လူမျိုး၊ ယုံကြည်ကိုးကွယ်မှုဘာသာ၊ လူမှုရေး၊ နိုင်ငံရေး၊
ပေါင်းသင်းဆက်ဆံရေး၊
စိတ်ပညာ၊ ဆေးပညာ၊ မနုဿဗေဒ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့
အခြားဘာသာရပ်
ဆိုင်ရာ ရှုထောင့်အမျိုးမျိုးကနေပြီးတော့ လူကို
အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပါတယ်။
အလားတူပဲ ဘဝဆိုတာ၊ ယောက်ျားဆိုတာ၊ မိန်းမဆိုတာ၊ အချစ်ဆိုတာ၊
သေခြင်း
တရားဆိုတာနဲ့ ငွေဆိုတာ အကြောင်းကိုလည်း ရှုထောင့်အမျိုးမျိုးကနေပြီး
ပြောကြ၊
ရေးကြ၊ အဓိပ္ပာယ်ဖွင့်ကြတာ ရှိပါတယ်။
လူဟာ အသက်ရှင်ရပ်တည်ဖို့အတွက် စားဝတ်နေရေး ရှာဖွေဆောင်ရွက်ရမယ်။
လူမျိုးနွယ် ဆက်တည်တံ့ဖို့ အတွက် မျိုးဆက်ပြန့်ပွားမှု ဆောင်ရွက်ရမယ်။
ဒါမှသာ “လူ”ဆိုတာ ကမ္ဘာပေါ်မှာ ဆက်လက်တည်တံ့မှာ ဖြစ်တယ်လို့ မနုဿဗေဒ
ရှုထောင့်က ဆိုပါတယ်။
ကနေ့တော့ ဥပဒေရှုထောင့်က လူဆိုတာ ဘာလဲဆိုတာကို ပြောပြပါမယ်။
ဥပဒေနဲ့လူ ပတ်သက်လာပုံအကြောင်းစပြီး ပြောပြပါမယ်။
ကမ္ဘာဦးလူသားဟာ ပတ်ဝန်းကျင်လောကကြီးနဲ့ ထိတွေ့ဆက်ဆံနေရတယ်။
ဒီအခါမှာ
လူသားဟာ ပတ်ဝန်းကျင် လောကကြီးကိုရော၊ မိမိကိုယ်ကိုရော
ဥပဒေသတွေ၊ နိယာမတွေ
ဖော်ထုတ်လာတယ်။ စကြဝဠာ၊ နေ၊ လ၊ ကမ္ဘာဂြိုလ်
နိယာမ တွေ၊ သဘာဝပတ်ဝန်းကျင်၊ ရေ၊
မြေ၊ တော၊ တောင်၊ ရုပ်ဝတ္ထု၊
သက်ရှိသက်မဲ့နိယာမတွေ ဖွင့်ဆိုလာတယ်။
လူနဲ့လူချင်း ပေါင်းသင်း ဆက်ဆံရာက
အချင်းချင်း လက်ခံတဲ့ ကိုယ်ကျင့်တရားတွေ၊
ဓလေ့ထုံးတမ်းတွေ ဖြစ်လာပါတယ်။
နိုင်ငံတွေ၊ အစိုးရတွေ ပေါ်ပေါက်လာတော့
အမိန့်တွေ ပေါ်လာတယ်။ နောက်
ဥပဒေပြုအဖွဲ့က ဥပဒေအဖြစ် ပြဋ္ဌာန်းလာတယ်။
ဒီဥပဒေတွေကို နယ်မြေအရ
သက်ဆိုင်သူတွေက လိုက်နာကြရတယ်။ နောက်
အပြည်ပြည်ဆိုင်ရာ
ဥပဒေတွေပေါ်လာပြီး နိုင်ငံအားလုံး လိုက်နာ ကြရပါတယ်။
လူသားရှိလာလို့ ဥပဒေ ပေါ်လာရတာပါ။ ဥပဒေရှိလို့ လူသားဆက်ပြီး
ရှိနေတာပါ။
ဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ လူတွေရဲ့ အပြုအမူတွေကို
စည်းနဲ့ကမ်းနဲ့
ပြုမူအောင် ထိန်းကျောင်းသတ်မှတ်ပေးဖို့ ဖြစ်ပါတယ်။
လူသားဟာ ကမ္ဘာဦးကတည်းကဥပဒေနဲ့ ကင်းကွာခဲ့ခြင်း မရှိကြောင်းတွေ့
ရပါတယ်။
လူဆိုတာ ဘာလဲ။ ဥပဒေရှုထောင့်အရ လူဆိုတာ ဥပဒေရေးရာအခွင့်အရေးနဲ့
တာဝန်ရှိနိုင်တဲ့ သတ္တဝါကို “လူ”လို့ ခေါ် ပါတယ်။
တိရိစ္ဆာန်တွေမှာ ဥပဒေအရ ဘာတာဝန်နဲ့ အခွင့်အရေးမှ မရှိပါဘူး။ ဥပဒေဟာလူတွေအတွက်ပဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဥပဒေအရ လူလို့ သတ်မှတ်တဲ့အရာ (၂)မျိုး ရှိပါတယ်။
(၁) ဥပဒေက လူလို့ သတ်မှတ်ထားတဲ့အရာများ
(၂) သက်ရှိလူသား၊ သဘာဝလူသားများ
(၁) ဥပဒေက လူဟု အသိအမှတ်ပြုထားတဲ့ အရာများ
သက်ရှိလူသား မဟုတ်ပေမယ့် ဥပဒေအရ အခွင့်အရေးနဲ့ တာဝန်ရှိတဲ့
အရာများကို
ဥပဒေအရ လူအဖြစ် သတ်မှတ်ထား ပါတယ်။ ဥပမာ-
အသင်းအဖွဲ့၊ ကော်ပိုရေးရှင်း၊
ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း၊ ဘုတ်အဖွဲ့၊
မြူနီစီပယ် ကော်မတီ၊ ကော်မရှင် စတာ
တွေဟာ သက်ရှိလူမဟုတ်
သော်လည်း ပေးလျော်ရန် တာဝန်၊ ရပိုင်ခွင့်၊
အခွင့်အရေးစတာတွေ
ရှိကြပါတယ်။ သူတို့က တရားစွဲဆို(တရားလိုပြုလုပ်)နိုင်ပြီး
သူတို့အပေါ်
ကိုလည်း တရားခံ/တရားပြိုင်အဖြစ် စွဲဆိုနိုင်ပါတယ်။
(၂) သက်ရှိလူသား၊ သဘာဝလူသားများ
အပြည်ပြည်ဆိုင်ရာ ဥပဒေအရ သက်ရှိလူသားမှာ လူသား အခွင့်အရေးတွေရှိကြောင်း
ပြဋ္ဌာန်းပေးထားပါတယ်။ လူသား တစ်ယောက်
ဖြစ်တည်လာတဲ့ အမိဝမ်းဗိုက်ထဲကစပြီး
သူ့မှာ အခွင့်အရေးရှိပါတယ်။
မွေးဖွားပြီးစ၊ ကလေးဘဝ၊ လူငယ်ဘဝ၊
သက်ကြီးရွယ်အိုဘဝထိ ရှင်သန်နေဆဲ
လူသားမှာ အခွင့်အရေး ရှိပါတယ်။
လူသေကောင်မှာတော့ အခွင့်အရေးနဲ့ တာဝန်
မရှိတော့ဘူး။ လူသားရဲ့အခွင့်အရေးကို
အခြားဘယ်ပုဂ္ဂိုလ်၊ ဘယ်အစိုးရကမှ
မထိပါးရဘူး။ မရုပ်သိမ်းရဘူး။ ဒါကြောင့်
ယဉ်ကျေးတဲ့ ကမ္ဘာ၊ ယဉ်ကျေးတဲ့လူ့အဖွဲ့
အစည်းမှာ လူဖြစ်ခြင်းနဲ့
လူ့အခွင့်အရေးကို တာဝန်တစ်ရပ်အနေနဲ့ အလေးအနက်
ထားကြပါတယ်။
လူသားအချင်းစာနာထောက်ထားမှုဆိုတာကိုလည်း အလေး
ထားကြပါတယ်။ လူ့အခွင့်အရေးကို
အလေး မထားခြင်းဟာ မတော်မတရားမှုဖြစ်ပါတယ်။
သို့သော် သက်ရှိလူသားပင် ဖြစ်သော်လည်း စနစ်တစ်ရပ်၊ အခြေအနေတစ်ရပ်မှာ
(လူ့)အဆင့်အတန်းက ရုပ်သိမ်းခံရပြီး တိရစ္ဆာန်ဘဝမျိုးနဲ့
မတော်မတရားပြုခံခဲ့ရတဲ့
ခေတ်ကာလများရှိခဲ့ကြောင်း သမိုင်းကြောင်းအရ
တွေ့ရှိရပါတယ်။
ဥပမာ – ကျေးပိုင်ကျွန်ပိုင်ခေတ်မှာ လူအချို့ဟာ ကျေးကျွန်ဘဝရောက်နေရင်
လူစင်စစ်ဖြစ်သော်လည်း ဥပဒေအရ လူအဖြစ်အသိအမှတ်ပြု မခံရတော့ပါဘူး။
ကျွန်ပိုင်ရှင် အာဏာပိုင်တွေရဲ့ရိုက်နှက်၊ သတ်ဖြတ်၊ အဓမ္မစေခိုင်း၊
လွှဲပြောင်းရောင်းချ တာခံကြရပါတယ်။ သူတို့မှာ လူ့အခွင့်အရေး မရှိတော့ပါဘူး။
တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံခံကြရတဲ့ဘဝပဲ ရှိခဲ့ပါတယ်။ အလားတူပဲ
သက်ဦးဆံပိုင်စနစ်၊ အာဏာရှင်စနစ်အောက်မှာလည်း အချို့သော
လူမျိုးနွယ်
စုတွေကို လူ့အဆင့်က နိမ့်ချပြီး ကျေးကျွန်၊ တိရိစ္ဆာန်တွေလို
ပြုမူဆက်ဆံ၊
အစုလိုက်အပြုံလိုက် အဆိပ်ငွေ့နဲ့ သတ်ပစ်ခဲ့တဲ့ သမိုင်းတွေလည်း
တွေ့
ရပါတယ်။ အလားတူပဲ စစ်ရှုံးနိုင်ငံက လူတွေအပေါ် စစ်နိုင်သူတွေ ပြုမူတာ၊
စစ်အုပ်ချုပ်ရေး၊ မာရှယ်လော၊ စစ်အာဏာရှင်စနစ်အောက်မှာ ရှိတဲ့
လူသားစစ်စစ်များဟာ လူအဖြစ်က လျော့ကျခဲ့ရတယ်။
ကမ္ဘာပေါ်က အချို့ဒေသတွေမှာ အုပ်ချုပ်ခံ လူတန်းစား ပြည်သူတွေဟာ
လူ့အခွင့်အရေးဆိုတာကို သိခွင့်၊ သင်ယူခွင့်၊ ပြောဆိုခွင်၊ တောင်းဆိုခွင့်
မရှိခဲ့တာတွေရှိခဲ့ပါတယ်။ သူတို့နိုင်ငံက ကျောင်းသုံးပညာရေး
စာအုပ်
တွေမှာလည်း လူ့အခွင့်အရေး ပြဋ္ဌာန်းချက်တွေကို ဖြုတ်ထားခဲ့ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်းကို လက်ထဲမှာတွေ့ရင်တောင်
ထောင်ဒဏ်အပြစ်ပေးခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အစိုးရက ပြည်သူတွေကို
လူအဖြစ်အသိအမှတ်ပြုတာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။
ဒီဥပဒေကို ဖျက်ဆီး၊ ရပ်ဆိုင်း၊ လျစ်လျူရှုထားခဲ့တဲ့ ကာလနှစ်ပေါင်းများစွာ
ရှိတတ်ပါတယ်။ အဲဒီ နိုင်ငံက လူတွေဟာ သက်ရှိလူသားစင်စစ်ဖြစ်သော်လည်း
ဥပဒေအရ
လူ့အခွင့်အရေး မရှိကြပါဘူး။
ဒါပေမဲ့ အုပ်ချုပ်သူတွေရဲ့ ပါးစပ်က ပြဋ္ဌာန်းတဲ့ အမိန့်တွေကြောင့်
တာဝန်မျိုးစုံ၊
အတင်းအဓမ္မ စေခိုင်းသမျှ လုပ်နေရတဲ့ အခါ ကာလများသည်
ရှိနေတတ်ပါတယ်။
ဒါကြောင့် လူဟုတ်မဟုတ်ကို သူ့မှာ ကမ္ဘာက အသိအမှတ်ပြုတဲ့
အခွင့်အရေးနဲ့
တာဝန်တွေ ခံစားခြင်းရှိ၊ မရှိနဲ့ တိုင်းတာပြောဆိုရပါတယ်။
တိရစ္ဆာန်တွေအကြောင်းနဲ့ ယှဉ်ပြီး လူအကြောင်း ရှင်းပြချင်ပါတယ်။
တိရစ္ဆာန်တွေဟာ သဘာဝအရလည်းကောင်း၊ ဥပဒေအရလည်းကောင်း လူမဟုတ်ပါဘူး။ ဥပမာ –
ငါးကန်ထဲက ငါးခိုးခံရတယ်။ ငါးကန် အဆိပ်ခတ်ခံရတယ်။ ခွေးပျောက် တယ်။
သတ်စားခံရတယ်။ ကြက်ခိုးသတ်တယ်။ နွားခိုးခံရတယ်ဆိုတာဟာ တိရစ္ဆာန်များကို
ထိပါးတာ မှန်ပေမယ့် တိရစ္ဆာန် များရဲ့ အခွင့်အရေးကို ထိပါးတာ မဟုတ်ပါဘူး။
သူတို့မှာ သူတို့အကျိုးစီးပွားအတွက် အခွင့်အရေးနဲ့ တာဝန်မရှိကြပါဘူး။
သူတို့ကို
ပိုင်ဆိုင်တဲ့ ပိုင်ရှင်(လူ)ကို နွယ်ပြီး ပိုင်ရှင်ရဲ့
အခွင့်အရေးကို ထိပါးစေတာဖြစ်ပါတယ်။
ထို့ပြင် ခွေးကိုက်တာ၊ ဝက်ဝံကုတ်တာ၊
ကြောင်ကိုက်တဲ့ကိစ္စမှာ ဒီတိရစ္ဆာန်တွေမှာ
ဘာတာဝန်မှ မရှိပါဘူး။ သူတို့ကို
ပိုင်ဆိုင်တဲ့(လူ)ကိုနွယ်ပြီး ခွေးပိုင်ရှင်၊ ဝက်ဝံပိုင်
ရှင်တွေမှာ
တာဝန်ရှိလာခြင်းဖြစ်ပါတယ်။ တိရစ္ဆာန်အပေါ် ပြုမူတာ၊ တိရစ္ဆာန်က
ပြုမူတာမှာ
ဥပဒေက ဘာတာဝန်၊ ဘာအခွင့်အရေးမှ အသိအမှတ်မပြုပါဘူး။
တောထဲမှာနေတဲ့
တောရိုင်းတိရစ္ဆာန်တွေမှာ ဘာတာဝန် ဘာအခွင့် အရေးမှ မရှိသလိုပေါ့။
ဥပဒေဟာ လူတွေရဲ့ အကျိုးစီးပွားအတွက်သာ ပြုလုပ်ထားတာဖြစ်တယ်။
နိမ့်ကျတဲ့သတ္တဝါတွေ အကျိုးစီးပွားအတွက် လုပ်ပေးမထားဘူး။ ကြက်မှုတက္ကသိုလ်၊
နွားကောလိပ်၊ ဆိတ်ဆေးတက္ကသိုလ်၊ ကြောင်ဆရာအတတ်သင်ကောလိပ်၊
မျောက်ပညာရေးကောလိပ်၊ ငှက်အဝေးပျံတက္ကသိုလ်၊ လဒယဉ်ကျေးမှုတက္ကသိုလ်
ဆိုတာမျိုး
မရှိဘူး။ လူ့လောကအတွက် အသုံးချဖို့ တိရစ္ဆာန်မွေးမြူရေးနှင့်
ကုသရေး
တက္ကသိုလ် ဆိုပြီး လူအကျိုးစီးပွားအတွက် သင်ကြားပေးတာပါ။
လူရဲ့တာဝန် ဆိုတာ ဥပဒေပြုအဖွဲ့က ဥပဒေနဲ့ သတ်သတ်မှတ်မှတ်
ပြဋ္ဌာန်းပေးထားတဲ့၊
မဆောင်ရွက်လျှင် မရတဲ့ တာဝန်ကို ပြောတာပါ။ သို့သော်
အာဏာရှင်ရဲ့အောက်မှာ
နေရတဲ့လူတွေဟာ အာဏာရှင်ခိုင်းသမျှ ဥပဒေမဲ့ အမိန့်တာဝန်
တွေကို ငြင်းပယ်ခွင့်၊
ပျက်ကွက်ခွင့်မရှိဘဲ လိုက်နာလုပ်ဆောင်ရတတ်ပါတယ်။
ဥပမာ – သမီးတော်
ဆက်သရမယ်။ ကျွန်(၂ဝ)ပို့ပေး။ ပေါ်တာ(၂ဝ)လိုတယ်။
လုပ်အားပေး(၁ဝဝ)လွှတ်ပါ။ လက်အုပ်ချီပြီးပြောပါ။ ကော်ဇောနီခင်းကြိုပါ။
ဒူးထောက် လာပါ။ အိမ်ပြင် မထွက်နဲ့။
ဘယ်အရပ်ဒေသ မနေရ။ ဒီမြေဟာ ငါတို့မြေ၊
ငါတို့အုပ်ချုပ်နေတာ။ ဒီရုပ်ပုံမဆွဲရ။
ခေါင်းဆောင်ကို မင်းတို့ရွေးစရာ
မလိုဘူး။ တိုင်ရဲရင်တိုင်၊ တိုင်တဲ့လူဖမ်းကွာ။
စိတ်နဲ့တောင် မပြစ်မှားနဲ့။
အိမ်တိုင်းကြက်ဆူပင်(၁ဝ)ပင်စိုက်။ မပျက်မကွက် လှူရန်
အမိန့်ပေးလိုက်သည်။
လှူဒါန်းရန် ပျက်ကွက်က သင့်တာဝန်ဖြစ်သည်။ စတာတွေ
ကြားရတတ်ပါတယ်။ ဒါတွေဟာ
ဥပဒေက သတ်မှတ်တဲ့ တာဝန်တွေ မဟုတ်ပါဘူး။
လူကို တိရစ္ဆာန်နဲ့ ခွဲခြားထားတာက ဥပဒေအရ အခွင့်အရေးနဲ့တာဝန်ရှိ/မရှိ
ဖြစ်တယ်။
လူရဲ့အခွင့်အရေးကို ကမ္ဘာ့ ကုလသမဂ္ဂက ကြေညာတယ်။ နိုင်ငံတွေက
လိုက်နာပါမယ်လို့ လက်မှတ်ထိုးကြရတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ ဥပဒေထဲမှာပါတဲ့
နိုင်ငံသားများ အခွင့်အရေးဟာ ကန့်သတ်ချက်တွေနဲ့ ရေးထားတဲ့အခါမှာဖြစ်စေ၊
ဒီဖွဲ့စည်းပုံကို ဖျက်သိမ်းပစ်လိုက်တဲ့အခါမှာ
ဖြစ်စေ
သက်ရှိလူသားရဲ့လူ့အဆင့်ဟာ လျော့ကျသွားပါတော့တယ်။
ဒါတွေဟာ ဥပဒေထဲက လူအကြောင်း ဖြစ်ပါတယ်။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
http://lawyerutunkyi.wordpress.com/2013/10/22/%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%91%E1%80%B2%E1%80%80%E1%80%9C%E1%80%B0/