.

Monday, December 1, 2014

ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ်ပြန်လည်တည်ဆောက်ပေးရန် ဒေါက်တာအောင်ခင်ဆင့်ဆန္ဒပြမည်

Unknown | 11:58 PM | Unknown | 11:58 PM |
Unknown | 11:58 PM | Best Blogger Tips


 ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ် ပြန်လည်တည်ဆောက်ပေးရန် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမရှေ့၌ ဒေါက်တာ အောင်ခင်ဆင့်က တစ်ကိုယ်တော်ဆန္ဒပြ တောင်းဆိုမည်ဟု သိရသည်။

သမ္မတဦးသိန်းစိန် နိုဝင်ဘာ ၂၆ ရက် က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တက္ကသိုလ်များ၌ ကျောင်းသားသမဂ္ဂများ မဖြစ်မနေဖွဲ့စည်းခွင့်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်ရေးနှင့် ပညာရေးလွတ်လပ်ခွင့် မရှိမဖြစ်လိုအပ်သည်ကို အသိအမှတ်ပြုလက်ခံကြောင်း ပြောစကားများကို မီဒီယာများတွင် တွေ့မြင်ရပြီးနောက် ကျောင်းသားသမဂ္ဂအဆောက်အအုံအသစ် ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြတောင်းဆိုရန် စီစဉ်ရခြင်းဖြစ်ကြောင်း တစ်ကိုယ်တော်ဆန္ဒပြမည့် ဆရာဝန်ထံမှ သိရသည်။
“သမ္မတကြီးက ကျောင်းသားသမဂ္ဂအဖွဲ့အစည်းကို အသိအမှတ်ပြုလက်ခံကြောင်း တရားဝင်ပြောကြားခဲ့တာကို ကြားသိပြီးနောက်ပိုင်း ဝမ်းသာမိတယ်။ အဲဒီအတွက် ကျောင်းသားသမဂ္ဂတွေရဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုဖို့ စီစဉ်ရတာပါ။ ဆန္ဒမပြမီ ဒီဇင်ဘာ ၂ ရက်မှာလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိပါတယ်” ဟု ဆန္ဒပြမည့် ဒေါက်တာအောင်ခင်ဆင့်က ဒီဇင်ဘာ ၁ ရက်က ပြောကြားသည်။
ဒေါက်တာအောင်ခင်ဆင့်မှာ ကျောင်းသားသမဂ္ဂအသစ် ပြန်လည်တည်ဆောက်ပေးရေးအတွက် ၂၉ ရက်ထုတ် စံတော်ချိန်သတင်းစာတွင် “ကျွန်တော် တက္ကသိုလ်ကျောင်းသားသမဂ္ဂဆောက်လုပ်ရန် ၁ဝ သိန်း လှူဒါန်းပါရစေ” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ပြီး ယင်းဆောင်းပါးတွင် ကျောင်းသားသမဂ္ဂကို နိုင်ငံခြားသားများက ဖျက်ဆီးလိုက်တာမဟုတ်ဘဲ နိုင်ငံတော်အကြီးအကဲ မြန်မာလူမျိုးခေါင်းဆောင်ကြီး က တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို ရှက်စရာကောင်းလှသော အပြုအမူ၊ ရိုင်းစိုင်းလှသော လုပ်ဆောင်မှုဖြင့် ကိုယ်တိုင်နာမည်မဖော်ရဲပါတဲ့ လူရိုင်းကြီးအနေဖြင့် မိုင်းခွဲဖျက်ဆီးပြီးသွားခဲ့ပါပြီ။ ယခု ကျောင်းသားသမဂ္ဂအရေးပါကြောင်း သမ္မတကြီး ဦးသိန်းစိန်က မိန့်ကြားလိုက်စဉ်တွင် ကျွန်တော့်စိတ်ထဲ ပေါ်ပေါက်လာခဲ့တဲ့၊ မကြာခဏ စိတ်ထဲပေါ်ပေါ်နေတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ပြန်လည်အသစ်တည်ဆောက်ခွင့်သာ သမ္မတကြီးက ခွင့်ပြုမိန့်ချလိုက်မည်ဆိုပါက “ကျွန်တော် ငမွဲ အောင်ခင်ဆင့်က တတ်နိုင်သမျှသော ပိုက်ဆံလေး ၁ဝ သိန်းကို ရန်ကုန်ကျောင်းသားများသမဂ္ဂအဆောက်အအုံ တည်ဆောက်ရေးအတွက် လှူဒါန်းခွင့်ပြုပါရန် သမ္မတကြီးဦးသိန်းစိန်ထံ ရိုသေလေးစားစွာဖြင့် ခွင့်ပန်လိုက်ပါရစေ...”ဟု ရေးသားချက်အချို့ ပါဝင်ခဲ့သည်ကို တွေ့ရသည်။
ဆန္ဒပြရန်အတွက် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့်တင်ထားပြီး ယခုရက်ပိုင်းအတွင်း နေရာသတ်မှတ်ပေး၍ အကြောင်းပြန်ပေးမည်ဟု သက်ဆိုင်ရာက ပြောကြားထားသော်လည်း မည်သို့ပင်ဖြစ်စေ မြို့တော်ခန်းမရှေ့၌သာ ဆန္ဒပြမှုကို ပြုလုပ်သွားမည်ဟု ပြောကြားသည်။
- See more at: http://news-eleven.com/

No comments :

Post a Comment

Twitter Bird Gadget