသူများအား ရဲအရာရှိများက နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း အစီအစဉ်များကို အမေရိကန်ပြည်ထောင်စုမှ ပံ့ပိုးပေးထားကြောင်း ၎င်းက ပြောကြားသည်။

‘‘လူတိုင်းက ပိုကောင်းတဲ့ အလုပ်ကို လိုချင်တယ်။ ပိုပြီးကောင်းတဲ့ ဘ၀ကို သွားချင်တယ်။ ကိုယ့် မိသားစုဆီကို ကိုယ့်လုပ်အားခတွေပြန်ပို့ပေးချင်တယ်။ ဒါပေမဲ့ ငွေကြေးရလိုမှုနောက်ကို အရမ်းကြီး Risk ယူပြီး လိုက်ရင်လည်း ဒါက လူကုန်ကူးခံရနိုင်ခြေရှိတာပေါ့’’ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၈ ရက်တွင် ပြုလုပ်မည့် အာဆီယံ-အမေရိကန် လူကုန်ကူးမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေးဥပဒေနှင့် ခေတ်သစ်ကျွန် ပြုမှုများကို တိုက်ဖျက်ဆန့်ကျင်ရေးအတွက် စံသတ်မှတ်ချက်များ ပေါ်ထွက်ရေးကို သံအမတ်လူးဝစ်က မိတ်ဆက်တင်ပြမည် ဖြစ်သည်။ 

7Day Daily

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget