အမေရိကန်ပြည်ထောင်စု၏ ဦးအောင်သောင်းပိုင်ဆိုင်မှုများကို
အထူးကန့်သတ်ပြီးနောက် ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သော
ယူနိုက်တက်အမရဘဏ်၌ စုဆောင်းအပ်နှံငွေများ ထုတ်ယူသူများပြား
================
ပြည်ထောင်စုနေ့စဉ် ၃ နိုဝင်ဘာလ ၂၀၁၄ တနင်္လာ ၀၈း ၁၀ နာရီ မေသူဖြိုး နန္ဒစည်သူ
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အကြံပေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန် ပြည်ထောင်စုက အထူးကန့်သတ်သည့် ပိတ်ဆို့မှု အမည်
မည်းစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက
အောက်တိုဘာ ၃၁ ရက် က ကြေညာခဲ့ပြီးနောက် ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သော ယူနိုက်တက်အမရဘဏ်၌ စုဆောင်းအပ်နှံငွေများ ထုတ်ယူသူ အလွန်အကျွံများပြားနေကြောင်း ယနေ့တနင်္လာမနက်ပိုင်းရရှိသော သတင်းများအရ
သိရသည်။
အမေရိကန်ပြည်ထောင်စု၏ ဦးအောင်သောင်းအပေါ် အထူးကန့်သတ်မှုများအား
သောကြာနေ့ကပြုလုပ်ခဲ့ခြင်းကြောင့် ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သော ယူနိုက်တက်အမရဘဏ်တွင်လည်း ငွေကြေးဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသော ငွေကြေးစုဆောင်းသူများမှာ စုငွေ အပ်ငွေများအား ပြန်လည်ထုတ်ယူ
လိုကြသော်လည်း ရုံးပိတ်ရက်ခံနေသောကြောင့် ယနေ့ တနင်္လာမနက်ပိုင်းတွင် ယူနိုက်တက်အမရဘဏ်ခွဲများရှေ့တွင် စုပြုံတန်းစီကာ ငွေပြန်လည်ထုတ်ယူရန်
တန်းစီနေကြကြောင်း ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ယူနိုက်တက်အမရဘဏ်များတွင် ယခုကဲ့သို့ စုဆောင်းအပ်နှံငွေများ အလုအယက်လာရောက်ထုတ်ယူမှုမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်ကြောင်းလည်း
သိရသည်။
ရန်ကုန်မြို့၊ အမှတ်(၁၂၆)၊ မြေညီထပ်၊ လသာလမ်းတွင် တည်ရှိသော လသာဘဏ်
ခွဲတွင် လာရောက်ငွေထုတ်ယူသူ ဦးအေးထွန်းအား ပြည်ထောင်စုနေ့စဉ်သတင်းထောက်မှ
မေးမြန်းခဲ့ရာတွင် "ချွေးနည်းစာလေးတွေဆိုတော့ မထုတ်လို့မဖြစ်ဘူးလေဗျာ၊ အမေရိကန်က ပြောရင် ပြောတဲ့အတိုင်း လုပ်တာ၊ အာရှဓနတို့ မေဖလားဝါးတို့ကို အမေရိကန်ပိတ်ပစ်တုန်းကလည်း ငွေ ထုတ်မရဖြစ်ကုန်ပြီး လူတွေ ဒုက္ခရောက်
ကုန်ကြတာ။ ဒီနေ့တောင် ထုတ်ပေးပါ့မလား မသေချာဘူး၊ ပြန်ထုတ်ပေးရင်တော့ ရင်ပူစိတ်ပူမခံနိုင်ဘူးဗျာ၊ ပြန်ထုတ်ယူသွားတော့မယ်" ဟုပြန်လည်ဖြေကြားခဲ့သည်။
အထက်ပါကဲ့သို့ ငွေကြေးထုတ်ယူလိုသူများ၏ ဆန္ဒနှင့်ပတ်သက်၍ ဘဏ်၏တုန့်ပြန်မှုသဘောထားအားသိလို၍ နေပြည်တော်ရှိ ယူနိုက်တက်အမရဘဏ်
ရုံးချုပ်သို့ ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်ခဲ့သော်လည်း မေးမြန်းသည်များကို
ပြန်လည်ဖြေကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
ယူနိုက်တက်အမရဘဏ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အကြံပေး၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ပိုင်
ဆိုင်သော ဘဏ်လုပ်ငန်းဖြစ်ပြီး နေပြည်တော်တွင် ရုံးချုပ်တည်ရှိကာ မြို့နယ်အသီး
သီးတွင် ဘဏ်ခွဲပေါင်း ၃၂ ခုထိ ဖွင့်လှစ်လုပ်ကိုင်နေသော ဘဏ်တစ်ခုဖြစ်သည်။
ယခင် စက်မှုဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် နေရာကိုရယူထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းမှာ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပျက်စီးစေရန် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ အကျင့် ပျက်လာဘ်စားမှုများ ဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသူဖြစ်သည့်အပြင်
အတိုက်အခံ ဒီမိုကရေစီအင်အားစုများကို နှိမ်နင်းရာတွင်လည်း ပါဝင်ပတ်သက်သူ
ဖြစ်နေခြင်းတို့ကြောင့် အမေရိကန်ပြည်ထောင်စုမှ ဦးအောင်သောင်းအပေါ် အထူးသီးသန့်ပိတ်ဆို့ကန့်သတ်မှုပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံညွှန်း - ယူနိုက်တက်အမရဘဏ် ရန်ကုန်ဘဏ်ခွဲတစ်ခုတွင် စုငွေအပ်ငွေပြန်ထုတ်ယူရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ်
ပြည်ထောင်စုနေ့စဉ် facebookwall

No comments :
Post a Comment