.

Sunday, November 30, 2014

နိုင်ဂျီးရီးယား နိုင်ငံရှိ ဗလီတစ်ခုတွင် ဗုံးဖောက်ခွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူပေါင်း(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Unknown | 10:57 PM | Unknown | 10:57 PM |
Unknown | 10:57 PM | Best Blogger Tips

နိုင်ဂျီးရီးယား မြောက်ပိုင်းရှိ ကာနိုမြို့တွင် နိုဝင်ဘာ (၂၈)ရက်က ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ သေဆုံးခဲ့သလို နောက်ထပ် အသေအပျောက် ပမာဏ မြင့်တက်လာနိုင်ဆဲဟု ဆေးရုံမှ သူနာပြု တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားတွင် ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပြီး အစွန်းရောက် အစ္စလာမ်မစ် ပြောက်ကျားအဖွဲ့ ဘိုကိုဟာရမ်တို့သည် ယခင်က ဗုံးခွဲမှု၊ ပစ်ခတ်မှု အစရှိသည့် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့ဖူးသည်။ သို့သော်လည်း ဝတ်ပြုသူများ စည်ကားနေစဉ် ဗလီကို တိုက်ခိုက်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်ပြီးမူ မည်သည့် အဖွဲ့အစည်းကမျှ မိမိတို့၏ လက်ချက်ဟု ထုတ်ဖော် ကြေညာမှု မရှိသေးချေ။
“ကျွန်တော်တို့ ရေတွက်ပြီးတဲ့ အလောင်းအရေအတွက် (၁၀၉)ခု ရှိနေတယ်။ အဲဒါက မူတာလာ ဆေးရုံတစ်ခုတည်းက အရေအတွက်ကို ပြောတာပါ။ နာဆာရာဝါနဲ့ ဘမ်မယ်လီ ဆေးရုံတွေမှာ အခြေအနေ ဘယ်လိုလဲ မသိဘူး”ဟု မူတာလာ ဆေးရုံမှ သူနာပြု အီဘရာဟင်မ် ရှီဟူက ပြောကြားခဲ့သည်။
ကာနိုမြို့လယ်ရှိ ဗလီကြီးတွင် ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားပြီး တတိယ ပေါက်ကွဲမှုက ဝတ်ပြုသူများ အလယ်တွင် ဖြစ်ပွားခဲ့ခြင်းဟု မျက်မြင်တစ်ဦးဖြစ်သည့် ဆာမီနူဟာဆန်က ဆိုသည်။ “ကျွန်တော်တို့ အလောင်းတွေကို ဖယ်ရှားရင်း ဒဏ်ရာရတဲ့သူတွေ တွေ့တဲ့အခါ သုံးဘီးဆိုင်ကယ်တွေ၊ ဘတ်စ်ကားတွေပေါ် တင်ပြီးတော့ ဆေးရုံပို့ရတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် သေနတ်သမား အချို့ကလည်း ဝတ်ပြုသူများကို ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဒဏ်ရာရရှိသူ အရေအတွက်သည် (၄၀၀)ကျော်မျှ အနည်းဆုံးရှိကြောင်းလည်း သိရသည်။
အဘူဂျာခရိုင် အရေးပေါ် အခြေအနေ စီမံထိန်းချုပ်ရေး အေဂျင်စီမှ အီရှာယာ ချင်နိုကိုက မိမိတို့ အနေဖြင့် အသေအပျောက် အရေအတွက်ကို အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း ဝန်ခံသည်။ “လောလောဆယ်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေဆဲပါ။ ဒီလောက်ပဲ ပြောနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သည့် နိုက်ဂျီးရီးယား သမ္မတ ဂွတ်လက်ခ် ဂျိုနသန်က အဆိုပါ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး ရာဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရန် ကြိုးစားသွားမည်ဟု ကတိပြုခဲ့သည်။
“နိုင်ဂျီးရီးယားဟာ တစ်စုတစ်စည်းတည်း ညီညွတ်နေဆဲပါ။ ပြီးတော့ အားလုံးမှာ တူညီတဲ့ ရန်သူရှိပါတယ်”ဟု ဘိုကိုဟာရမ် အဖွဲ့ကို ရည်ညွှန်းပြီး သမ္မတက မိန့်ခွန်းပြောခဲ့သည်။ ၎င်းက “အစိုးရ အနေနဲ့ ဒီလိုမျိုး အကြမ်းဖက်မှုမှာ ပါဝင်တဲ့သူတွေ၊ ကြိုးကိုင်စီမံတဲ့သူတွေ အားလုံးကို ကြိုးစားဖော်ထုတ်ပြီး ထိုက်တန်တဲ့ တရားစီရင်မှုမျိုး လုပ်ဆောင်နိုင်အောင် ကြိုးစားပါမယ်”ဟုလည်း ဆိုသည်။
ဗလီအတွင်း၌ အစ္စလာမ် တရားဟောဆရာက ဝတ်ပြုသူများကို နှုတ်ဆက် စကားပြောနေချိန်တွင် ဗုံးများပေါက်ကွဲပြီး သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ ဖြစ်စဉ်အတွင်း အဆိုပါ သေနတ်သမားများအနက် အနည်းဆုံး သုံးဦး သေဆုံးခဲ့ကြောင်းလည်း မျက်မြင်များက ပြောကြားခဲ့သည်။
ဘိုကိုဟာရမ် တပ်ဖွဲ့ကို နိုင်ဂျီးရီးယား စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့်နောက် ပြီးခဲ့သည့်နှစ်မှစတင်ကာ ၎င်းတို့က အရပ်ဘက်နှင့် ဘာသာရေး ပစ်မှတ်များကို ပိုမိုဦးတည် အကြမ်းဖက်လာခဲ့သည်။ ဘိုကိုဟာရမ် အဖွဲ့သည် နိုင်ဂျီးရီးယားကို အစ္စလာမ် ဘာသာရေး စည်းမျဉ်းများဖြင့် အုပ်ချုပ်ရန် လိုလားနေသလို အနောက်တိုင်း ဘာသာရေးကိုလည်း အကြမ်းဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
_Ref: NY Daily
http://7daydaily.com/story/25940#.VHvrbiH4JUN

No comments :

Post a Comment

Twitter Bird Gadget