လောကရဲ့အကြောင်းအရာတွေကို ငယ်စဉ်ကသိတဲ့အသိနဲ့ အသက်အရွယ်ရလာတဲ့အခါမှာ သိတဲ့အသိတွေ ဟာ အချို့အရာတွေမှာ မတူကွဲပြား ခြားနားနေတာကို တွေ့ရပါတယ်၊
ငယ်စဉ်က သိခဲ့တဲ့အကြောင်းတွေဟာ အရိုးစွဲနေခဲ့ပြီ၊ ငယ်ရွယ်သူတွေဟာ အများအားဖြင့် အဝါရောင်လေးမြင်ပြီဆိုရင် ဒါဟာ ရွှေပဲ လို့ ထင်နေတတ်ကြလို့ပါပဲ။
လူကြီးတွေရဲ့ ပြောလိုက်တဲ့စကားအပေါ်မှာ မှားတာပဲဖြစ်စေ၊မှန်တာပဲဖြစ်စေ၊ ဆုတ်ကိုင်စွဲမှတ် ထားတတ်ကြတယ်။ ဒါဟာ အရွယ်မမယ်ကလေးငယ်တွေရဲ့သဘာဝပါပဲ။
တစ်နေ့ စာရေးသူထံသို့ လူရွယ်တစ်ယောက် ရောက်ရှိလာကာ ဝတ်ပြုအပြီး…ထိုလူရွယ်က..
“အရှင်ဘုရား…မြန်မာလူမျိုးများအကြား မကြာခဏဆိုသလို ပြောဆိုလေ့ရှိကြတဲ့ သိုက် နဲ့စပ်ပြီး ဘုရားသိုက်၊နဂါးသိုက်၊ ဥစ္စာစောင့်သိုက် ဆိုပြီး အမျိုးမျိုး ကြားဖူးပါတယ်ဘုရား။ သိုက် မှာရှိတဲ့သူများဟာ နောင် ပွင့်တော်မူမဲ့ အရိမေတ္တယျဘုရားအား လှူမည့်ဥစ္စာရွှေငွေများ ကို စောင့်နေကြတယ်၊ နောက်ဘုရားပွင့်မှ ကျွတ်တန်းဝင်ကြမယ် လို့ကြားဖူးပါတယ်ဘုရား။ ပြီးတော့ ရှေးလူကြီးများ အလှူလုပ်ရင် ‘သိုက်’ တွေဆီက အိုးခွက် ပုဂံများ ငှားလို့ရတယ် လို့ တပည့်တော်ကြားဖူးပါတယ်ဘုရား၊ တပည့်တော်သိချင်တာက ဥစ္စာစောင့်များ တကယ်ရှိတယ်ဆိုရင် ဘယ်ဘုံဘဝထဲမှာ ပါနိုင်သလဲဆိုတာ သိချင်ပါတယ်ဘုရား”…. လို့ လျှောက်ထားလာပါတယ်။
ထိုလူရွယ်ရဲ့စကား ကြားရတဲ့အခါ စာရေးသူငယ်ရွယ်စဉ်က သိမှတ်ခဲ့ရတဲ့အကြောင်းအရာတွေ ကို ပြန်လည်အမှတ်ရမိပါတော့တယ်။
နေထိုင်ကြီးပြင်းခဲ့ရာ ဇာတိရွာရဲ့ မြောက်ဖက်စူးစူးမှာ ရှည်လျားတဲ့သဘာဝကျောက်တောင်ကြီး တစ်ခုရှိပါတယ်။ ထိုကျောက်တောင်ကြီးရဲ့ အောက်ချေမှာ သဘာဝလှိုဏ်ဂူများရှိပါတယ်၊
ထိုလှိုဏ်ဂူများမှာ ပုဂံခွက်များ ငှားရမ်းယူလို့ရတယ်။ ငှားရမ်းတဲ့အခါ တစ်ရက်ကြိုတင်ပြီး လှိုဏ်ဂူရှိရာသွားကာ ဖယောင်းတိုင်မီးထွန်းညှိပြီး ပုဂံဘယ်နှစ်ချပ်လိုချင်ကြောင်း ပြောထားရပါတယ်။
နောက်တစ်ရက်မှာတော့ အဆိုပါလှိုဏ်ဂူထဲသွားပြီး ပုဂံများကို အဆင်သင့်သွားယူရုံပါပဲ၊ မိမိကိစ္စပြီးလို့ ပြန်ပို့တဲ့အခါ မှန်မှန်ကန်ကန် ပြန်ပို့ရပါတယ်၊
လူတွေက လောဘဇောတက်ပြီး ပုဂံအကောင်းနဲ့ အကွဲများလဲကာ ပြန်ပို့ကြတဲ့အတွက် နောက်ပိုင်းမှာ ငှားရမ်းလို့ မရနိုင်တော့ပါ၊ အဲဒီမှာ ပုဂံ ငှားရမ်းပေးတဲ့သူတွေက ဥစ္စာစောင့်တွေ ဖြစ်တယ်၊ဥစ္စာစောင့်တွေဟာ ပြိတ္တာတွေဖြစ်တယ် လို့ လူကြီးများ ပြောဆိုသံကို စာရေးသူ ငယ်စဉ်က ကြားခဲ့ဖူးပါတယ်။
အခုလည်း ထိုလူရွယ်လေးရဲ့စကားကြားရတဲ့အခါမှာ စာရေးသူတို့ ငယ်ငယ်ကသိတဲ့အကြောင်းနဲ့ ထပ်တူ ဖြစ်နေတဲ့အတွက် မတွေးဘဲ မနေနိုင်တော့ပါ။ ဥစ္စာစောင့်ဆိုတာတွေဟာ မကောင်းဆိုး ဝါးတွေဖြစ်မယ်လို့ ငယ်စဉ်က ထင်မှတ်ခဲ့ပါတယ်။
ထိုဥစ္စာစောင့်နဲ့စပ်လို့ နတ်ဆယ်မျိုးရှိတယ်။
(၁)ဝိဇ္ဇာဓိုရ်နတ်၊
(၂) နတ်ပြည်တန်ဆာမ၊
(၃) နတ်ဘီလူး၊
(၄)ရက္ခိုသ်နတ်၊
(၅) နတ်သီချင်းသည်၊
(၆) ကိန္နရာ၊
(၇) မြေဘုတ်ဘီလူး၊
(၈) ဥစ္စာစောင့်နတ်၊
(၉) သိဒ္ဓနတ်၊
(၁၀) ဘူတနတ် တို့ဖြစ်ကြတယ်။
ထိုနတ် ဆယ်မျိုးထဲမှာ ဥစ္စာစောင့်နတ်ပါဝင် နေတဲ့အတွက်ကြောင့် ဥစ္စာစောင့်ဟာ နတ်အမျိုးအနွယ်ထဲမှာ အကျုံးဝင်တယ်လို့ ပြထားပါတယ်။ (အမရ/၁/၁၁) (ပခုက္ကူအဘိဓာန်နိဿယ/၁၉)
တစ်ခါ လောကမှာ အပါယ်ဘုံသားမဟုတ်တဲ့ ပြိတ္တာများ ရှိတယ် လို့ ပြောရင် ရုတ်တရက်စာချစ်သူများ အံ့သြပြီး ယုံကြည်နိုင်လိမ့်မယ်မထင်ပါ။
တကယ်တန်း ပြောရရင် ဥစ္စာစောင့်နတ်တွေဟာ ဝိနိပါတိကအသုရာ လို့ခေါ်တဲ့ ဝေမာနိကပြိတ္တာအမျိုးအစားထဲမှာ ပါဝင်ကောင်း ပါဝင်နိုင်တယ် လို့ ယူဆမိပါတယ်။
ဘာကြောင့်ဆိုရင်…
မြတ်စွာဘုရားပွင့်မီ အနှစ် ၇၀၀ကျော်က သာဝတ္ထိမြို့ရဲ့မနီးမဝေး ရွာတစ်ရွာမှာနေတဲ့ လူငယ်တစ်ဦးဟာ ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းစတာတွေ နဲ့ ပြုစုလုပ်ကျွေးခဲ့ဖူးတယ်။ ထိုလူငယ်ဟာ အရွယ်ရောက်တဲ့အခါမှာ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ထိမ်းမြားတယ်။ လက်ထပ်တဲ့နေ့မှာပဲ သူငယ်ချင်းများ နဲ့အတူ ရေချိုးဖို့ရာ မြစ်ဆိပ်ကို သွားရာက မြွေကိုက်ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။ ထိုလူရွယ်ဟာ ပစ္စေကဗုဒ္ဓါကို ပြုစုလုပ်ကျွေးဖူးတဲ့ ကုသိုလ်ရှိသော်လဲ သေတဲ့အခါ လက်မထပ်လိုက်ရတဲ့ အမျိုးသမီးအပေါ် စွဲလန်းတဲ့စိတ်နဲ့သေဆုံးသွားတဲ့အတွက် ပြိတ္တာဘဝ ရောက်ခဲ့ရတယ်။
ထိုပြိတ္တာဟာ ကုသိုလ်အရှိန်ကြောင့် တန်ခိုးကြီးမားတယ်လို့ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်သာရောက် လာရတယ်။ အမျိုးသမီးကို စွဲလန်းတဲ့စိတ်က မပျောက်နိုင်ခဲ့ပါ။တစ်နေ့မှာ သူ့ရဲ့တန်းခိုးနဲ့ အမျိုးသမီးလေးကို ကုသိုလ်ပြုလုပ်ခိုင်းပြီး သူ့ရဲဗိမာန်သို့ ဆောင်ယူခဲ့တယ်။ ကျန်ခဲ့တဲ့ အမျိုးသမီးရဲ့ မိခင်ကြီးကိုလဲ အိုးခွက်နဲ့အပြည့် ရွှေငွေတို့ကို ပေးခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ ချစ်သူဖြစ်တဲ့နတ်ပြိတ္တာနဲ့အတူ အနှစ် ၇၀၀-ပတ်လုံး အတူနေပေါင်းသင်းနေထိုင်လာခဲ့တယ်။ အနှစ် ၇၀၀ နေထိုင်ပြီးနောက်တော့ ငြီးငွေ့တဲ့အတွက် လူ့ပြည်ပြန်ခွင့်တောင်းရာ နတ်ပြိတ္တာကလဲ လူ့ပြည်ကို ချောမောစွာ ပြန်လည်ပို့ဆောင်ပေးပါတယ်။ ရောက်တယ်ဆိုရင်ပဲ ထိုအမျိုးသမီးဟာ ချက်ခြင်းအိုမင်းရင့်ရော်တဲ့အသွင်ဖြစ်သွားပါတယ်။ ကုသိုလ်ကောင်း မှု ၇-ရက်တိုင်တိုင်ပြုလုပ်ပြီးတဲ့အခါမှာတော့ ထိုအမျိုးသမီးဟာ ကွယ်လွန်ခဲ့ရပါတယ်။
ဒီနေရာမှာ လူ့အဖြစ်နဲ့ နတ်ပြိတ္တာတွေဆီမှာ အနှစ် ၇၀၀ နေထိုင်ပြီး အမြဲတမ်း နုပျိုနေတယ်ဆိုတာဟာ နတ်မှာဖြစ်တဲ့ ဥတုအာဟာရတို့က ထောက်ပံ့လို့လဲဖြစ်သလို ကံရဲ့အာနုဘော်ကြောင့်လည်း နုပျိုလန်း ဆန်းနေတာပါ။ ထိုအမျိုးသမီး လူ့ပြည်ပြန်ရောက်လာတဲ့ အခါမှာတော့ လူတို့ရဲ့ ဥတု အာဟာရအစွမ်းတွေကြောင့် အိုမင်းသွားရတာဖြစ်ကြောင်း အဋ္ဌကထာမှာ ပြဆိုထားပါတယ်။ (သုတ္တပေတဝတ္ထုဝဏ္ဏနာ။ ပေတ၊ဋ္ဌ၊၁၃၅)
အဋ္ဌကထာလာ ထိုအဖြစ်အပျက်မှာ လူငယ်တဖြစ်လဲ ပြိတ္တာဟာ ရိုးရိုးသာမာန် ပြိတ္တာမဟုတ်ပါ၊ ကုသိုလ်အရှိန်အဟုန်ကြောင့် တန်ခိုးကြီးတဲ့ နတ်ပြိတ္တာဖြစ်ခဲ့ရတယ်။ ဖေါ်ပြပါ ပြိတ္တာမျိုးဟာ ပြိတ္တာလို့ ခေါ်ဝေါ်တယ်ဆိုပေမဲ့ အပါယ်ဘုံသား ပြိတ္တာများမဟုတ်ကြပဲ စတုမဟာရာဇ်ဘုံက ဝိနိပါတိက အသုရာလို့ ခေါ်တဲ့ ဝေမာနိကပြိတ္တာများဖြစ်တယ်ဆိုတာပါပဲ။
အပါယ်ဘုံမှာ အကျုံးဝင်တဲ့ငရဲ၊ပြိတ္တာ၊ တိရစ္ဆာန်စတာတွေဟာ ပဋိသန္ဓေကတည်းက အကုသလဝိပါက် အဟိတ်ပဋိသန္ဓေ နေခဲ့ကြသူများ ဖြစ်တယ်။
ဘုရားရှင်လက်ထက်တော်အခါက သုစိလောမဘီလူး၊ ခရလောမဘီလူး၊ ပိယင်္ကရမာတာ၊ ဥတ္တရမာတာ၊ ဖုဿမိတ္တာ၊ ဓမ္မဂုတ္တာစတဲ့
အချို့ မြေဘုတ်ဘီလူးပြိတ္တာမများကျတော့ သုဂတိ အဟိတ်၊ ဒွိဟိတ်၊ တိဟိတ် ပဋိသန္ဓေ နေခဲ့ကြတယ်။ ထိုပြိတ္တာမျိုးကိုတော့ အပါယ်ဘုံက ပြိတ္တာလို့ မခေါ်ရတော့။ ပြိတ္တာဖြစ်ပေမဲ့ သုဂတိအဟိတ်စတဲ့ ပဋိသန္ဓေနေလာခဲ့သူများဖြစ်တဲ့အတွက် စတုမဟာရာဇ်ဘုံထဲမှာ အကျုံးဝင်သွားပါတယ်။
ဒါပေမဲ့ စတုမဟာရာဇ်နတ်များလောက်တော့ တန်ခိုးကြီးမားခြင်းမရှိပါဘူး။ တိဟိတ်ပဋိသန္ဓေနေခဲ့ရတဲ့ အဆိုပါ ဝေမာနိကပြိတ္တာများဟာ ဥပနိဿယရှိရင် မဂ်ဖိုလ်တောင်ရောက်နိုင်ပါတယ်။ ဒီအကြောင်း ကို ပြောပြပါဦးမယ်။
အခါတစ်ပါး ဘုရားရှင်ကိုယ်တော်မြတ်ဟာ ဆွမ်းဘုဉ်းပေးတော်မူပြီးတဲ့နောက် လူအပေါင်းအား တရားဟောတော်မူတယ်။ လူအများတရားနာပြီး ပြန်သွားတဲ့အခါမှာ ရေချိုး အိမ်မှာ ရေသပ္ပါယ်တော် မူပါတယ်။ ပြီးတဲ့အခါ ဂန္ဓကုဋိပရဝုဏ်အတွင်း ခင်းထားတဲ့ ဘုရားရှင်တို့ရဲ့နေရာမှာ ရှေ့လောကဓာတ်ကို ကြည့်ရှုတော်မူပြီး ထိုင်နေတော်မူပါတယ်။အဲဒီအချိန်မှာ တစ်ပါးတည်းနေကာတရား ကျင့်သုံးသူ ၊ နှစ်ပါးအတူနေကာ တရားကျင့်သုံးသူ၊ ပံသုကူဓူတင်ဆောင်ရဟန်းစတဲ့ ရဟန်းတော်များဟာ ဘုရားရှင်ထံ လာရောက်ဦးချကန်တော့ကြတယ်။ ထိုရဟန်းတော်တို့ရဲ့အလိုကို သိတော်မူတဲ့ဘုရားရှင်က ရဟန်းတော်များ အား တရားဟောကြားတော်မူပါတယ်။
ထိုခိုက် ဇေတဝန်ကျောင်းတော်အနောက်ဖက် တံတိုင်းအပြင်အနားတစ်ဝိုက်မှာ ဘီလူးမတစ်ယောက်ဟာ သားနဲ့သမီးတို့ကို လက်ဆွဲကာ ကျင်ကြီးကျင်ငယ် တံတွေး၊ နှပ်စတဲ့အညစ်ကြေးတွေကို ဝမ်းစားရေးအတွက် လိုက်လံရှာဖွေရင်း ဇေတဝန်ကျောင်းတော်ရဲ့ တံခါးမုခ်ဦးအနီးရောက်ရှိလာ ပါတယ်။ ဒီဘီလူးပြိတ္တာမ ရဲ့နာမည်က ပုနဗ္ဗသုမာတာ(ဥတ္တရမာတာ) လို့ခေါ်ပါတယ်။
ထိုအခါ ဘုရားရှင်က အရှင်အာနန္ဒာအား သပိတ်၊ သင်္ကန်းတို့ကို ယူခဲ့ပြီး စားကြွင်းစားတို့ကို ပေးလှူပါတော့ လို့ မိန့်တော်မူတယ်။ ဘုရားရှင်ရဲ့အသံတော်ဟာ သာမာန်မိန့်တော်မူတဲ့အခါမှာ ဆယ့်နှစ်တောင်အတွင်းသာ ကြားကြရတယ်။
တရားဟောတော်မူတဲ့အသံတော်ဟာ စကြာဝဠာအဆုံးတိုင်အောင် ပရိသတ်ထိုင်နေရင်လဲ ပရိသတ်အစွန်တိုင်အောင် သွားတယ်။
ဒါပေမဲ့ တရားတော်ရဲ့အသံတော်ဟာ တရားနာပရိသတ် ရဲ့အပြင်ဘက်ကိုတော့ လက်တစ်သစ်မျှတောင်မရောက်ပါ။
ပုနဗ္ဗသုမာတာမြေဘုတ်ဘီလူးမဟာ ကျောင်းဝင်းအတွင်း ငြိမ်သက်နေတဲ့ပရိသတ်ကိုမြင်တဲ့အခါ အစာရေစာ များ ရနိုင်လောက်တယ် ဆိုတဲ့မှတ်ထင်မှုနဲ့ ဇေတဝန်ကျောင်းတော်အတွင်း ဝင်ရောက်လာခဲ့တယ်။ ထိုအခါ ကျောင်းထဲဝင်လာတဲ့ ကြမ်းတဲ့ဘီးလူးစတာတွေကို တားမြစ်ဖို့အတွက် တံခါးမုခ်စောင့်နေတဲ့ တံခါးစောင့်နတ်က ပုနဗ္ဗသုမာတာမြေဘုတ်ဘီလူးမရဲ့ ဥပဿနိယကို သိတဲ့အတွက် တားမြစ်ခြင်းမပြုခဲ့ဘူး လို့ စာကဆိုပါတယ်။
ပရိသတ်အတွင်းသို့ ရောက်ရှိလာတဲ့ မြေဘုတ်ဘီလူးမ သားအမိဟာ ဘုရားရှင်ရဲ့ ချိုမြိန်တဲ့ တရားအသံတော်ကို ကြားရတဲ့အခါ ရိုးတွင်းခြင်ဆီတိုင်အောင် စိမ့်ဝင်သွားပါတယ်။ ဒါနဲ့ မြေဘုတ်ဘီလူးမ လည်း ငြိမ်သက်စွာ နေပြီး မြတ်စွာဘုရားတရားတော်ကို နာယူနေလိုက်တယ်။
မွတ်သိပ်ဆာလောင်နေပြီဖြစ်တဲ့ကလေးနှစ်ယောက်က
“အမေ…ဒီနေရာမှာ ဘာကြောင့် ရပ်ပြီးငြိမ်နေရတာ လဲ၊ သားတို့ကို စားစရာတွေ ရှာပေးလေအမေရဲ့” လို့ ထပ်ကာထပ်ကာ ပြောလာရာ မြေဘုတ်ဘီလူးမက “သားတို့သမီးတို့…..မဆူနဲ့နော်၊ ဒီမှာ အမေလေ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မတွေကို နာယူနေတယ်။ တရားနာယူနေတဲ့အချိန်မှာ သားတို့ တိတ်တိတ်လေးနေကြနော်၊ အမေတို့ တရားကို နာယူလို့ ရှိရင် အခုလိုဆင်းရဲတွေက လွတ်နိုင်တယ်။ သားတို့လည်း ငြိမ်ငြိမ်လေးနေပြီး မြတ်စွာဘုရားဟောတော် မူနေတဲ့တရားကို ရိုရိုသေသေ နာယူကြနော်”
အဲဒီလိုပြောပြီး မြေဘုတ်ဘီလူးမတို့သားအမိတို့ဟာ ဘုရားရှင်ဟောကြားတော်မူတဲ့ သစ္စာလေးပါး တရားတော်ကို နာကြားရတဲ့တွက် မိခင်မြေဘုတ်ဘီလူးမနဲ့ သားဖြစ်သူ ပုနဗ္ဗသုတို့ သောတာပတ္တိမဂ်ဖိုလ် တည်ကုန်ကြပါတယ်။
သမီးဖြစ်သူ ဥတ္တရာလေးကတော့ ဥပနိဿယရှိပေမဲ့လို့ အရွယ်ငယ်လွန်းတဲ့အတွက် တရားတော်ကို နာယူဖို့ မစွမ်းနိုင်သေးပါ။ (သဂါထာဝဂ္ဂသံယုတ်၊ဋ္ဌ၊၁၊၂၈၃)
ထိုအဖြစ်အပျက်မှာ မြေဘုတ်ဘီလူးပြိတ္တာမဟာ အသွင်သန္တာန် အားဖြင့် ဆိုးဝါးလှပြီး ကျင်ကြီးကျင်ငယ်၊နှပ်၊တံတွေးစတဲ့အညစ်အကြေး တို့ကို ရှာဖွေစားသောက်ရတဲ့ သူတွေဖြစ်တယ်။ ဒါပေမဲ့ ပဋိသန္ဓေက အဟိတ်ပဋိသန္ဓေမဟုတ်ဘဲ၊ တိဟိတ် ပဋိသန္ဓေနေသူများဖြစ်ကြတဲ့အတွက် စတုမဟာရာဇ်ဘုံ ထဲ စာရင်းဝင်ပါတယ်။ဒါကြောင့် ထိုမြေဘုတ်ဘီလူးပြိတ္တာမတွေကို အပါယ်ဘုံသားမဟုတ်တဲ့ ပြိတ္တာများ လို့ ဆိုရတာပါ။
အချုပ်ဆိုရရင် ဥစ္စာစောင့်ဆိုတာလဲ နတ်ဆယ်မျိုးအနက်မှ နတ်တစ်မျိုးဖြစ်တယ်လို့ ဆိုထားပြန်ရာ ထိုဥစ္စာစောင့်များလည်း အပါယ်ဘုံက ပြိတ္တာမဟုတ်နိုင်ရာ၊ စတုမဟာရာဇ်ဘုံစာရင်းဝင်ဖြစ်နိုင်တယ်လို့ ယူဆရပါကြောင်း ပြောကြားရင်း……..

No comments :
Post a Comment