Monday, December 8, 2014
ကျိုက်ထီးရိုးဘုရားဖူးခြင်းနှင့် စပ်ယှဉ်သော ဒုက္ခသည်များ
ဘုရားဖူးရခြင်းကို မဟာပရိနိဗ္ဗာနသုတ္တန်တွင် နတ်ပြည်လားရောက်စေနိုင်သော
ကုသိုလ်တစ်ပါးဟု ဆိုသည်။ ဒီလိုဘုရားဖူးမျိုးကိုတော့ အန္တရာယ်နှင်ယှဉ်သော
စိတ္တ၀ိဝေကင်းမဲ့သော ဘုရားဖူးရခြင်းဟုသာ အလင်းရှင်ရှု့မြင်သုံးသပ်မိသည်။`
ဒီဇင်ဘာ ၇၊ ၂၀၁၄
မြန်မာပြည်တွင် အနောက်တိုင်းယဉ်ကျေးမှုကဲ့သို့ အားလပ်ရက်ယူ၍ အပန်းဖြေခရီး
ထွက်ခြင်းဆိုသည်မှာ ခိုင်ခိုင်မာမာအစဉ်အလာမရှိပေ။ ဘုရားဖူးခြင်း၊ ဆွေမျိုးသား
ချင်းများရှိရာအလည်သွားခြင်း တို့ကိုသာ အပန်းဖြေခရီးသဖွယ်ပြုလုပ်ခဲ့ကြ၏။
သို့သော် လူကိုစက်ရုပ်ကဲ့သို့မောင်းနှင်စေသော ရုံးပြင်ကနားအလုပ်၊ စက်ရုံအလုပ်
တို့ပို၍ပို၍ တိုးပွားသည်ထက်တိုးပွားလာသည့် အရင်းရှင်စနစ် အထွတ်အထိပ်ရောက်ပြီး
အချိန်ရှားပါးလာသောခေတ်ကြီးတွင် အပန်းဖြေခရီးဆိုသည်မှာ လူအများအပြားအတွက် မရှိမဖြစ်လိုလာဟန်ရှိ၏။ ယဉ်ကျေးမှုတို့ စိမ့်ဖောက်ပျံ့နှံ့သော ကမ္ဘာ့ရွာထဲ မြန်မာသည်
လည်း ပါသွားဟန်ရှိ၏။
ထိုသို့ဖြင့် စာရေးသူသည် လွန်ခဲ့သည့်ဇန်န၀ါရီလတွင် မိမိဇနီး၊ ယောက္ခမ၊ မရီး၊ ခဲအို၊
ဆယ်နှစ်အရွယ် တူမလေးတစ်ဦးနှင့် ရန်ကုန်မြို့မှ မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ ကျိုက်ထီး
ရိုးဘုရားရှိရာသို့ ဘုရားဖူးထွက်ခဲ့လေသည်။
ဘုရားဖူးပြီးအပန်းဖြေမည်ဆိုသော မျှော်လင့်ချက်ဖြင့် ခရီးထွက်ခဲ့သော်လည်း
မြန်မာလူမျိုး အများအပြား၏ ထုံးစံအတိုင်း သွားရမည့်ခရီးအတွက် သေချာစွာ
စနည်းနာခြင်း မရှိခဲ့သောကြောင့် ဒုက္ခတွေသာ တန်းစီတိုးရလေတော့သည်။
ရန်ကုန်မှကျိုက်ထီးရိုးတောင်ခြေသို့ရောက်လျှင် တောင်ခြေမှ မည်သည့်ကား
မည်သည့်အချိန် တောင်ပေါ်သို့တက်မည်၊ ပြီးလျှင်မည်သည့်နေရာတွင်တည်း
ခိုကြမည်ကိုသေချာလေ့လာခြင်းပြင်ဆင်ခြင်းမရှိခဲ့။ ရင်ပြင်ပေါ်တွင်သာအိပ်မည်၊
သို့တည်းမဟုတ် ဘုန်းကြီးကျောင်းတွင်တည်းမည်၊ အဆင်ပြေသလို
စားသောက်မည် ဟူသော အတွေးသာရှိခဲ့သည်။
ပြင်ဆင်ခဲ့သည်ဆိုသောအရာမှာ ရန်ကုန်မှထွက်ရန် ကားလက်မှတ်ဖြတ်ခဲ့ခြင်းသာ
ရှိ၏။ ထို့ကြောင့် ဘုရားဖူးကားစီးရန် စာရေးသူနေထိုင်သော ရန်ကုန်၊ စစ်ချောင်းမြို့ရှိ
မြေနီကုန်းလမ်းဆုံ ဒဂုံစင်တာ (၂) ရှေ့သို့ မိသားစုနှင့်အတူ ယခုနှစ် ဇန်န၀ါရီလ ၎
ရက်နေ့ လွပ်လပ်ရေးနေ့ရုံးပိတ်ရက် ည ၇ နာရီခန့်တွင် သွားရောက်စဉ် တွေ့လိုက်
ရသောမြင်ကွင်းမှာ ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင်တစ်ည
ရန်ကုန်ဆူးလေ ဘတ်စ်ကားဂိတ်တွင် မိုးထစ်ချုန်းရွာချိန် ရာနှင့်ချီသော လုအုပ်ကြီး
ဘတ်စ်ကားမရသဖြင့် အတိဒုက္ခရောက်ကြရပုံနှင့် တူသည်ဟုတွေးမိပြီး
စိတ်ထဲတထင့်ထင့်ဖြစ်မိ၏။
ဆောင်းရာသီသည် ရန်ကုန်အားနှုတ်ဆက်ထွက်ခွာခဲ့သည်မှာ ဆယ်စုနှစ်
တစ်ခုကျော်ကြာမြင့် လာပြီဖြစ်သော်လည်း ဒီဇင်ဘာအကူး ဇန်န၀ါရီလဆန်း၏
ဝိုးတိုးဝါးတားဝဲခိုလာသော အအေးဓာတ်ကိုအကြောင်းပြု၍ အနွေးထည်ကိုယ်စီ၊
လည်စီး ကိုယ်စီ၊ အများအပြား ဂျင်းဘောင်းဘီမျိုး ဝတ်ထားသော၊ ရာနှင့်ချီသော
လူအုပ်ကြီး ဒဂုံစင်တာရှေ့ စင်္ကြန်တစ်လျှောက် ပြည့်နှက်နေသည်။
ထိုသူတို့အများစုသည် မိရိုးဖလာဘုရားဖူးထွက်သည့်ပုံမဟုတ်၊ တကယ်ကို
တစ်နှစ်တာပင်ပန်းသမျှ လုပ်ငန်းခွင်မှအနားယူကာ အပန်းဖြေမည်၊ မိသား
စုနှင့်ပျော်ရွှင်စွာအချိန်ကုန်မည်ဟု အားခဲထားသည်မှာ ၄င်းတို့၏မျက်နှာပေါ်
တွင် အတိုင်းသားပေါ်နေ၏။
လေအေးစက်တပ် ဘုရားဖူးမှန်လုံယာဉ်ကြီးများ အစီးပေါင်းများစွာ ဆိုက်လာ
ခဲ့သော်လည်း စင်္ကြန်ပေါ်ရှိလူအုပ်မှာလျော့သွားသည်မရှိ။ ထပ်၍ထပ်၍
ရောက်လာသော ဘုရားဖူးခရီးသည်များသည်သာ ရိုးတိုးရွတဖြင့် လက်မှတ်ဖြတ်
ထားသည့် ကားရောက်လာမည့်အရေးကို တမျှော်မျှော်တငေးငေးစောင့်နေကြသည်။
တစ်နာရီကျော်နီးပါး မိမိတို့မိသားစုစောင့်ပြီးသကာလ လက်မှတ်ဖြတ်ထားသော ရွှေကြေးစည်အမည်ရဘုရားဖူးယဉ်ရောက် လာသည်နှင့် ရန်ကုန်မှ ထွက်ခွာခဲ့သည်။
ကျိုက်ထီးရိုးတောင်ခြေရောက်သည်တွင် မနက်တစ်နာရီကျော်ရှိပြီဖြစ်ရာ
စားသောက်ဆိုင်တစ်ခုတွင် ခရီးတစ်ထောက်နား၍ တရေးတမောမှေး၊ မနက်စာစားသောက်ပြီးမှတောင်ခြေမှရင်ပြင်သို့တက်သည့်ကားဂိတ်သို့
သွားရောက်ခဲ့သည်။
ကျိုက်ထီးရိုးတောင်မှာ တောင်ချိုးတောင်ကွေ့များ မက်စောက်လွန်းလှသည့်
အတွက် တောင်တက် ခရီးစဉ်တွင် ကျိုက်ထီးရိုးဂေါပကအဖွဲ့က တရားဝင်သတ်
မှတ်ထားသည့် အရှည် ၂၀ ပေခန့်ရှိ လိုက်ထရပ်ကားများဖြင့် သာတက်ရောက်
ခွင့်ရှိသည်။
အချိန်မှာမနက် ၆ နာရီခွဲ။ တောင်တက်ကားဂိတ်တွင် တောင်ပေါ်မှပြန်ဆင်းလာပြီး
ဂိတ်ထဲသို့ဝင်လာသည့် ကားများပေါ်သို့ ထောင်ဂဏန်းမျှရှိသော လူအုပ်ကြီးထဲမှ
လူအများအပြား လွှားခနဲလွှားခနဲ တွယ်တက်နေကြသည်။
တိုးဝှေ့လုယက်တက်နေသည့် လူအုပ်ထဲတွင် ဆယ်ကျောက်သက် အမျိုးသမီး
ငယ်များ လည်းပါဝင်သလို သက်ကြီးရွယ်ကြီးများနှင့် ကလေးငယ်များလည်း
ပါဝင်သည်။ ကားပေါ်ရောက်ပြီး သူများက ကားအောက်မှ ခရီးသည်ကိုမရမကဆွဲ
တင်ခေါ်နေကြသည်မှာ ဘုရားဖူးခရီးမဟုတ်ဘဲ ငရဲပြည်ခရီးဟုပင်ခံစားရ၏။
ပုံမှန်အားဖြင့် ကားဂိတ်မှ ရောင်းချသောလက်မှတ်များဖြင့် ထိုကားများပေါ်သို့
တက်ရမည် ဖြစ်သည်။ သို့သော်လည်း ကားလက်မှတ်မ၀ယ်တော့ဘဲ
လုယက်တိုးဝှေ့နေကြ၏။
ကားလက်မှတ်ကိုင်ထားသူတို့က ကားဂိတ်ရုံးသို့သွားပြီး မည်သို့ စီစဉ်ပေးမည်လဲဟု
အရေးဆိုရာ တာဝန်ရှိသူများက သူတို့လည်း ဘာမျှမတတ်နိုင် ဟူသော အဖြေသာ
ထွက်လာ၏။
ထိုအချိန်တွင်တောင်ပေါ်သို့ရောက်ပြီး ပြန်ဆင်းလာသူများက ကားဂိတ်ရှိခရီး
သည်များကို တောင်ပေါ်သို့မသွားကြပါနှင့်၊ တောင်ပေါ်တွင် နေစရာမရှိ
စားစရာနတ္ထိ ရင်ပြင်တစ်ခုလုံး ဘုရားဖူးများနှင့် ပြွတ်သိပ်နေသည်ဟု
သတင်းစကားပါးလာ၏။
အမှန်မှာ ထိုသတင်းစကားကို ဘုရားဖူးဂေါပကအဖွဲ့က တရားဝင် အသိပေး
သင့်သော ကိစ္စဖြစ်သည်၊သို့သော် ရန်ကုန်မှ တဖွဲဖွဲ ရောက်၍လာသော
ခရီးသည် မည်သူ့ကိုမှ အကြောင်းကြားသတိပေးခြင်းမရှိ၊ အသံချဲ့စက်မှ
ထွက်လာသည်မှာ မည်သူသည်လူစုကွဲသွားပြီး မည်သည့်နေရာတွင်
ရောက်ရှိနေကြောင်း ဟူသော လူပျောက်ကြော်ငြာများသာ ဖြစ်၏။
မသွားကြပါနှင့်တော့ဟု အကြံပေးမှုများရှိသော်လည်း တကူးတက ရန်ကုန်မှ
လာပြီး (အချို့မှာ နိုင်ငံခြားအလုပ်များမှ ခွင့်ယူပြန်လာပြီး) လာရကျိုးနပ်အောင်
တောင်ပေါ်ကို မဖြစ်ဖြစ်တဲ့နည်းဖြင့် တက်ရမည်ဟူသော ဇောအဟုန်တို့
ပြင်းထန်နေသည်ဖြစ်ရာ သိကြားမင်း ဆင်းတားလျှင်လည်းတား၍
ရနိုင်မည်မထင်။
သို့ဖြင့် ကား၍မတက်နိုင်သည့်တိုင် ခြေလျင်တက်မည်ဟူ၍ဆုံးဖြတ်ပြီးမိသား
စုခြေလျင် ခရီးကိုတက်ခဲ့သည်။ မိမိတို့နည်းတူ ခရီးသည်ပေါင်းမြောက်မြား
စွာသည်လည်း တောင်တက်ကားမရသဖြင့် ခြေလျင်သာတက်ကြရ၏။
သို့ရာတွင် လမ်းတစ်လျှောက် ခနော်နီခနော်နဲ့ ၀ါးတဲများမှလွဲ၍ နားခိုစရာမရှိ၊
စားသောက်ဆိုင်ဟူ၍လည်း မယ်မယ်ရရမရှိ။ တောင်တက်ရမည်ကို မထင်
မှတ်ထားသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခြင်းမရှိကြသည့်အတွက်
တောင်တက်ခရီးသည် မွန်းတည့်နေခေါင်းပေါ်သို့ ရောက်လာချိန်တွင်
တောင်တက်သူများမှာ ဒယိမ်းဒယိုင်ဖြစ်လာ၏။
လူငယ်များပင် အထုပ်အပိုးတို့ကို ၀ါးတောင်ဝှေးများဝယ်၍တံစို့ထိုးပြီး
ပခုံးတွင်လွယ်ကြ၏။ စုံတွဲများ ခေါင်းချင်းဆိုင် ဆောင့်ကြောင့်ထိုင်၍
တောင်ကမ်းပါးရံတွင် ဖုန်လူးနေသောကျောက်တုံးများပေါ်တွင်
တစ်ထောက်နားနေကြသည်။
အသက် ၆၀ ကျော် စာရေးသူယောက္ခမသည်လည်း သားသမီးများကိုလက်တွဲ၊
ဓာတ်ဆားရေငုံပြီး တရွေ့ရွေ့တက်ခဲ့ရာ၊ နေ့လည် ၂ နာရီတွင်မှ
ဘုရားရင်ပြင်သို့ရောက်၏။
အဝေးမှရင်ပြင်ကိုစမြင်လိုက်သည်နှင့် ကပ်ဘေးကြီးတစ်ခု ကျရောက်နေသည်
ကိုတွေ့မြင်ရမည်ဖြစ်၏။ စင်္ကြန်ပေါ်သို့တက်မည့်လှေကားအဆင့်ဆင့်တိုင်းတွင် လူများလှဲလျောင်းအနားယူနေကြ၏။ ထိုအခြေအနေတွင် တိုးဝှေ့သွားရစဉ်
လူအုပ်ကြီး၏ခြေထောက်များကြား ကလေးဖိနပ်တစ်ရံ၊ လူကြီးဖိနပ်တစ်ရံ
စသည်ဖြင့်တွေ့ရ၏။
ရင်ပြင်ပေါ်ရောက်သည်တွင် ဘုရားဖူးများပြည့်ကြပ်နေသည်မှာ ကျိုက်ထီးရိုး
ဘုရားကိုပင် ရေးရေးမှမမြင်ရ။
ထိုစဉ် တောင်ပေါ်သို့ ပစ္စည်းထမ်းသည့်အထမ်းသမားမှ ရိုးရိုးလေးဟုခေါ်သော ရင်ပြင်ပေါ်ရှိဟိုတယ်တွင်အခန်းရှိသည်၊ မြန်မြန်ယူမှ အခန်းရမည် ဆိုသောကြောင့် ထိုဟိုတယ်ရှိရာသို့ချီတက်ခဲ့သည်။
“တစ်ခန်းကို ကျပ်နှစ်သိန်းပါ၊ အဲကွန်းပါတယ်” ဟု ဟိုတယ်ဝန်ထမ်းက ဆိုသည်။
ရင်ပြင်ပေါ်တွင်လည်း မည်သည့်နေရာမျှပင် လဲလျောင်းရာမရှိ၊ ရင်ပြင်နှင့်မနီးမဝေးရှိ ကျိုက်ထိုဟိုတယ်တွင်လည်း အခန်းမရနိုင်သဖြင့် မြန်မာငွေတစ်ည လေးငါးသောင်းမျှ
သာ ကျသင့်သော တည်းခိုခန်းသာ သာရှိသောအခန်းအား နှစ်သိန်းယူသည့် မရိုးသော ရိုးရိုးလေးဟိုတယ်တွင်သာ တစ်ညတာ တည်းခိုလိုက်ရသည်။
ညသန်းခေါင်ယံလူခြေတိတ်ချိန် ဟိုတယ်မှဘုရားဆီသို့ ဘုရားဖူးရန်သွားရာ
ရင်ပြင်ပေါ်တွင် စောင်များဖြင့်လုံးထွေးပြီး အတုံးအရုံးအိပ်နေသော လူပင်
လယ်ကြီးကိုတွေ့ရ၏။ တောင်တက် ၀ါးတောင်ဝှေးများကို ဒေါက်ထောက်ပြီး
ပါလာသောစောင်ဖြင့် တစ်ပေခွဲအမြင့်မျှ အမိုးမိုးထားပြီး အိပ်စက်နေသူများ
လည်းတွေ့ရသည်။
ထိုအချိန်တွင်ပင် ဘုရားဖူးချင်သော လူအုပ်မှာများပြားလှသဖြင့် ရှေ့ရောက်နှင့်
နေသောသူများမှာ အမွှေးတိုင်တထွေးလိုက်ထွန်းပြီး အဆင်ပြေသလိုချန်ထားရစ်ကာ
ဘုရားမှမြန်မြန်ထွက်ခွာကြရ၏။
ဖယောင်းတိုင်များ မီးဟုန်းဟုန်းတောက်အရည်ပျော်၊ အမွှေးတိုင်များ တလူ
လူမီးခိုးထွက်နေ၏။ ဖယောင်းစများ၊ အမွှေးတိုင်များမှကျန်ခဲ့သည် ကြက်သွေး
ရောင်ဝါးချောင်းများနှင့် ပလပ်စတစ်စများသည် ကျိုးထီးရိုးဘုရား၏ ဆယ်ပေ
ပတ်လည်မျှသာ ကျယ်ဝန်းသည့်နေရာရှေ့တွင်ပလူပျံနေပြီး၊ ၀တ်ပြုရာနေရာသည်
မီးခိုးနံ့များညှော်တူးနေသည့် စွန့်ပစ်ပစ္စည်းမီးရှို့ရာ တစပြင်သဖွယ်ဖြစ်နေလေသည်။
ဘုရားဖူးထဲမှ အမျိုးသမီးနှစ်ဦးက ထိုအမှိုက်များကို စိတ်ရှည်လက်ရှည်သန့်ရှင်းရေး
လုပ်နေသည်ကိုလည်း တွေ့ရ၏။
ဘုရားဖူးပြီးသည်နှင့် လူပင်လယ်ကြီးနိုးမထလာခင် တောင်ပေါ်မှ ကားဖြင့်
ဆင်းနိုင်ရန် ရင်ပြင်ပေါ်မှပြန်ဆင်းရာ၊ မိမိကဲသို့ အလားတူ စိုးရိမ်နေသူများ
လည်း ဘုရားကို တဒင်္ဂမျှသာဖူးပြီး ကားဂိတ်များဆီသို့ အသုတ်လိုက်အသုတ်
လိုက် ခပ်သော့သော့ ဆင်းလာနေသည်ကိုတွေ့ရသည်။
ကားဂိတ်သို့ရောက်ရာ ကံကောင်းထောက်မစွာဖြင့် နေရာရ၍အိမ်ပြန်နိုင်ခဲ့သည်။
ခရီးသည်အချို့ ပြောပြချက်အရ လူအုပ်ထဲတွင် တိုးဝှေ့မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးသည်ဟုလည်းကောင်း၊ အချို့သောခရီးသည်များ ခါးပိုက်နှိုက် ခံရသည်ဟု
လည်းကောင်း ကြားသိရ၏။
တောင်ပေါ်တွင်လူတွေပြွတ်သိပ်နေသည်၊ မတက်သင့်ဟူသော အကြံပေးချက်
များကို ယခုမှအမှတ်ရပြီး လူတို့သည် ဒုက္ခရှိပါသည် ဟုတစ်ဦးတစ်ယောက်က
မည်မျှပင်ပြောပါစေ ကိုယ်တိုင်မခံစားရလျင် ထိုဒုက္ခကိုကြောက်သည့် စိတ်
ကင်းမဲ့တတ်ကြ၏ဟု အပြန်လမ်းတွင် စဉ်းစားမိသည်။
ထို့ပြင် ဤခရီးတွင်ဆိုးဆိုးဝါး ယခုအခြေအနေ ကျရောက်နေသည်ကို သက်ဆိုင်ရာ
တာဝန်ရှိသူများက ဘုရားဖူးများကို ရန်ကုန်မှ ထွက်မလာခင် ကြိုတင်ပြောပြခြင်း အလျင်းမရှိသည်ကိုလည်းတွေ့ရသည်။
တာဝန်ခံမှု တာဝန်ယူမှုဆိတ်သုဉ်းနေသော ဤနိုင်ငံတွင် ခရီးမသွားခင်
အစစအရာရာ စနည်းနာနိုင်မှ တော်ကာကျမည်ဖြစ်ပြီး၊ ရှေးအစဉ်အလာ
အတိုင်း ရောက်သည့် နေရာမှကြည့်စီစဉ်မည်ဆိုလျှင် ပြည်တွင်းပြည်ပခရီး
သွားတိုင်း အပန်းမဖြေရဘဲ ဒုက္ခတွေသာဝေနေမည်ဖြစ်သည်။
===================
(ဓာတ်ပုံများ-ဦးသန့်ဇင်)
https://www.facebook.com/photo.php?fbid=1551549241728679&set=pcb.1551549365062000&type=1&theater
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment