.

AlinShin

Tuesday, January 29, 2013

ကျွန်တော်နဲ့ ကျွန့်တော့ဘ၀အစိတ်အပိုင်းတွေကို ချပြခြင်း(သို့)ထမင်းပန်းချီ

Tuesday, January 29, 2013


ကျွန်တော်ဖြတ်သန်းခဲ့တဲ့နိုင်ငံက ကမ္ဘာပေါ်မှာရာသီမှန်နိုင်ငံ၊ ကျွန်တော့ရဲ့မိခင်ဖခင်များက လူမှန်၊ ကျွန်တော်ချက်မြုတ်ခဲ့တဲနေရာကနေရာ ယဉ်ကျေးမှုသိုသိပ့်တဲ့နေရာ၊ အင်း . . . အကောင်းတွေချည်း ပါလားလို့တော့ ဆင်ခြေမတွန်းနဲ့ အဲဒီနိုင်ငံလေးကို အုပ်ချုပ်ခဲ့တဲ့ အဆက်ဆက်သောခေါင်းဆောင် ဆိုသူတွေကတော့ ဗိုလ်ချုပ်နေ၀င်းကစလို့ အခုတိုင်အောင်ကို အယုတ်တရမာစစ်စစ်တွေပါ . . . .
ကဲ . . . ကျွန်တော်မှတ်မိတာကတော့ ၁၉၈၈- ခုနှစ်ကနေ အခုစာရေးချိန် ၂၀၁၃-ခုနှစ်(၁)လပိုင်း(၁၃) ရက်နေ့အထိပါပဲ။ ကျွန်တော့ဘ၀နဲ့ဆက်ဆက်နေတဲ့ ကျွန်တော်နိုင်ငံလေးဟာ နောင်သောကာလ ဖြစ်သော ဆယ်စုနှစ်မှာ ဘာတွေဆက်ဖြစ်ဦးမယ်ဆိုတာ မတွေးတက်မပြောတက်အောင်ပါပဲဆိုတာ 
ထက် မတွေးဝံ့စရာတွေကများနေတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ လက်တစ်ဆုတ် စာသော ခရိုနီလူချမ်းသာများ အာဏာရူးများမှလွဲ၍ ကျွန်တော်နဲ့တကွသန်းပေါင်းများစွာသော သူနိုင်ငံသားများဟာ အမျိုးမျိုးသော ဆင်းရဲဒုက္ခများနဲ့ရင်းနှီး စွာနေလာခဲ့ရပါတယ်။ ကျွန်တော်အပါအ၀င်သန်းပေါင်းများစွာသော မြန်မာနိုင်ငံသူနိုင်ငံသားများဟာ ဘာသာတိုင်းလူမျိုးတိုင်းလိုလို တကယ့်ဝမ်းတွင်းပညာများကင်းမဲ့နေကြပါတယ်။ လူငယ်များအတွက် နေ့စဉ်သင်ကြားရသော ပညာရေးဆိုတာ ကြက်တူရွှေးစာသင်နည်းသာသာပဲရှိပါတယ်။ ဒီအတွက်
ကြောင့် ကျွန်တော်တို့ဟာ လူဘောင်ကောင်းစားရေးဆိုတဲ့စကားလုံးကို ဘာသာမပြန်နိုင်တဲ့အပြင်  နိုင်ငံရေးဆိုတာ ငါတို့ရဲ့ စားဝတ်နေရေးပါလားဆိုတာလည်း သဘောမပေါက်ခဲ့။
မြန်မာပြည်ရဲ့စီးပွားရေးစနစ်မှာ အာဏာရူးများနဲ့ပလဲနာမသင့်ကြသော ခရိုနီများဟာ ကမ္ဘာသူဌေးကြီး 
များနဲ့ ယဉ်ပေါင်တန်းလာနိုင်ငံခဲ့ကြသလို ဗိုလ်ချုပ်ကြီးများဟာလည်း ကမ္ဘာ့သန်းကြွယ်သူဌေးကြီးများ ဖြစ်သွားကြပါတယ်။ ဒါကိုသိခဲ့ရတဲ့ ကျွန်တော်ဟာ  ̏စေတနာတစ်ကျပ်သား̋ ဆိုတဲ့ကဗျာလေးကို ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော့ရင်ဘတ်ဟာ ဘယ်လောက်တောင်နာကျင်ခဲ့ရသလဲ . . . ဆရာဝန်ဟာ ရောဂါကိုချစ်ကြောက်နာကျင်သလို အာဏာရူးများခရိုနီများရဲ့လုပ်ရပ်တွေကို ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရ ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်ခံစားခဲ့ရသောဒါဏ်ရာများကို စေတနာတစ်ကျပ်သားအဖြစ် စာရွက်ပေါ်မှာ 
အခုလို သွန်ချခဲ့ရပါတယ်။

စေတနာတစ်ကျပ်သား

ဟေ့ ကောင်
စက္ကူပေါ်က
သင်္ကတတစ်ခုကို
ဈေးကောင်းရရုံနဲ့ ဘီလျှံနာလို့ လက်မထောင်ရဲလား။

မင်းသိထားရမှာက
ပလပ်ဖေါင်းနားက
ကျောက်ခဲသလဲတွေကို
ကုလားဖန်ထိုးနိုင်မှ တကယ် သူဌေး။

အေး . . .  ဒါ့ကြောင့်
ကွန်ပျူတာပျက်ရင် . . . . ပြင်မယ်။
ဘီယာဆိုင်ကို . . . ပုစ္ဆာတွက်မယ်။
အဆင့်မသင့်ရင် . . . ဆိုက္ကားနင်းမယ်။
အိုးတိုက်ဖွဲပြာရောင်းမယ်။
ကျမ်းစာအုပ်တွေဖတ်မယ်။
နောက် . . . 
စေတနာတစ်ကျပ်သားကို ငါရေးတဲ့ကဗျာထဲ ထည့်ရေးမယ်။

ကျွန်တော်ဟာ ဒီလိုနဲ့ မြန်မာနိုင်ငံက လူဖြစ်ခွင့်ဆိုတာ အခုလို ကဗျာရေးရင်းဆဲဆိုနေတက်တဲ့အကျင့် တစ်ခုရရုံပါပဲလား? မြန်မာနိုင်ငံမှာရှိတဲ့ ကလောင်သူရဲကောင်းများဟာ မိမိတို့ရဲ့ရင်ဘတ်တွေကို သက် တောင့်သက်သာဖြစ်စေဖို့ အာဏာရူးများနဲ့ခရိုနီများကို ကလောင်ကိုဆွဲကိုင်ကာ ကိုယ်စွမ်းနိုင်တဲ့နေ ရာကနေ နဲ့တိုက်ခိုက်ကြ ကဗျာနဲတိုက်ခိုက်ကြ ဆေင်းပါးနဲ့တိုက်ခိုက်ကြ နောက်ဆုံး ရုပ်ရှင်ဂီတပညာ ရှင်များကလည်း မိမိတို့ဝါသနာပါတက်စွမ်းသောဘာသာရပ်တွေနဲ့ ထိုးနှက်တိုက်ခိုက်ကြပါတယ်။
သန်းပေါင်းများစွာသောပြည်သူလူထုကြီးဟာ ငါနဲ့ငါ့မိသားစု ထမင်းနပ်မှန်ဖို့အရေးကိုသာနံနက်ည စဉ်း စားနေကြရတာမို့လည်း ပညာ၊သဘာ၊အာဘာ၊နတ္ထိ၊ ဆိုတာကို ပို၍နားဝေးခဲ့ပါတယ်။ လူငယ်များ အတွက်နေ့စဉ်သင်ကြားရေးဟာ ဓမ္မဆိုသော လူ့ကိုယ်ကျင့်တရားများနဲ့ ဝေးသထက်ဝေးစေပြီး အဓမ္မ ဆိုသော သူယုတ်သူကန်းတရားတွေနဲ့သာရင်းနှီးတိုက်စားစေတဲ့ ရပ်တည်နေရေးကိုသာသင်ကြားနေ သကဲ့ဖြစ်နေပါတယ်။
ဒါ့ကြောင့်ပဲ ယဉ်ကျေးသောကျွန်တော်တို့နိုင်ငံနဲ့လူမျိုးတွေကို သေနတ်နဲ့ချိန်းခြောက်အုပ်ချုပ်နိုင်သော အဓမ္မ၀ါဒီများအဖြစ် အစဉ်အဆက်ခေါင်းဆောင်တွေပေါ်ပေါက်လာခဲ့ကြပါတယ်။ ထိုကဲ့သို့ သေနတ် ကိုင်ကာ မိမိတို့ဟာ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရမယ့်သူလို့သတိမထားမိဘဲ ခေါင်း ဆောင်ရဲ့အမိန့်ကိုသာနာခံရမယ့်သူအဖြစ်သာနားလည်လွယ်နေပါတယ်။ အဲဒီလောက်ကိုပင် ကိုယ်ပိုင် အတွေးအခေါ်များ ညံ့ဖျင်းရလေအောင် ကျောင်းနေပညာရေးစနစ်စုံလုံးကန်းစေခဲ့ပါတယ်။ အဲဒီလိုနဲ့  အခုလိုကြာလာတော့ သူတို့ဟာ သူရဲဘောကြောင်သူများလို့ သတိမထားမိကြဘဲ ကိုင်ခွင့်ရသော သူတို့ဟာ သူရဲကောင်းများသာဖြစ်တယ်လို့လည်း သူတို့ကိုသူတို့ယုံကြည်နေကြပါတယ်။ ဒီလိုစနစ်ကို စတင် အကောင်အထည်ဖေါ်ပေးခဲ့သော အများသိကြတဲ့ ဗိုလ်ချုပ်နေ၀င်းပေါ့။ အဲဒီလိုဦးနေ၀င်းဟာ အရှည်သဖြင့်မြန်မာနိုင်ငံမှာ သူ့အာဏာတည်မြဲနိုင်ရေးအတွက် စာသင်ကျောင်းကနေစပြီးပညာ ရေးစနစ်ကို ဖျက်ဆီးခဲ့ပါတယ်။
နောက်ဆုံးတော့ ဦးနှောက်အတွင်းမှာအသိပညာတွေ ဆိတ်သုန်းလာခဲ့ကြရသလို ၀မ်းတွင်းမှာပါ အဟာရကင်းမဲ့လာခဲ့ကြပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ (၁၉၈၈)မှာဆိုရင် ဆန်စပါးပေါများပါတယ် ဆို တဲ့နေရာတွေမှာပါ ထမင်းငတ်လာခဲ့ကြပါတယ်။ စပ်စပ်မိလို့ကိုယ်တိုင်မြင်တွေ့ကြားသိခဲ့ရပုံလေးကို ပြောချင်ပါသေးတယ်။
အတိအကျဆိုရရင် ဆန်စပါးပေါများပါသည်ဆိုသော မြစ်ဝကျွန်းပေါ်က လယ်ယာမြေစပ်မှာ ဆောက် ထားတဲ့ အိမ်လေးတစ်အိမ်မှာပေါ့။ အဲလိုအိမ်လေးတွေဆောက်ကာ နေထိုင်ကြသော လယ်ကူလီ သမားများပင်ဖြစ်ပါတယ်။ တစ်နေ့တော့ သူတို့နေတဲ့ရွာလေးကို ကျွန်တော် ကိစ္စတစ်ခုနဲ့ရောက်သွား ပါတယ်။ ကျွန်တော်နဲ့အတူ ကျွန်တော့အမတစ်ယောက်လဲပါပါ သေးတယ်။ ထိုရွာလေးကိုရောက်သွား ချိန်က နေ့လည်(၁၂)နာရီဝန်းကျင်မို့ ကျွန်တော်တို့ရောက်သွား တဲ့အိမ်လေးမှာ ရောက်တယ်ဆိုရင်ပဲ ထမင်းဝိုင်းနဲ့တိုးပါတော့တယ်။
ထမင်းဝိုင်းလေးမှာ ဒန်အိုးဖုံးအကြီးထဲမှာ တို့စရာခေါ် အသီးအနှံများနဲ့ ငြုပ်သီးမှုန့်လှော်အများအပြား ထည့်ထားတဲ့ ငပိရည်ခွက်ကြီးဟာ နေပူထဲမောမောနဲ့လာသော ကျွန်တော်ရဲင်ထဲကို ဆိုင်းမဆင့်ဗုံမပါ ၀င်ရောက်လာပါတော့တယ်။
အိမ်ရှင်မိတ်ဆွေက . . .
 ̏ဟေ့ လာကြကွ၊ ထမင်းပွဲနဲ့တည့်တည့်တိုးတော့တာပဲ ထမင်းဝင်စားကြကွာ။̋
