.

AlinShin

Wednesday, January 28, 2015

မြန်မာပြည်၏ လွဲမှားနေသော ပညာရေးစနစ်ကို ဂျာမန်ပညာရှင်မှဝေဖန်ထောက်ပြ


မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် စာမေးပွဲစနစ်နှင့် အလွတ်ကျက်စနစ်မှာ လုံးဝမှားယွင်းနေကြောင်း ဂျာမနီနိုင်ငံမှ ပညာရေးနည်းစနစ်များနှင့် လေ့ကျင့် သင်ကြားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Ewald Roland Bau-mann-Farkas က ပြောကြားသည်။

ဇန်န၀ါရီ ၂၅ ရက်နေ့ မွန်းလွဲ၁ နာရီက မန္တလေးမြို့စွမ်း ဟိုတယ်တွင် မြန်မာ့ပညာရေးအပြောင်းအလဲအပေါ် နိုင်ငံတကာပညာရှင်များနှင့် ကိုယ်ပိုင်ကျောင်းများ၏ ရှုထောင့်အမြင်များဆွေးနွေးပွဲ၌ ဂျာမန်ပညာရှင်တစ်ဦး တက်ရောက်ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

စာမေးပွဲစစ်ခြင်းသည် ကလေးငယ်များအတွက် မလိုလားအပ်သည့် စိတ်ဖိစီးမှုနှင့် ငွေကုန်ကြေးကျမှုဖြစ်ပေါ်စေကြောင်း၊ အဆိုပါ ကုန်ကျမည့်ငွေကြေးများကို တစ်နှစ်ပတ်လုံးပညာသင်ပေးရန်နှင့် ၎င်းတို့၏ အရည်အချင်းများကို အကဲဖြတ်ရန် အသုံးပြုသင့် ကြောင်း၊ စာမေးပွဲစနစ်နှင့် အလွတ်ကျက်မှတ်ခြင်းစနစ်ကို မိမိ တစ်ဦးတည်း အမြင်ဖြင့် လုံးဝမှားယွင်းနေသည်ဟု ထင်ပါကြောင်း Mr. Ewald Roland က ပြောသည်။ ဂျာမနီနိုင်ငံတွင် ကလေးများကို စာအလွတ်ကျက်မှတ်ခိုင်း ခြင်းမရှိကြောင်း၊ ၎င်းသာ မြန်မာနိုင်ငံ၏ ပညာရေးဝန်ကြီးဆိုပါက စာအလွတ်ကျက်မှတ်ခိုင်းခြင်းကို လုံးဝရပ်ဆိုင်းပစ်မည်ဖြစ်ကြောင်း Mr. Ewald Roland က ဆိုသည်။ ‘‘တိုင်းပြည်ထဲမှာရှိတဲ့ ကလေးတွေကို ပညာသင်ကြားပေးမှုဆိုင်ရာ အောင်မြင်မှုတွေနဲ့ပဲ တိုင်းပြည်တစ်ခုရဲ့ အနာဂတ်ဟာ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ တိုင်းတာလို့ရပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မိမိတို့နိုင်ငံတွင် ၀င်ခွင့်စာ မေးပွဲလည်းမရှိသကဲ့သို့ နောက်ဆုံးနှစ်ကုန်တွင် စာမေးပွဲစစ်ခြင်းမျိုးလည်းမရှိကြောင်း၊ ကလေးငယ်များ၏ စွမ်းဆောင်ရည်များကို တစ်နှစ်လုံးစောင့်ကြည့်ပြီး ပြဿနာများ ကိုယ်တိုင်ဖြေရှင်းခိုင်းကာ မလုပ်နိုင်လျှင် ကူညီပေးကြောင်း၊ စာမေးပွဲကျသည်ဆိုသည်မျိုးမရှိအောင် လုပ်ဆောင်ပေးကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့် ကလေးငယ်များ ကျောင်းထွက်နှုန်းနည်းပါးပြီး ပညာတကယ် တတ်မြောက်သည့် လူဦးရေက များနေကြောင်း၊ ပညာတတ်သူ များပြားသည့်အတွက် နိုင်ငံအောင်မြင်ရကြောင်း၊ Mr. Ewald Roland က ပြောသည်။

ထို့အပြင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲစစ်ခြင်းကိုလည်း ဖျက်သိမ်းသင့်ကြောင်း၊ ကလေးတစ်ဦးကို ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညာရှင်တစ်မျိုးမျိုးဖြစ်ရန် စာမေးပွဲစစ်ခြင်းဖြင့် မသိရှိနိုင်ကြောင်း၊ တစ်နှစ်ပတ်လုံးလုပ်ခဲ့သည့် စွမ်းဆောင်ရည်များ ကြည့်ကာ အကဲဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မိမိတို့နိုင်ငံတွင် အလုပ်သင် ကျောင်းများရှိပြီး မည်သည့်ပညာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူမဆို သုံးနှစ်တိတိ သင်တန်းပေးကြောင်း၊ လုပ်ငန်းခွင်ထဲတွင် ထည့်ပေးပြီး အလုပ်လုပ်ရင်း သင်ကြားပေးသည့် စနစ်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ပေးမှသာ တကယ်အလုပ်လုပ်တတ်သည့် လုပ်သားအင်အားစု ရှိလာမည်ဖြစ်ပြီး တိုင်းပြည်အောင်မြင်မှုအတွက်အလွန်အရေးကြီးကြောင်း Mr. Ewald Roland က ပြောကြားခဲ့သည်။
7 Day Daily

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget