သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကတော့ စာနယ်ဇင်းသမားတွေကို နှောင်ကြိုးမဲ့ နိုင်ငံရေးသမားတွေလို့ တင်စားခဲ့တယ်။ စာနယ်ဇင်းသမားစစ်စစ်တွေဟာ ဘက်မလိုက်ဘဲ သတင်းတွေဆောင်းပါးတွေကို ဖြစ်ရပ်မှန်အတိုင်း ရေးသားဖော်ပြသူတွေလည်း ဖြစ်တယ်။
ဒါကြောင့် စာနယ်ဇင်းသမားတွေကို တစ်နေ့တာသမိုင်းကို ပြုစုနေတဲ့ ခေတ်ကြေးမုံပြင်တွေဖြစ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ပစ္စုပ္ပန်ဟာ မနက်ဖြန်ရောက်ရင် သမိုင်းဖြစ်သွားတယ်။ဒါကြောင့် စာနယ်ဇင်းတိုင်း ခေတ်သမိုင်းလို့လည်း အသိအမှတ်ပြုကြတယ်။
တကယ်တော့ စာနယ်ဇင်းသမားဆိုတာ ကလောင်လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ အမှန်တရားသူရဲကောင်းတွေပါ။ ဒီသူရဲကောင်းတွေကို လက်နက်ကိုင်တဲ့လူတွေနဲ့ အာဏာပိုင်တဲ့လူတွေက သဘောကျခဲလှပါတယ်။ ဒါကြောင့်လည်း စာနယ်ဇင်းသမားတွေဟာ အာဏာရှိသူ လက်နက်ရှိသူတွေရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းတွေအထိ တစ်ဖက်သတ် အနိုင်ကျင့်ခံကြရပါတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းသမိုင်းကို ပြန်ကြည့်ရင် ခေတ်အဆက်ဆက် အာဏာပိုင်တွေဟာ စာနယ်ဇင်းသမားတွေကို ဥပဒေနဲ့တစ်မျိုး၊ ဥပဒေမဲ့တစ်မျိုး၊ လစ်ရင်လစ်သလို ဗိုလ်ကျတတ်ပါတယ်။ ဒီဒဏ်ကို စာနယ်ဇင်းသမားတွေ ခံခဲ့ရပါတယ်။ ဒီဒဏ်ကို ကမ္ဘာ့အဆင့်ရှိတဲ့ မြန်မာ့စာနယ်ဇင်းသမားတွေတောင် မလွတ်ခဲ့ပါဘူး။ ကမ္ဘာ့ရွှေကလောင်ဆုရတဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း၊ ဟံသာဝတီဦးဝင်းတင်တို့လည်း ဒီဒဏ်ကို ခံခဲ့ရပါတယ်။ သတင်းစာဆရာကြီး ဗမာ့ခေတ်ဦးအုန်းခင်တို့လည်း မလွတ်ခဲ့ပါဘူး။
ဒါပေမဲ့ ခေတ်အဆက်ဆက် စာနယ်ဇင်းသမားတွေဟာ ဒီလိုညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချလုပ်ခဲ့ပေမယ့် အမှန်တရားအတွက် ဘယ်တော့မှ မင်မကုန်တဲ့ကလောင်တွေနဲ့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ယနေ့ခေတ်အထိလို ဒီလိုဒေါင်ဒေါင်မြည် ထိတ်ထိတ်ကြဲ သတ္တိခဲစာနယ်ဇင်းသမားတွေကို တွေ့နိုင်ပါသေးတယ်။ တစ်ခါတစ်ရံမှာတော့ အာဏာပိုင်တွေဟာ သူတို့ရဲ့ မတရားတဲ့လုပ်ရပ်တွေ၊ ဗိုလ်ကျတဲ့ကိစ္စတွေကို စေ့စေ့တွေးရေးရေးပေါ်ပြီး သတင်းသမားတွေအပေါ် ပြစ်မှားကျူးလွန်ခဲ့တာတွေကို ပြန်လည်တောင်းပန်ခဲ့တာတွေ ရှိပါတယ်။ အပြစ်ရှိတာကို အပြစ်မှန်းသိပြီး တောင်းပန်တာ မင်္ဂလာတစ်ပါးဖြစ်ပေမယ့် ဒီလိုကိစ္စဟာ ဖြစ်ခေါင့်ဖြစ်ခဲကိစ္စပါ။ အဲဒီ ဖြစ်ခေါင့်ဖြစ်ခဲကိစ္စလေးကိုပဲ ပြန်လည်တင်ပြလိုက်ပါတယ်။
ဒီကိစ္စမှာ မတရားခံလိုက်ရတဲ့ သတင်းစာဆရာကတော့ လူထုချစ်တဲ့ လူထုဦးလှပါ။ ကြီးပွားရေးဦးလှလို့လည်း ခေါ်ပါတယ်။ လူထုဦးလှကို ရုပ်ကော၊ စိတ်ကောလှတဲ့ လူလို့ သူနဲ့ခေတ်ပြိုင် စာနယ်ဇင်းသမားတွေက မှတ်တမ်းပြုကြပါတယ်။ ခုနပြောခဲ့တဲ့ လူထုဦးလှဆိုတဲ့ သတင်းစာဆရာကြီးကို မတရားဖမ်းဆီးထောင်ချခဲ့တာ မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဦးနုပါ။ ဦးနုဆိုတဲ့ ပုဂ္ဂိုလ်ကလည်း နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ သူ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ချိန်မှာ အသက် ၄၀ ကျော်ကျော်လေးပဲ ရှိပါသေးတယ်။ ခန့်ညားတည်ကြည်တဲ့ ဥပဓိရုပ်၊ ချိုသာပျော့ပျောင်းတဲ့စကား၊ မာန်မာနကင်းစင်တဲ့ နိဝါတတရားတွေကြောင့် ဦးနုကို လူတော်တော်များများက ချစ်ကြပါတယ်။ ဒါပေမဲ့ မင်းလိုလိုက်၊ မင်းကြိုက်ဆောင်တဲ့ လူတွေနဲ့ ချွန်တွန်းပင့်မေးခွန်းတွေကြောင့် လူထုဦးလှကို ဦးနုထောင်ချခဲ့ပါတယ်။ ဒါပေမဲ့ ဦးနု ခံစားခဲ့ရပါတယ်။ သူ ပုဒ်မ (၅) နဲ့ ထောင်ချခဲ့တဲ့ ဦးလှဟာ တကယ့် လူကောင်းသူကောင်းကြီးပါ။ဒါကြောင့် သူ့အမှားကို နောင်တတရားနဲ့အတူ အောက်ပါအတိုင်း တောင်းပန်ခဲ့ကြောင်း ပြည်ထောင်စုလမ်းသွယ်က ဦးနု ဆောင်းပါးမှာ ဖတ်ရှုခဲ့ရပါတယ်။စာဖတ်သူတွေ ဒီဆောင်းပါးလေးကို ဖတ်မိရင် စာရေးသူလိုပဲ တစ်စုံတစ်ခုတော့ ခံစားရပါလိမ့်မယ်။ ဆောင်းပါးမှာ-
“ကိုလှ လာရင် ပြောဖို့ဆိုပြီး ကျွန်တော်က ဒီလိုစိတ်ကူးထားတယ်။ ကိုလှရေ ကိုလှဒုက္ခရောက်အောင် ကျွန်တော်လုပ်ခဲ့တဲ့အပြစ်ဟာ မသေးပါဘူး။ အင်မတန်ကြီးမားပါတယ်။ ကျွန်တော် ၀မ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ် အစရှိတဲ့ စကားတွေကို ပြောရုံမျှနဲ့ ကျေအေးလောက်တဲ့ အပြစ်မဟုတ်ပါဘူး။ ကိုလှသာ ကျွန်တော့်ထက်ကြီးရင် ကျွန်တော်က ကိုလှကို ထိုင်ပြီး ရှိခိုးတောင်းပန်ရမယ့်အပြစ်မျိုး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အနူးအညွတ်တောင်းပန်ပါရစေ။ အပြစ်တွေရှိသမျှ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ သံသရာကြီးဟာ အင်မတန်ရှည်လျားလှပါတယ်။ သိန်းနဲ့သန်းနဲ့ ကုဋေနဲ့ချီပြီး များပြားလှတဲ့ ဘ၀ပေါင်းများစွာမှာ အခုလိုပဲ ကိုလှအပေါ် ကျူးလွန်စော်ကားမိတဲ့အပြစ်တွေ အမြောက်အမြား ကျွန်တော့်မှာရှိပါလိမ့်မယ်။ အဲဒီအပြစ်တွေကလည်း ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။ ဒီသံသရာကြီးတစ်လျှောက်မှာ ကိုလှက ကျွန်တော့်အပေါ်မှာ ကျူးလွန်ခဲ့မိတဲ့အပြစ်တွေရှိရင်လည်း ကျွန်တော်က ကိုလှကို ခွင့်လွှတ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါတယ်။ ကိုလှဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေကို လျင်မြန်စွာရပြီး အိုနာသေကွဲ အစရှိတဲ့ သံသရာဝဋ်ဆင်းရဲအပေါင်းတို့ ရဲ့ချုပ်ရာငြိမ်းရာကုန်ရာဖြစ်တဲ့ နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေ ဆိုတဲ့စကားတွေကို ကိုလှနဲ့ နောက်တစ်ခေါက်တွေ့ရင်ပြောဖို့ဆိုပြီး ကျွန်တော် စိတ်ကူးပါတယ်။ ဒါပေမဲ့ ကျွန်တော် သတ္တိကြောင်နေတဲ့အတွက် တပ်ခါမျှပြောမထွက်ဖြစ်ဘူး။ ကြာလာတော့ ဒီစကားတွေကို ကျွန်တော်အလွတ်ရတဲ့အထိ ဖြစ်လာပါတယ်။
အဲ့ဒီလို အချိန်တွေကုန်လာလိုက်တာ ကိုလှ အနိစ္စမရောက်ခင်၊ တစ်လ၊ နှစ်လအ လိုမှာထင်တယ်။ ကျွန်တော် မန္တလေးကို တစ်ခေါက်ရောက်သွားပြန်တယ်။ ကျွန်တော်ပြန်မယ့်နေ့မှာ ကျွန်တော့်ကို လိုက်ပို့ကြတဲ့ မိတ်ဆွေတွေကို နှုတ်ဆက်ရင်း မီးရထားဘူတာရုံရဲ့ထောင့်တစ်ထောင့် ခပ်လှမ်းလှမ်းမှာ ကိုလှရပ်နေတာကို ဖျတ်ခနဲ ကျွန်တော်တွေ့လိုက်ရတယ်။ အဲ့ဒီလိုတွေ့ရတာနဲ့ တစ်ပြိုင်နက် ဒီကနေ့တော့ ဘာပဲဖြစ်ဖြစ် ကိုလှရဲ့အကြွေးကို အတင်းဆပ်ရမယ်လို့ ဆုံးဖြတ်ပြီး ကိုလှဆီကို ကျွန်တော်ခပ်သုတ်သုတ် လျှောက်သွားတယ်။ အနားရောက်တာနဲ့ တစ်ပြိုင်နက် အထက်နားကဖော်ပြခဲ့တဲ့စကားတွေကို တစ်လုံးပြီးတစ်လုံး အထစ်အငေါ့မရှိဘဲ ကိုလှရဲ့အကြွေးတွေကို ကျွန်တော်အတင်းပြန်ဆပ်တာပဲ။ ကိုလှလည်း စကားစတော့ အံ့အားသင့်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။ နောက်မှ သတိရပြီး ကျွန်တော်သင်ပုန်းချေပြီးပါပြီ ကိုကြီးနု။ ဒါတွေကို ပြောမနေပါနဲ့ ကိုကြီးနု။ ကျွန်တော် ခွင့်လွှတ်ပါတယ်။ ကျွန်တော်သည်းခံပါတယ်။ မပြောပါနဲ့တော့ကိုကြီးနု အစရှိတဲ့ ပြတ်တောင်းပြတ်တောင်းထွက်လာတဲ့ စကားပြတ်လေးတွေကိုပြောရင်း နောက်ကို တဖြည်းဖြည်းဆုတ်သွားတယ်။ ကျွန်တော်လည်း စကားမဖြတ်ဘူး။ ကျွန်တော်စိတ်ကူးထားတဲ့ စကားတွေကို အတင်းပြောလိုက်တာပဲ။ ကိုလှဟာ တဖြည်းဖြည်းနောက်ဆုတ်ရင်း ရထားဘူတာရဲ့လူပြတ်တဲ့နေရာကနေ လူစည်ကားတဲ့နေရာဆီ ရောက်သွားတယ်။ ကျွန်တော်ပြောနေတာ တစ်ဝက်လောက်ရောက်တော့ ကျွန်တော့်နောက်နားက လူတစ်ယောက်က ကိုကြီးနု ရထားထွက်တော့မယ်။ မီးရထားပေါ် မြန်မြန်တက်ပါလို့ အော်ပြီး သတိပေးတာကြားရတဲ့အခါ သူ့ကို လှည့်မကြည့်ဘဲ စိတ်တိုတိုနဲ့ ထွက်ထွက်လို့ လက်ယမ်းပြလိုက်တယ်။ ကျွန်တော်လည်းပြောချင်တဲ့စကားကို ပြောနေလိုက်တာ ပြောချင်သမျှ ကို ပြောပြီးမှပဲ ရပ်တော့တယ်။ ပြောပြီးတာနဲ့ ကိုလှကို လက်ဆွဲနှုတ်ဆက် တခြားမိတ်ဆွေတွေကို လက်ပြပြီး ထွက်ပြေးနေတဲ့ မီးရထားအပေါ် ပြေးတက်သွားပါတယ်။
မိတ်ဆွေကြီးကိုလှဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ထူးခြားလျင်မြန်စွာရရှိပြီး နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုနိုင်ပါစေလို့ ဆောင်းပါးမှာ ရေးသားတောင်းပန်ထားပါတယ်။ ဒီဆောင်းပါးကို ဖတ်ရခြင်းကြောင့် သတင်းစာဆရာကြီး လူထုဦးလှရဲ့ ခွင့်လွှတ်နိုင်တဲ့ သူတော်ကောင်းစိတ်၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုရဲ့ အမှားကို အမှားမှန်းသိပြီး ကိုယ့်အမှားကိုဝန်ခံရဲတဲ့ အမှန်တရားလိုလားတဲ့ နိဝါတစိတ်တွေကို တွေ့မြင်ရမှာဖြစ်ပါ တယ်။ နှောင်းလူတွေအနေနဲ့လည်း လူထုဦးလှနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ရဲ့ အပြန်အလှန်ခွင့်လွှတ်ခြင်းတွေကို သင်ခန်းစာယူပြီး ဘ၀ခရီးကို ရိုးသားစွာလျှောက်ရင်း နိဗ္ဗာန်ခရီးကို ဆက်နိုင်မယ်ဆိုရင်ဖြင့်။
http://news-eleven.com/
No comments :
Post a Comment