လို့ ထမင်းဝါးနေရင်း အားရှိပါးရှိနဲ့အော်ပြောလိုက်တဲ့ အသံဟာ ကျွန်တော့အတွက် သူတို့ထမင်းဝိုင်း ကိုဝင်နွဲလိုက်ချင်စိတ် ပိုပေါက်လာပါတယ်။
တကယ်တော့လဲ သူတို့လိုနွမ်းပါးသောအိမ်ကလေးမှာ ကျွန်တော်စားဖို့ရန်ထမင်းတစ်ပန်းကန်ဟာ အတော်ကိုကြီးလေးတယ်ဆိုတာနားလည်ပြီးသားဖြစ်တဲ့ကျွန်တော်ဟာ . . .
̏စားပြီးမှထွက်လာတာ . . . ဗျာ။̋ ̏ဘယ်စားနိုင်မှာလည်း . . ရေနွေးပဲသောက်မယ်။̋̋̋
လို့ ယုတ္တိရှိရှိမှင်သေသေနဲ့ပြန်ပြောခဲ့ပါတယ်။ သူတို့ကလည်းပြောပြောဆိုဆို အလွန်မတန်မြန် ရည်ရှက်ရည်နဲ့ကို အားရှိပါးရှိထမင်းစားနေကြသော်လည်း ဟင်းဆိုလို့ သူတို့ထမင်းဝိုင်းမှာ ပုံရိပ်ရောင် တောင်မတွေ့ရပါဘူး။ တို့စရာဆိုတာကလည်း ဈေးကနေ၀ယ်ထားတဲ့ အလွန်အဖိုးတန်သော အသီးအနှံအရွက်အပွင့်များမဟုတ်ပါဘူး။ ခြံစည်းရိုးနဲ့ လယ်ယာ ကန်သင်းရိုးမှာအလေ့ကျပေါက်နေတဲ့ အသီးအရွက်များပါ။ ဒါကို သက်သက်ရပ်ရပ်နဲ့ပြုတ်ထားတဲ့ ပူပူနွေးနွေးတို့စရာနဲ့ မိုးအခါက ချောင်း မြောင်းလယ်ယာထဲက ငါးနှုတ်ငါးဖွဲများကို စဥ့်အိုးနဲ့သိပ့် လုပ်ထားတဲ့လက်ဖြစ် ငါးပိရည်ကြို ပူပူနွေး နွေးပါ။ ဒါ့အပြင် ထမင်းဆိုတာကလည်း သူတို့စားနေလို့သာ ထမင်းလို့ပြောရလောက်တဲ့ နီသလို လိုမည်းသလို၊နီကြောင်ကြောင်ဆန်ကျိုးဆန်ကြေတွေသာသာပါပဲ။ ဒါကိုပဲ သူတို့မှာ ခေါင်းမဖေါ်နိုင် အောင်ကိုပဲ စားနေကြတာပါ။
အဲ . . . သူတို့အတော်ကလေးဝမ်းတင်းလာပြီဆိုတော့ လက်နှေးလာကြသလို တို့စရာပန်ကန်ထဲက ခြံ စည်းရိုးဟင်းလျှာများကလည်း တစ်မျိုးလျှင်တစ်ပင်စနှစ်ပင်စလောက်ပဲကျန်ရုံသာရှိသလို ငြုပ်သီးကို လှော်ပြီး ထောင်းထားတဲ့ မိုးရာသီချောင်းပေါက်မြောက်ပေါက်က ငါးနှုတ်ငါးဖွဲဟင်းလျှာငါးပိရည် ပန်း ကန်ကြီးဟာလည်း ဇွန်းအဖွေးသားပေါ်နေပါပြီ။
ဒီတော့မှပဲ ရေးနွေးကြမ်းပူပူခါးခါးကို မှုန့်သောက်နေကြသော ကျွန်တော်တို့မောင်နှမနှစ်ယောက်ဘက် ကိုလှည့်ကာ အခုလိုစကားလှမ်းပြောလိုက်ပါတယ်။
̏̏ဒီနှစ်ကတော့ တို့ရွာမှာလူတိုင်းဒုက္ခရောက်ကြတယ်ကွာ။̋ ̏မင်းတို့ကတော့ မြို့ပေါ်နေလို့ဘယ်သိကြမ လည်း။̋  ̏̏တို့ရွာမှာ ဓလေ့အသစ်တစ်ခုပေါ်လာတယ်ကွာ။̋ ̏ အခုလိုထမင်းစားချိန်နီးလို့ ခရီးသွားဟန်လွဲ တစ်အိမ်အနီး တစ်အိမ်ရောက်ခဲ့ရင်. . .̏ ဟေ့ . . . မင်းတို့အိမ် ဘာဟင်းချက်လဲကွ̋ အဲလိုမေးလို့မရ တော့ဘူး။̋
အိမ်ရှင်ဟာထမင်းစားနေရင်း အခုလိုကျွန်တော်ကိုပြောလိုက်တော့ ဟင် . . . ထူးဆန်းတဲ့ အကြောင်း အရာတော့သိရတော့မယ်ဆိုပြီး သူပြောမယ့်စကားကို စိတ်ဝင်စားပါတယ်ဆိုတဲ့အကြည်နဲ့ ကျွန်တော် အရမ်းသိလိုကြောင်း အကြည့်အထာလှမ်းပေးလိုက်ပါတယ်။ ကျွန်တော့်အကြည့်အထာကို သိလို့လား သူကိုယ်တိုင်ကပဲ တကယ်ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတော့ရွာတွေရဲ့အဖြစ်အပျက်ကို ပြောချင်လို့ပဲ လားမသိ တကယ့်ကိုအသံအပြည့်မာန်အပြည့်နဲ့အခုလိုဆက်ပြောပါတယ်။
̏ဒီနှစ်ကတော့ တို့ရွာမှာ ထမင်းစားချိန်ရောက်ရင် ဘာဟင်းချက်လဲလို့မမေးရတော့ဘူးကွ။ မေးစရာ မလိုတော့ဘူး။ ̏̏ဟေ့ . . . ဒီနေ့ မင်းတို့အိမ် ဇွန်းလား . . . လက်လား . . . . ကွ။ လို့ပဲမေးရတယ်။̋
ကျွန်တော်စိတ်ဝင်စားပါတယ်ဆိုသော သူ့စကားဟာ ပိုစိတ်ဝင်စားစရာကောင်းလာသလို စကားစု အသစ်အဆန်းတွေလဲပါလာတယ်။ ကျွန်တော်ကအတွေး (thinking) သမားလေ။ ကျွန်တော် သိလို တာတွေဟာ ပိုဇာတ်ရှိုန်တက်လာပါတယ်။ ̏ဇွန်းလား . . . လက်လား̋ . . . . ဒီစကား လုံးများရဲ့အဓိပ္ပါယ်ဟာ တန်ကြေးရှိကြောင်းသိလိုက်ပါပြီ။ ဒါ့ကြောင့်ပဲ ကျွန်တော်ဟာ သောက်လက် စရေးနွေးကြမ်းပန်းကန် နှုတ်ခန်းပဲ့လေးကိုအသာချပြီး သူ့ကိုသာကြည့်နေမိပါတယ်။
̏ဒီလိုကွ . . . အခုရွာတိုင်းမှာ လယ်သမားကြီးများတောင် ဆန်ကနပ်မမှန်ချင်တော့ဘူးကွ။̋ ̏ တို့လို လယ်ယာမရှိတဲ့ ကူလီကပ်ပါးစာရင်းငှားတွေက ပိုစိုးတော့တာပေါ့ကွာ။̋   ̏ ဒါ့ကြောင့် အခုလိုထမင်း စာချန်ရောက်ရင် ဆန်ကွဲကိုထမင်း အဖြစ်ချက်စားရဖို့တောင် ခဲယင်းသွားတယ်။̋ ̏ဆန်နို့ဆီဘူး တစ်ဝက်လောက်ကိုပြုတ်ပြီးသောက်ရတယ်လေ။̋ ̏အဲဒီတော့ ဆန်ပြုတ်သောက်သလား ထမ်းစားရ သလားဆိုတာကိုပဲမေးရတယ်။̋  ̏ဆန်ကွဲ ထမင်းတောင်နပ်မမှန်တော့တဲ့အခြေအနေမျိုးမှာ ဘာဟင်းချက် လည်းလို့ မမေးကောင်းမမေးအပ်တော့ဘဲ ဆန်ပြုတ်သောက်ရသလားဆိုတဲ့မေးခွန်းကို . . . ဇွန်းလား? ဆန်ကွဲထမင်းစားရသလားဆိုတဲ့မေးခွန်းကို . . . လက်လား ? အဲလိုပဲမေးကြရတော့တယ်ကွာ။̋
အခုလို သူ့စကားဆုံးတော့မှပဲ ကျွန်တော်ဟာ ဟင်း . . . ဆိုတဲ့သက်ပြင်းရှည်ကို အားပါပါဆွဲရင်းက ကျွန်တောရင်ဘတ်မှာ အနာမျိုးစေ့တွေအညှောင့်ထွက်ခဲ့ရပါတယ်။
အာဏာရူးနေ၀င်းရဲ့စနက်ဟာ ကျွန်တော်တို့သန်းများစွာသောလူထုတွေအတွက် ဦးနှောက်အဟာရ တွေ . . . ၀မ်းအဟာရတွေ ချို့တဲ့လွန်းမကချို့တဲ့ကာ ရှုတ်တွတွန့်ကြေခဲ့ကြရပါပြီ။ အခုဆိုကျွန်တော့ အသက်ကို သေမင်းက ထက်ဝက်ယူနေတဲ့အချိန်မှာတောင် အာဏာရူးနေ၀င်းရဲ့ လုပ်ဇာတ်ကြီးကို အာဏာရူးသန်းရွှေက လုံးလုံးလျားလျားလက်မလွှတ်သေးဘဲ စစ်ရေခွံဒီမိုကရေစီကိုမြန်မာပြည်သူပြည် သားတွေအား ခွေးငတ်ကိုအမဲရိုးကျွေးသကဲ့သို့ ကိုယ့်အာရေနဲ့ကိုခံတွင်းလိုက်ခိုင်းနေဆဲပါ။
ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်ဆိုတာကလည်း အဖာပေါင်းသောင်းခြောက်ထောင်ကို ဖာထေးနေရတဲ့ လက်ချုပ်သမားလို ဒီတစ်ပေါက်မှမပြီးသေးနောက်ထပ်အပေါက်တွေကတစ်ပုံတစ်ပင် ကြီးနဲ့ဆိုသလို . . . ရခိုင်အရေး . .  လက်ပတောင်းအရေး . . ကချင်အရေး . . .ခင်ရွှေတို့သိမ်းထားတဲ့ လယ်ယာမြေအရေး . . . စသည်ဖြင့် အပေါက်ပေါင်းသောင်းခြောက်ထောင်ကို သူတစ်ယောက်ထဲ ဘယ်လိုဖြေရှင်းမလဲ ? သူ့ကိုတောင် ကျွန်တော်တို့ ကရုဏာသက်နေရပါပြီ။ သူ့မှာလည်း ဟိုဘက်က အပေါက်ပြေးဖာလိုက် ဒီဘက်ကအပေါက်ပြေးပိတ်လိုက်နဲ့ အရိုးအရည်ပဲကျန်တော့တယ်။
ကျွန်တော်ဟာ နိုင်ငံရေးနဲ့ပတ်သက်လာရင် ငအတစ်ယောက်ပါ။ သို့သော်လည်း အခုလိုဖြစ်အောင် စစ်ရေခွံဒီမိုကရေစီမှာ ပြည်သူတွေစိတ်လက်မအေးရအောင် ဒေါ်အောင်ဆန်းစုကြည်ကို ̏ဟိုအပင်ဒီ အပင်ကူးမြောက်ကြီးဖင်ကောင်းကျယ်̋ ဖြစ်ရအောင် ဒီအာဏာရူးတွေပဲ ကုလားဖန်ထိုးနေတယ်လို့ ထင်မြင်ယူဆပါတယ်။
ကျွန်တော်ဒီလောက်ပဲ နားလည်တယ်။ ကျွန်တော်ပိုနားလည်နေတာကတော့ သန်းပေါင်းများစွာသော ပြည်သူပြည်သားတွေ ဦးနှောက်တွေငတ်နေတယ် . . . ကိုယ်ခန္ဓာတွေငတ်နေတယ် . . . ။ ဒါကိုပဲ ကျွန်တော်သိတယ်။ ဒီအတွက်ပဲ ကျွန်တော်စဉ်းစားနေတယ်။ ဘယ်လောက်အထိစဉ်းစားမိလဲဆိုတာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပတ္တိကိုဖတ်လိုက်ရတော့မှပဲ . . . သြော် . . . ငါစဉ်းစားမိတာ တွေကို သူတို့ကအရင် စဉ်းစားခဲ့တာပါလား?
ဒါတွေကိုတော့ ကျနော်အကျယ်ချဲ့မပြောလိုတော့ပါဘူးဗျာ။ ပြောချင်တာကတော့ ကျွန်တော့ရင်ဘတ် မှာငယ်ငယ်က ထိမှန်ထားခဲ့တဲ့ ̏ဇွန်းလား . . . လက်လား . . .ပဲ။̋  ဒီဒါဏ်ရာစိမ်းစိမ်းကြီးဟာ ဘယ်တော့ မှာ မကျက်ခဲ့သလို အနာဆွေးအနာမြုံကြီးအဖြစ်သာဖြစ်တည်လာခဲ့ရပါတယ်။
သြော် . . . ဇွန်းလား . . . လက်လား . . . . ငါတို့ပြည်သူတွေဟာ ထမင်းအစား ဇွန်းဖြစ်လာခဲ့ရတယ်။ ထမင်းနဲ့ ဟင်းဆိုတဲ့ ထမင်းပန်ကန်ဟင်းပန်းကန်လေးတစ်ချပ်ဟာ ငါတို့ပြည်သူပြည်သားတွေအတွက် နံရံကပ်ပန်းချီတစ်ချပ်တောင်ဖြစ်နေပါရော့ . . . . လား။ ဆိုတဲ့ အနာစိမ်းဟာ အခုလို ထမင်းပန်းချီ ဆိုတဲ့ကဗျာလေးဖြစ်ခဲ့ရပါတယ်။
ဒီကဗျာကိုကျွန်တော် စစ်အာဏာရူးတွေရဲ့လက်ချက်နဲ့ထောင်မကျခင် လပိုင်းအလိုကြမှ ချရေးဖြစ်ခဲ့ တယ်ဆိုပေမယ့် ကျွန်တော့ရင်ဘတ်ထဲမှာရေးဖြစ်ခဲ့တာကတော့(၁၉၈၈)ခုနှစ်လောက်ကတည်းကပါ။ အဲဒီလို ကဗျာကလည်းအိုခဲ့ကြာခဲ့ပြီဖြစ်သလို ကျွန်တော့ရင်ဘတ်အနာကလည်း ကြာခဲ့အိုခဲ့ပါပြီဗျာ။ အ ခုဆိုရင် အမြဲတမ်း ရေဒီယိုလေးနဲ့ ညတိုင်း ဘီဘီစီသတင်းနားထောင်တက်တဲ့ ကျွန်တော့်အဖေ . . . ဒီမိုကရေစီကိုလိုချင်လွန်းလို့ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးချစ်ခင်ကြည်ညိုလေးစားခဲ့တဲ့ကျွန် တော့အဖေ ကျွန်တော်ရဲ့ချက်မြုတ်မြို့လေးမှာ အရိုးဆွေးနေလောက်ပါပြီ။
အဖေသာရှိခဲ့ရင် သူလိုချင်သောဒီမိုကရေစီနဲ့ . . . သူနှမလေးတစ်ယောက်လိုချစ်ရပါသောဒေါ်အောင် ဆန်းစုကြည်ကို ကမ္ဘာကပေးသော သူတော်ကောင်းတို့သာရအပ်သော၊သူရဲကောင်းတို့နဲ့သာထိုက် တန်သော ဘွဲတံဆိပ်တွေရဲ့အကြောင်းကို ရွာရိုးကိုးပေါက်လှည့်ကာပြောပေဦးတော့မယ်။ နောက်ပြီး . . . သူ့ရင်ဘက်ပွား ကျွန်တော်ဟာ ခိုးဆိုးလုယက်တိုက်ခိုကခဲ့လို့ ထောင်ကျခံခဲ့ရတာမဟုတ်ဘဲ အမျိုးဘာသာသာသနာကိုချစ်တဲ့စိတ်ကြောင့် ထောင်ကျခဲ့ကြောင်းနဲ့ . . . . ကျွန်တော့်ရင်ဘတ်ထဲက အာဏာရူးတွေကို တိုက်ခိုက်လိုတဲ့အကြောင်းကို အဖေပြောနေမှာသေချာပါတယ် . . . . ဒီလိုပါပဲ ကျွန်တော်ဘက်ကလည်းအဖေ့ကို . . . အဖေသာရှိရင်ပြောချင်သေးတာက အဖေကြည်ညိုလေးစား မြတ်နိုးကိုးကွယ်အားထားရပါသော ဗုဒ္ဓမြတ်စွာဘဂ၀ါရဲ့ သားတော်တွေအသတ်ခံရတယ် . . .  ထောင်သွင်း အကျဉ်းကျခံရတယ် . . . လက်ပံတောင်းတောင်မှာ သံဃာတော်တွေ မီးရှို့အသတ် ခံရတယ် . . . . ဆိုတဲ့အကြောင်းနဲ့ ထမင်းပန်းချီကို အခုလို ဆွဲပြလိုက်ချင်တယ်။
င်းန်းချီ
င့ါကို . . . သေအောင်သတ်ပေးရင်
အသက်ရှုသံတွေပေးပါမယ်။
သွေးကွက်
ကျောက်ချထားတဲ့
မျက်လုံးရာတွေကြိုကည့်ပါဦး   ………။

တစ်ချို့က
ငရဲလမ်းကိုစဖေါက်နေကြသလို
နေတစ်ခြမ်းကိုတောင်ဖဲ့စားကြသေးတယ်။

လထွက်လာရင်
တိုင်ပြောမယ်
နှင်းရည်တစ်စက်တောင်းသောက်မယ်။

အခုတော့  ……………
ဆာဆာနဲ့မျိုချလိုက်ရတာ
မီးတောက်ဆီကငရဲရည်တွေ။

ငါ့ ဦးနှောက်
သုံးခွက်တစ်ခွက်တင်က
ဈေးကွက်ပျောက်နေတုန်း
အသက်မထွက်ခင်တော့
ထမင်းပန်ချီပုံတူကိုဆွဲရမယ်။

ဟိုမှာလာနေပြီ . . . . .
ပုကွကွလက်အမည်းကြီးတစ်ချောင်း  ငါ့အသက်ရှုသံတွေလာယူတာတဲ့။

သေချာတာကတော့
မနက်ဖန်
ငါပြန်လာရဦးမယ်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget