မင်းသူအောင်
စဏ္ဍာလရွာတဲ့။ စဏ္ဍာလများ နေထိုင်ရာ ရွာပေါ့။ ဘေးရွာတွေက အဲဒီလို သမုတ်ခဲ့ကြတယ်။ ဒါပေမဲ့ အခု အဲဒါက သမိုင်း ဖြစ်သွားပြီ။ အခု အခြေအနေတွေနဲ့ ယှဉ်ကြည့် လိုက်ရင်တော့ စဏ္ဍာလရွာ ဖြစ်ခဲ့တယ် ဆိုတာဟာ ဒဏ္ဍာရီ တစ်ခုလိုပါပဲ။
ရွာဝင်ဝင်ချင်း တွေ့ရမှာက အပြာရောင် သွပ်မိုးနဲ့ ဘုန်းတော်ကြီးကျောင်း။ သူ့ဘေးကတော့ အစိမ်းရောင် သွပ်မိုးနဲ့ မူလတန်းကျောင်း။ ပြီးတော့ လုပ်လက်စ ရွာအ၀င် ဆိုင်းဘုတ်။ နောက်တော့ သွပ်မိုးနဲ့ နှစ်ထပ် အိမ်တချို့။ ထန်းရွက် မိုးအိမ်တချို့။
စစ်ကိုင်းတိုင်း ဒေသကြီး၊ တန့်ဆည် မြို့နယ်ထဲမှာ ရှိတဲ့ အဲဒီရွာရဲ့ နာမည် အဟောင်းက ဘန့်ဘွေး ကုန်းရွာ။ အခု ဆိုင်းဘုတ်မှာတော့ အောင်မင်္ဂလာရွာ ဖြစ်သွားပြီ။ ရွာထဲကို လျှောက်ဝင်လာပြီ ဆိုရင်တော့ အိမ်တချို့မှာ ဆိုလာပြားတွေ တပ်ဆင် ထားတာကို တွေ့ရပါတယ်။
““ဒီလို အခြေအနေ ဖြစ်လာအောင် ကျုပ်တို့ ကုန်းရုန်းပြီး လုပ်ခဲ့ရတယ်”” လို့ သက်လတ်ပိုင်း အရွယ် အောင်မင်္ဂလာ ရွာသား ဦးမြင့်က ဂုဏ်ယူတဲ့ လေသံနဲ့ ပြောပါတယ်။
သူတို့ရွာရဲ့ သမိုင်းကြောင်းကို ပြန်လှန် ရရင်တော့ သူတို့ရွာကို မြန်မာ သက္ကရာဇ် (၁၂၈၀) လောက်က မိသားစု သုံးစုနဲ့ စပြီး တည်ထောင် ခဲ့ကြတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာက အဆက်အနွှယ်တွေလို့ ဆိုပါတယ်။ အဲဒီမိသားစု သုံးစုက လက်ရှိ သူတို့ နေနေတဲ့ ရွာရှိတဲ့ ရွှေကူ ဘုရားကြီး အနား ရောက်လာကြပါတယ်။ ဘုရားကြီးနားမှာ နေချင်ကြောင်း ရွှေကူ ကျောင်းဆရာတော်ကို လျှောက်ထားတော့ ဆရာတော်က ခွင့်ပြုလိုက်တဲ့ အတွက် ရွှေကူ ဘုရား ဘေးပတ်လည်က ၀ါးရုံတောမှာ အမိုးလေးတွေ မိုးပြီး နေကြတော့တယ်။
ပြီးတော့ ဘုရားကြီးမှာ ကပ်ထားတဲ့ ဆွမ်းဟင်း၊ ဆွမ်းထမင်းကို စားပြီး နေလာခဲ့ကြပြီးတဲ့ နောက်မှာ တောင်းရမ်း စားသောက်ခြင်း ကိုလည်း လုပ်ကိုင် လာကြတယ်လို့ ရွာခံတွေက ပြောပါတယ်။
““ရှေးလူကြီးတွေက ပျင်းလို့ အဲဒီလို လုပ်စား ခဲ့ကြတာပါ”” လို့ အသက် (၆၀) ကျော်အရွယ် ဒေါ်လှတုတ်က တောင်းရမ်း စားသောက်မှုတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။
ဘေးနားက ရွာတွေရဲ့ အဆိုအရ ဆိုရင်တော့ အောင်မင်္ဂလာလို့ နာမည် ပြောင်းထားတဲ့ သူတို့ ရွာက ရွာသားတွေဟာ ကျိန်စာ သင့်ပြီးတော့ တစ်နှစ်မှာ တစ်ကြိမ် လောက်တော့ မဖြစ်မနေ တောင်းရမ်း စားသောက် ရတယ်လို့ ဆိုပါတယ်။ အကယ်၍များ တစ်နှစ် တစ်ကြိမ် မတောင်းရမ်းခဲ့ဘူး ဆိုရင် အနာရောဂါ စွဲကပ်တာတွေ ဖြစ်နိုင်သလို၊ စီးပွား ပျက်တာတွေလည်း ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ ဒါကြောင့် မတောင်းရမ်းနိုင်တဲ့ လူတွေက တောင်းရမ်းတဲ့ လူဆီက ဆန်စတဲ့ ပစ္စည်းတစ်ခုခုနဲ့ ကိုယ့်ရဲ့စပါးကျည်ကို ပက်ကြဲ ရတယ်လို့ ဘေးနားက ရွာတွေက ဆိုကြပါတယ်။
ဒါပေမဲ့ ဒေါ်လှတုတ် ကတော့ ““အဖွားဆိုရင် အသက် (၆၀) ကျော်ပြီ။ ဖြစ်မယ်ဆိုရင် ဖြစ်ပြီပေါ့””လို့ ဒေါနဲ့မာန်နဲ့ ပြောပါတယ်။
သူဆိုရင် တောင်းရမ်း စားသောက်ခြင်း မလုပ်တော့တာ တစ်သက်နဲ့ တစ်ကိုယ် ရှိပြီလို့ ပြောပါတယ်။ တောင်းရမ်းတာကို စွန့်လွှတ် လိုက်တဲ့ အတွက် သူတို့ တစ်တွေမှာ ဘာမှ ဖြစ်မသွားခဲ့ပါဘူး။
သူတို့ တစ်တွေ တောင်းရမ်း စားသောက်တဲ့ အလုပ်ကို မလုပ်တော့တာ (၁၉၈၂) ခုနှစ် အောင်ရွှေဝါ စစ်ကြောင်းက စစ်ဆင်ရေး လုပ်ပြီး ကတည်း ကပါပဲ။ အဲဒီ စစ်ဆင်ရေးမှာ တောင်းရမ်း စားသောက်ရာမှာ အသုံးပြုတဲ့ တောင်းတွေ၊ ခွက်တွေ၊ ထမ်းပိုးတွေ အားလုံးကို မီးပုံရှို့ပြီး တောင်းရမ်း စားသောက်တဲ့ အလုပ်ကို စွန့်လွှတ်လိုက်ဖို့ တရား ဟောပါသတဲ့။ အဲဒီ စစ်ဆင်ရေးကပဲ သူတို့ရွာကို ဘန့်ဘွေးကုန်း ဆိုတဲ့ နာမည်ကနေ အောင်မင်္ဂလာလို့ ပြောင်းပေးခဲ့ပါတယ်။
အဲဒီ နောက်မှာတော့ သူတို့တွေဟာ ရွာပတ်ဝန်းကျင်မှာ ရှိတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲပြီးတော့ လယ်တွေ၊ ယာတွေ တည်ကြ၊ တိုးချဲ့ကြပြီး စိုက်ပျိုးရေးကို ကြိုးစား လုပ်ကိုင်လာသလို တခြား ၀င်ငွေရမယ့် ဘယ်အလုပ်ကို မဆို လုပ်ကိုင် လာကြပါတယ်။
““ကျွန်တော်တို့က ကတ်ရက်တယ်။ ပုတ်ရက်တယ်။ ကတ်ရက်တာ ဆိုရင် မိုးကုတ် အထိ သွားပြီး လုပ်ကြတယ်”” ဟု ဦးမြင့်က ပြောပါတယ်။
သူတို့ဟာ ပုတ်ရက် ပြီးတော့ အနီးအနားက ရွာတွေကို လှည့်လည်ပြီး ရောင်းကြပါတယ်။
ဒါပေမဲ့ အဲဒီ စစ်ဆင်ရေးရဲ့ နောက်ပိုင်းမှာလည်း တောင်းရမ်း စားသောက်မှုတွေ ရှိနေဆဲ ဖြစ်ပြီး တောင်းရမ်း စားသောက်တာတွေ ရပ်သွားတာက ဆယ်စုနှစ် တစ်ခု လောက်ပဲ ရှိသေးတယ်လို့ အနီးနား ရွာတွေဆီက သိရပါတယ်။
တောင်းရမ်း စားသောက်တဲ့ အလုပ်ကို စွန့်လွှတ် လိုက်ကြပေမယ့် တောင်းရမ်း စားသောက် ခဲ့တယ်ဆိုတဲ့ အရိပ် မည်းကြီးက နောက် မျိုးဆက်တွေ အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ပါတယ်။
အောင်မင်္ဂလာ တစ်ရွာလုံး ကတော့ ဗုဒ္ဓ ဘာသာဝင်တွေပါ။ ဒါပေမဲ့ သူတို့ရဲ့ အလှူ ပစ္စည်းတွေကို ယနေ့ အချိန်အထိ သူတို့နားက ရွာတွေရဲ့ ဘုန်းကြီးကျောင်းတွေက အလှူခံခြင်း မရှိပါဘူး။ သူတို့ ကိုယ်တိုင် ချက်လှူတဲ့ ဆွမ်းကို အလှူမခံတဲ့ အတွက် ဆွမ်းပွဲစာ ငွေလှူရင်လည်း ကိုယ်တိုင် ဆက်ကပ်ခွင့် မရဘူးလို့ ဒေါ်လှတုတ်က ပြောပါတယ်။ သာရေး၊ နာရေး ရှိလို့လည်း ဘုန်းကြီးပင့်လို့ မရဘူးလို့ တခြား ရွာသားတွေ ကလည်း ပြောကြပါတယ်။
““ရှင်ပြုတဲ့ အခါမှာ သင်္ကန်း စီးတာကို ဘုန်းကြီးကျောင်းမှာ လုပ်ပေမယ့် ကိုရင်ဝတ်နဲ့ ဘုန်းကြီး ကျောင်းမှာ မနေရဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်နေရတယ်””လို့ အောင်မင်္ဂလာ ရွာသား လူလတ်ပိုင်း အရွယ် ကိုဆန်းထွန်းက ပြောပါတယ်။
အခု အချိန်မှာတော့ သူတို့ရွာမှာ ကိုယ်ပိုင် ဘုန်းတော်ကြီးနဲ့ ဘုန်းတော်ကြီး ကျောင်း ရှိနေပါပြီ။ ဒါပေမဲ့ သာရေး နာရေးတွေမှာ အောင်မင်္ဂလာ ရွာက ဘုန်းတော်ကြီးကို ဘေးရွာတွေက မပင့်ကြသလို အောင်မင်္ဂ လာရွာမှာ သာရေး နာရေး ရှိရင်လည်း ဘေးနားရွာက ဘုန်းတော် ကြီးတွေကို ပင့်ခွင့် မရဘူးလို့ ရွာသားတွေက ပြောကြပါတယ်။ ဒါကြောင့် ဘာသာ ပြောင်းဖို့တောင် စိတ်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ပင့်ခွင့် မရလို့ပဲ ရွာမှာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ပေါ်ပေါက် လာအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ လုပ်ခဲ့ ကြတယ်လို့ သူတို့က ဆိုပါတယ်။
““ပ၀ါရဏာ ပြုတဲ့အခါမှာ ဘုန်းကြီးက ဆယ့်နှစ်ပါးဂိုဏ်းက သံဃာတွေ ပ၀ါရဏာပြု ခွင့်မရပါဘူး”” လို့ အောင်မင်္ဂလာ ရွာကျောင်း ဆရာတော် ဦးအာဒိစ္စက မိန့်ပါတယ်။
အောင်မင်္ဂလာရွာ ဘုန်းတော်ကြီး ကျောင်းဟာ ဆယ့်နှစ်ပါး ဂိုဏ်းဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ပ၀ါရဏာပြုတဲ့ အခါမှာ ဆယ့်နှစ်ပါး ဂိုဏ်းမှာ မပြုရဘဲ နယ်ကျော်ပြီး ပ၀ါရဏာ ပြုရတယ်လို့ ဆရာတော်က ဆက်ပြီး မိန့်ပါတယ်။ ဒါ့အပြင် ပညာ သင်ကြား ရာမှာလည်း ဒီအတိုင်းပဲလို့ ဆိုကြပါတယ်။
““ဘကြီးတို့ ငယ်ငယ်က ကျောင်း သွားတက် ရင်တောင် ရေ တစ်အိုးတည်း အတူတူ မသောက်ခဲ့ရဘူး။ တို့ရွာသားတွေက သတ်သတ်၊ တခြား ရွာသားတွေက သတ်သတ် ခွဲထားတယ်”” လို့ အသက် (၆၀) အရွယ် ဦးတင်ညိုက နာကျည်းတဲ့ မျက်လုံးတွေနဲ့ ပြောပါတယ်။
သူတို့ ခေတ်တုန်းက စာသင်တဲ့ နေရာမှာလည်း အောင်မင်္ဂလာ ရွာသား ကလေးတွေဟာ တခြား ရွာသား ကလေးတွေ တက်တဲ့ ကျောင်းမှာ အတူတူ တက်ခွင့် ရခဲ့ပေမယ့် ကျောင်း တစ်ဆောင်တည်း အတူ တက်ခွင့်မရခဲ့ဘဲ သူတို့အတွက် သတ်သတ် ဆောက်ပေးထားတဲ့ ထန်းရွက် ကျောင်း ကလေးထဲမှာ တက်ခဲ့ ရတယ်လို့ ဦးတင်ညိုက ဆက်ပြောပါတယ်။
““ပြောရမှာ မရှက်ပါဘူး။ ဘကြီးဆိုရင် (၁၈) နှစ်သားကျမှ စာရေး စာဖတ် ကောင်းကောင်း သင်ခွင့်ရခဲ့တယ်။ သူဆိုရင်လည်း လေးတန်းပဲ အောင်တယ်။ ဒါတောင် မြို့က အမျိုးဆီမှာ သွားနေလို့”” လို့ ကျေးရွာ ဥက္ကဋ္ဌကို လက်ညှိုးထိုးပြီး သူက ထပ်ပြောပါတယ်။ ကျေးရွာ ဥက္ကဋ္ဌ ကလည်း ဟုတ်တယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြုံးပြီး ခေါင်းညိတ်ပြ နေပါတယ်။
သူတို့ ရွာသမိုင်းမှာ ဆယ်တန်း အောင်သူ တစ်ယောက်ပဲ ရှိပါသေးတယ်။ အခုအချိန် မှာတော့ အိမ်ခြေ ကိုးဆယ်ကျော်နဲ့ ကျောင်းသားပေါင်း (၁၀၅) ယောက်ရှိတဲ့ အောင်မင်္ဂလာ ရွာမှာ မူလတန်းကျောင်း ရနေပါပြီ။ အဲဒီ ကျောင်းမြေ နေရာကို သူတို့ ရွာသားတွေ ငွေစုပြီး ၀ယ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီးတော့ အလယ်တန်း ကျောင်းရအောင် ကြိုးစား နေကြပါတယ်။
တစ်ချိန်တုန်းက တောင်းရမ်း စားသောက်ခဲ့တဲ့ အောင်မင်္ဂလာရွာဟာ အခုမှာတော့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပြီး ရှင်သန်ဖို့ ကြိုးစား နေပါတယ်။
Messenger
http://newmyanmarpyi.blogspot.com/2014/10/blog-post_989.html
No comments :
Post a Comment